အရည်အသွေးမြင့် မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်တွင် နေရာယူနိုင်ရေး

 

ပြင်ဦးလွင်၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီ အရည်အသွေး  အကဲဖြတ်ပြိုင်ပွဲတွင်  ထုတ်လုပ်မှုအမျိုး အစားအလိုက်    အဆင့်အမြင့်ဆုံး    ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုန်း၊ ပြင်ဦးလွင်နှင့် နောင်ချိုဒေသများ မှ ကော်ဖီလုပ်ငန်းရှင်များက ရရှိသွားကြသည်။ ပြိုင်ပွဲဝင် ကော်ဖီများ၏       အရည်အသွေး    အနံ့အရသာတို့ကို  နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုင်စင်ရ  ပြည်ပ ပညာရှင်၊ ပြည်တွင်းပညာရှင်များက   မြည်းစမ်းစိစစ်ရွေးချယ်ပေး ခဲ့ကြခြင်းဖြစ်ရာ ဆုရကော်ဖီများ၏ အရည်အသွေးများမှာ အဆင့်အမြင့်ဆုံးဖြစ်မည်မှာ   ယုံမှားဖွယ်ရာမရှိ    သေချာ မည်သာ ဖြစ်သည်။

 


ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် ရေနံသည် ရောင်းဝယ် မှု အများဆုံးကုန်စည်ဖြစ်ပြီး ဒုတိယအများဆုံးကုန်စည်မှာ ကော်ဖီ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ခန့်က ကော်ဖီကို စိုက်ပျိုးထုတ်လုပ်   တင်ပို့ရောင်းချလျက်ရှိရာ  အာရှမှ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အိန္ဒိယတို့လည်း ပါဝင်သည်။ ကမ္ဘာပေါ်တွင် ကော်ဖီပင်မျိုးရင်း   အများအပြား ရှိသော်လည်း  အာရေဘီကာ (Arabica)နှင့်  ရိုဘတ်စတာ (Robusta) မျိုးရင်း နှစ်မျိုးကိုသာ စိုက်ပျိုးထုတ်လုပ်ကြ သည်။   သို့ရာတွင်  အာရေဘီကာမျိုး၏ ရနံ့မွှေးကြိုင်မှုနှင့်  နူးညံ့မှုတို့ကြောင့်   ကမ္ဘာတွင်ရော    မြန်မာနိုင်ငံတွင်ပါ ကော်ဖီစိုက်   ဧရိယာစုစုပေါင်း၏  ၇၀ ရာခိုင်နှုန်းတွင် အာရေဘီကာကို   စိုက်ပျိုးကြကြောင်း  သတင်းအချက် အလက်များတွင် တွေ့ရှိရသည်။

 


ကော်ဖီသည် စိုက်ပျိုးသည့်  ရေ မြေ ရာသီဥတု  ပထဝီ အနေအထားတို့ကိုလိုက်၍  ကော်ဖီစေ့၏ အနံ့အရသာတို့ အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိရာ မြန်မာ့ကော်ဖီသည် လည်း  ကမ္ဘာ့ကော်ဖီဈေးကွက်တွင်  အမည်ကောင်း ရရှိ ထားပြီးဖြစ်သလို အရေးပါသည့် တန်ဖိုးမြင့် သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန်      နိုင်ငံတော်က     အားပေးဆောင်ရွက်လျက်ရှိသည်။  အရည်အသွေးမြင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိလာရေးအတွက် မြန်မာ့ကော်ဖီထုတ်လုပ်သူများ နှင့်  အဖွဲ့အစည်းများက  အားထုတ်ကြိုးပမ်းကြရာတွင် မြန်မာ့ကော်ဖီ၏    ကိုယ်ပိုင်ထူးခြားသည့်   အနံ့အရသာ တို့ကို သောက်သုံးသူများနှင့် ကမ္ဘာ့ဈေးကွက်က သိရှိလာ ရေးအတွက်   ဈေးကွက်မြှင့်တင်မှုဆိုင်ရာ   မဟာဗျူဟာ နည်းပညာများဖြင့်  အစီအစဉ် ချမှတ်ဆောင်ရွက်သွားကြရန် လိုအပ်ပြီး  မိမိတို့ထက်  ပိုမိုအင်အားကြီးမားသူများကို ယှဉ်ပြိုင်နိုင်ရန် စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် ကြရမည်ဟု ရှုမြင်မိသည်။

 


ကမ္ဘာ့လူဦးရေ၏ သုံးပုံ တစ်ပုံခန့်သည် ကော်ဖီစေ့ကို ကြိတ်၍   ထုတ်လုပ်သည့်    ကော်ဖီစစ်စစ်ကို   သောက်သုံး နေကြပြီး    ဆက်လက်၍လည်း   သောက်သုံးသူဦးရေ တိုးတက်လျက်ရှိရာ   အရည်အသွေးမြင့်  ကော်ဖီအတွက် ကမ္ဘာ့ဈေးကွက်တွင် နေရာရှားမည် မဟုတ်ပေ။ ကော်ဖီ ယဉ်ကျေးမှုသည် ၁၅ ရာစု အရှေ့ အာဖရိကနှင့် အာရေဗျ ကျွန်းဆွယ်တို့မှ စတင်ခဲ့ပြီး ၁၇ ရာစုတွင် ဥရောပတစ်လွှား သို့    ပျံ့နှံ့ခဲ့ကာ   ၂၀  ရာစုတွင်   အမေရိက၊   ၂၁  ရာစုတွင် အာရှသို့  ရောက်ရှိခဲ့ပြီဖြစ်ရာ   ကမ္ဘာ့ကော်ဖီဈေးကွက် ကြီးတွင်  မြန်မာ့ကော်ဖီသည်လည်း   တင့်တယ်ခမ်းနားစွာ နေရာယူနိုင်ပါစေကြောင်း။          ။