အရည်အသွေးပြည့်ဝသော တန်ဖိုးမြင့်ဝါ စိုက်ပျိုးထုတ်လုပ်နည်းများ

Type

စိုးမိုးဝင်း (စိုက်ပျိုးရေး)

ဝါသည် လူသားတို့၏ ဝတ်ရေးအတွက် အစဉ်အမြဲ လိုအပ်နေသော   စက်မှုကုန်ကြမ်းသီးနှံတစ်မျိုး ဖြစ်သည်။ ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် သာမန် စိုက်ပျိုးရုံမျှဖြင့် အရည်အသွေးပြည့်ဝသော တန်ဖိုး မြင့်ဝါများကို ထုတ်လုပ်နိုင်မည်မဟုတ်ပေ။ ဝါဂွမ်း သည်  အထည်အလိပ်ထုတ်လုပ်သူများအတွက် ကုန်ကြမ်းပစ္စည်းဖြစ်သည်။ အခြားသီးနှံထွက်ကုန် များကဲ့သို့ပင် ဝါသီးနှံကိုလည်း ရောင်းဝယ်မှုပြုလုပ် ရန်အတွက် အရည်အသွေးလက္ခဏာ   သတ်မှတ် ချက်များရှိသည်။
ဝါသီးနှံအရည်အသွေး
ဝါသီးနှံသည် သဘာဝထုတ်ကုန်နှင့်   ရာသီ ထုတ်ကုန်တစ်မျိုးဖြစ်သောကြောင့် ပင်ကိုအရည် အသွေးများဖြစ်သည့်  ဂွမ်းမွေး၏  အတိုအရှည်၊ ခိုင်ခံ့ခြင်း၊ ညီညာခြင်း၊ အရောင်အဆင်းကောင်းခြင်း စသည့် ဂွမ်းမွေးအဆင့်အတန်းများ၊ ဝါဂွမ်းအရည် အသွေးများ၊ သန့်ရှင်းမှုနှင့် ညစ်ညမ်းမှု၊ ဂွမ်းမွေး အရည်အသွေးတည်ငြိမ်မှုတို့သည်    မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ ဝါကောက်ခြင်းနှင့် ဝါဂွမ်းထုတ်ယူခြင်း အချက်များကြောင့်   များစွာပြောင်းလဲနိုင်သည်။ ထိုသို့သောပြောင်းလဲမှုများသည်    ဝါစိုက်ခင်းမှ နောက်ဆုံးထုတ်ကုန်ထုတ်လုပ်သည့် ဝါအထည် အလိပ်လုပ်ငန်း ကွင်းဆက်တစ်ခုလုံးရှိ ပြုပြင်မွမ်းမံ ထုတ်လုပ်ခြင်းစွမ်းဆောင်ရည်၊    ကုန်ကျစရိတ်၊ အရည်အသွေးနှင့်      အသုံးပြုမှုတို့အပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။ အရေးကြီးဆုံးမှာ အထုပ် အတွင်းရှိ  ဂွမ်းမွေးများသည် အရည်အသွေးတူညီပြီး ညစ်ညမ်းမှု သို့မဟုတ် အမှိုက်သရိုက် လုံးဝကင်းစင် ရမည်ဖြစ်သည်။
ဝါဂွမ်းမွေးအရည်အသွေးများသည်  အဓိက အားဖြင့် စိုက်ပျိုးသည့်မျိုး၊   ရေမြေရာသီဥတု အခြေ အနေနှင့် သီးနှံစိုက်ပျိုးမှုဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်း များအပေါ် မူတည်သည်။ မျိုးသည် အရေးအကြီးဆုံး သော အချက်ဖြစ်သည်။    မျိုးသည်    ဂွမ်းမွေး အရည်အသွေးလက္ခဏာရပ်များ အားလုံးနီးပါးကို ဆုံးဖြတ်ပေးသည်။ ပတ်ဝန်းကျင်သည်    ဝါမျိုး တစ်မျိုး၏   ဂွမ်းမွေးအရည်အသွေးထုတ်လုပ်နိုင်သော စွမ်းရည်ကို ကန့်သတ်နိုင်သည်။ ရာသီဥတု အခြေအနေများနှင့် စိုက်ပျိုးနည်းစနစ်များသည် ဂွမ်းမွေးအလျား၊ ရင့်ခြောက်မှုနှင့် ခိုင်ခံ့မှုတို့အတွက် အရေးကြီးသည်။ ဝါဂွမ်းအရည်အသွေးသည် ဝါသီး လုံးပွင့်သည့်နေ့တွင် အကောင်းဆုံးအနေအထား ဖြစ်သည်။ ထို့နောက်တွင်  ဝါ၏အရည်အသွေးကို မြှင့်တင်ရန် ဘာမျှမလုပ်နိုင်တော့ပေ။    သို့သော် နောက်ပိုင်းဆောင်ရွက်မှုအားလုံးသည် ဝါ၏အရည် အသွေးကို အဆိုးဆုံးအဖြစ် ပြောင်းလဲစေနိုင်သည် ကို သိထားရပါမည်။
ဝါဂွမ်း    အရည်အသွေး   ပိုကောင်းလေလေ ချည်မျှင်အရည်အသွေး ပိုကောင်းလေဖြစ်ပြီး ပြုပြင် မွမ်းမံထုတ်လုပ်သည့်စွမ်းရည် ပိုမိုမြင့်မားပါလိမ့် မည်။ ဝါဂွမ်းအရည်အသွေးများအနက်မှ ဂွမ်းမွေး အလျားသည် ချည်မျှင်ထုတ်လုပ်နိုင်သည့် စွမ်းရည် အပေါ် ကြီးမားစွာသက်ရောက်နိုင်သည်။ ဂွမ်းမွေး ရှည်လျှင် ချည်ချောဆွဲနိုင်၍ အထည်ချောရက်နိုင် သည်။ ဂွမ်းမွေးတိုလျှင် ချည်ကြမ်းကိုသာ ဆွဲနိုင် သည်။ ဂွမ်းမွေးအလျားကို အကြမ်းတိုင်းတာနည်းမှာ ဝါစေ့ကို အလယ်ဗဟိုထား၍ ဖွာထွက်နေသည့်အမျှင် များကို တိုင်းတာသည်။ ဝါကလေးနှင့် ဝါကြီးမျိုး တို့၏ ဂွမ်းမွေးသည် လက်မဝက်မှ   ခုနစ်လက်မ၊ ရှစ်လက်မအထိရှည်၍ ချည်မျှင်ရှည်ဝါ၏ ဂွမ်းမွေး သည်    တစ်လက်မမှ    တစ်လက်မကျော်အထိ ရှည်သည်။  ဂွမ်းမွေးချောမွေ့မှုနှင့် ခိုင်မာမှုတို့သည် ဂွမ်းမွေးအလျားနှင့် ယေဘုယျအားဖြင့်   အပြန် အလှန် ဆက်စပ်မှုရှိနေပါသည်။
ဝါဂွမ်းညစ်ညမ်းမှု
ညစ်ညမ်းမှုသည်   ဝါဂွမ်းအရည်အသွေးကို ဆိုးကျိုးဖြစ်စေသော  ပြဿနာများထဲမှ   တစ်ခု ဖြစ်သည်။ စိုက်ပျိုးသည့်အချိန်မှ ဝါကောက်သိမ်း သည့်အချိန်အထိ ဝါဂွမ်းထဲသို့ ပြင်ပအမှိုက်သရိုက် များဝင်ရောက်ရန် လမ်းများရှိရာ  နောက်ဆုံးတွင် ချည်ငင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး သည့်နောက်  ချည်မျှင်ထဲတွင်  ပါသွားသည်။ ဝါဂွမ်း ကို ဖွင့်ကြည့်ခြင်းနှင့် သန့်ရှင်းခြင်းလုပ်ငန်းများသည် ဝါဂွမ်းမျှင်ကို ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ တွင် အန္တရာယ်ပေးနိုင်သောဆိုးကျိုးများ မဖြစ်ပေါ် စေရန် ညစ်ညမ်းမှုများကို ဖယ်ထုတ်ခြင်းဖြစ်သည်။ အချို့ညစ်ညမ်းမှုများသည် ဝါဂွမ်းမျှင်နှင့်  အလား သဏ္ဌာန်တူပြီး ဝါဂွမ်းထဲတွင် တည်ရှိနေကြသည်။ အချို့ညစ်ညမ်းမှုများသည် ဝါဂွမ်းထဲတွင်မြုပ်နေပြီး ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းစဉ်ကို ထိခိုက်ရုံသာ မက  နောက်ဆုံး    ထုတ်ကုန်ထဲအထိပါလာပြီး ဆိုးကျိုးဖြစ်စေသည်။ ဝါဂွမ်းကုန်ကြမ်း ညစ်ညမ်းမှု သည် တန်ဖိုးကွင်းဆက် တစ်လျှောက်လုံး အဆင့် တိုင်းတွင် ဖြစ်ပေါ်နိုင်သည်။   ဥပမာ   စိုက်ကွင်း အတွင်း၊ သိုလှောင်ရုံအတွင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဝါဖန်ခြင်း စသည့်အဆင့်များတွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်နိုင်သည်။
စိုက်ကွင်းအတွင်း ညစ်ညမ်းမှု
စိုက်ကွင်းအတွင်းတွင် ဝါဂွမ်းကိုင်တွယ်စဉ်နှင့် ဝါကောက်ရာတွင် ဝါဂွမ်းမဟုတ်သော ပစ္စည်းများ သည် အသုံးပြုသောအိတ်များမှပါလာပြီး ဝါဂွမ်း ကို ညစ်ညမ်းမှုဖြစ်စေသည်။ ဝါကောက်ရာတွင် ပေါ်လီပရိုပလင်း (Polypropylene) ဟုခေါ်သော အပူထိန်းပလတ်စတစ်ဖော့ဖြူအိတ်မျိုးကို အသုံး ပြုခြင်းနှင့်  နာနတ်လျှော်ကြိုးများကို    အသုံးပြုခြင်း သည်  ဝါကို ညစ်ညမ်းမှုများဖြစ်စေသည်။ နှင်းပေါက် နှင်းစက်များ   မခြောက်သွေ့မီ    နံနက်စောစော ဝါကောက်ခြင်း၊     အလေးချိန်တိုးရန် သိုလှောင်စဉ် တွင် ရေနှင့်သဲများထည့်ခြင်း၊ သယ်ယူပို့ဆောင်နေ စဉ်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသော ဂုန်နီအိတ်၊ ဂုန်လျှော်အိတ်များကို အသုံးပြုခြင်း၊ အရည်အသွေး မမီသော ဝါဂွမ်းများကို     ရောင်းချခြင်းတို့သည် ဝါဂွမ်းအရည်အသွေးကို တိုက်ရိုက်ထိခိုက်စေသည်။
ဝါကောက်ခြင်းတွင် သတိပြုစရာ
အခြားပစ္စည်းများပါဝင်သည့် ညစ်ညမ်းမှုသည် လက်ဖြင့်ဝါကောက်ခြင်းတွင် စိုးရိမ်စရာဖြစ်သည်။ လက်ဖြင့်ဝါကောက်သောအခါ   ဝါကောက်စဉ်၊ သိုလှောင်စဉ်၊ ကိုင်တွယ်စဉ်နှင့် သယ်ယူပို့ဆောင်စဉ် တွင် ညစ်ညမ်းမှုများ ဝင်ရောက်နိုင်သည်။ ပြင်ပ ပစ္စည်းများ ပါဝင်ခြင်းကြောင့် ဝါကုန်ကြမ်းပစ္စည်း ညစ်ညမ်းမှုသည်   ချည်မျှင်အရည်အသွေးနှင့် အထည်သား၊ ရက်ထည်ထုတ်လုပ်သူများအတွက် အဓိကပူပန်ရသောအချက်ဖြစ်သည်။ ချည်ငင်သူ များသည် စက်ဖြင့်ကောက်သောဝါကို လက်ဖြင့် ကောက်သောဝါထက် ပိုမိုနှစ်သက်ကြသည်။ အရည် အသွေးကိုအဓိကထားသော   ဝါစက်ရုံများသည် ဝါမှ ချည်မျှင်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တစ်လျှောက် ညစ်ညမ်းမှုကြောင့် အန္တရာယ်ဖြစ်ပေါ်မှုကို ရှောင်ရှား ရန် လက်ဖြင့်ကောက်သောဝါကို မဝယ်ကြပါ။
ဝါဂွမ်းထုတ်ယူရာတွင် ညစ်ညမ်းမှု
ဝါဂွမ်းထုတ်ယူခြင်းအဆင့်တွင်     အစေ့များ၊ အစေ့ခွံအပိုင်းအစများ၊ ဆီနှင့် အမဲဆီ၊ ချောဆီတို့ သည် မလိုလားအပ်သော ညစ်ညမ်းမှုများဖြစ်သည်။ တစ်ခါတစ်ရံ  စက်ပစ္စည်းအစိတ်အပိုင်းများ၊ ဘေထုပ်ချည်ကြိုးအပိုင်းအစများနှင့်  အခြားပစ္စည်း အပိုင်းအစတို့သည် ဝါဘေထုပ်များအတွင်း ပါဝင် နေသည်ကို တွေ့ရသည်။   ၎င်းပစ္စည်းများသည် ကြိတ်သည့်စက်ပစ္စည်းများကို ဆိုးရွားစွာထိခိုက် စေပြီး မလိုလားအပ်သော စက်ပြင်ကုန်ကျစရိတ်ကို ပိုမိုကုန်စေသည့်အပြင် မတော်တဆ မီးလောင်တတ် ပါသည်။  
ညစ်ညမ်းမှုအရင်းအမြစ်များအနေဖြင့် ငါးမျိုး ဖြစ်နိုင်ပါသည်။
အဖြူရောင်ညစ်ညမ်းမှု
အဖြူရောင်ဖြစ်သည့်အတွက် ဝါနှင့်ရောနေလျှင် ခွဲခြားရခက်ခဲပါသည်။ ဝါဂွမ်းထဲတွင် ပါဝင်လာနိုင် သော ပစ္စည်းများမှာ အဖြူရောင် ပလတ်စတစ်အမျှင် များ၊ အဖြူရောင်ပလတ်စတစ်ကြိုးများ၊ အဖြူရောင် ဖလင်ပြားများ၊ ဖောက်ထွင်းမြင်နိုင်သောဖလင်ပြားများစသည်တို့ ဖြစ်နိုင်ပါသည်။
ပြင်ပအမျှင်များ
ဝါဂွမ်းမျှင်အပြင် ဝါဂွမ်းမျှင်မဟုတ်သော ပြင်ပမှ အမျှင်များသည် ဝါဂွမ်းထဲတွင် ရောပါလာနိုင်သည်။ ၎င်းတို့မှာ ဆံပင်၊ အမွေး၊ အရောင်ရှိသော အမျှင် များ၊   ဂုန်လျှော်ချည်မျှင်နှင့်    အရောင်ရှိသော ပလတ်စတစ်အမျှင်များ စသည်တို့ ဖြစ်သည်။
အရောင်ရှိသောပစ္စည်းများ
အရောင်ရှိသောအမျှင်များ၊  အရောင်ရှိသော ချည်မျှင်များ၊ ဂုန်လျှော်အမျှင်များ၊   အုန်းဆံမျှင်၊ အရောင်ရှိသော ပလတ်စတစ်အမျှင်များ၊ အရောင် ရှိသော ပလတ်စတစ်ကြိုးများ၊ ဖလင်ကော်ပြားများ စသည်တို့သည် ဝါထဲတွင်ပါဝင်နိုင်ပြီး  ညစ်ညမ်းမှု ဖြစ်နိုင်သည်။
ဆီကဲ့သို့သော ပစ္စည်းများ
ဆီကဲ့သို့ ချောနေတတ်ပြီး အရည်များစိုနေတတ် သော ပစ္စည်းများဖြစ်သည့် တုတ်ချောင်း၊ သစ်ကိုင်း ငယ်များ၊  အရွက်များ၊    ဆီချေးအညှိတက်သော သို့မဟုတ် ကတ္တရာဆေး/ အမဲဆီပါဝင်သော ဝါစုများ စသည်တို့ကြောင့် ညစ်ညမ်းမှုဖြစ်နိုင်ပါသည်။
သိပ်သည်းသောပစ္စည်းများ
သိပ်သည်းပြီးမာကျောသော      ပစ္စည်းများ ဖြစ်သည့်  သတ္တုအပိုင်းအစများ၊ စာရွက်၊ ကျောက်ခဲ၊ သားရေစ၊    သစ်သားအပိုင်းအစများသည်လည်း ဝါထဲတွင်ပါဝင်ကာ ညစ်ညမ်းမှု ဖြစ်နိုင်ပါသည်။
အရည်အသွေးမြင့် ဝါထုတ်လုပ်ရန် စိုက်ပျိုးနည်းများ
အရည်အသွေးမြင့်ဝါ   ထုတ်လုပ်ရန်အတွက်  တန်ဖိုးကွင်းဆက်တစ်လျှောက်တွင်  ပါဝင်သော သူများအားလုံးသည် စိုက်ပျိုးရေးနည်းလမ်းကောင်း များကို အသုံးပြုရမည်။ စိုက်ခင်းမှစ၍ ဝါကောက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းစဉ် များတွင်   ဝါ၏ အရည်အသွေးကို ထိန်းသိမ်းထား နိုင်ရမည်။    ညစ်ညမ်းမှုများသည်       တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ       အဆင့်များတွင် ဖြစ်ပေါ်နိုင်သောကြောင့်   အရည် အသွေးကောင်းသောဝါများကိုရရှိရန်   အောက်ပါ နည်းလမ်းများကို လိုက်နာရမည်။
စိုက်ပျိုးခြင်း
 အရည်အသွေးကောင်းသော ဝါမျိုးများကိုသုံးပါ။ မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်ရန် သင့်တော် သောမှိုသတ်ဆေးဖြင့် မျိုးစေ့ကို လူးနယ်စိုက်ပျိုးပါ။ အပြည့်အဝရင့်မှည့်စေရန် သင့်တော်သော ပင်ကြား တန်းကြားအကွာအဝေးဖြင့်စိုက်ပါ။ ပေါင်းနှိမ်နင်း ခြင်းကို အချိန်မှန်ဆောင်ရွက်ပါ။ ပိုးမွှားထိခိုက်မှုကိုထိန်းချုပ်ရန် ဘက်စုံပိုးမွှားစီမံခန့်ခွဲမှုကို အသုံး ပြုပါ။
ဝါကောက်ခြင်း
ဝါမကောက်ခင် စိုက်ခင်းတစ်ခုလုံးမှ လေတိုက် ပြီး လွင့်ပါသွားနိုင်သောပစ္စည်းများ၊ ကောက်ထား သောဝါပုံကို ညစ်ညမ်းမှုဖြစ်နိုင်သော ပစ္စည်းများကို စစ်ဆေးပြီး ဖယ်ရှားပါ။  ဝါစိုက်ခင်းတစ်ခုလုံး၏ အနည်းဆုံး ဝါသီး ၅၀    ရာခိုင်နှုန်း  ပွင့်ပြီးမှသာ ဝါကောက်ခြင်းကို ဆောင်ရွက်သင့်သည်။ ဝါသီးလုံး အပြည့်အဝရင့်မှည့်ပြီး    ပွင့်နေလျှင်   ဝါများကို ကောက်ပါ။ နောက်ကျမှ ဝါကောက်လျှင် ဝါအရည် အသွေး ပျက်စီးနိုင်သည်။ နံနက်ခင်းမှာ ကျရောက် သောနှင်းများ အငွေ့ပြန်ပြီးနောက်မှသာ ဝါကောက် ခြင်းကို စတင်ဆောင်ရွက်ပါ။ ဝါကောက်သူများသည် မျဉ်းပုံစံ  ဖြောင့်တန်းစွာနေပြီး အတူတကွရှေ့သို့ ချီတက်ကာ ဝါကောက်သင့်သည်။    သို့မှသာ ဝါကောက်သူအားလုံးသည် နိုးကြားနေပြီး အလွယ် တကူ ကြီးကြပ်နိုင်မည်။
အပင်အောက်ခြေရှိ ဝါသီးများမှ စတင်ကောက် ပါ။ သို့မှသာ  အပင်အပေါ်ပိုင်းမှ    ဝါသီးများကို ကောက်ရာတွင်    အောက်မှ ဝါသီးများအပေါ်သို့ အရွက်များကြွေကျခြင်းကို  ရှောင်ရှားနိုင်မည်။  ဝါသန့်ရှင်းမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ရောဂါရ နေသော၊ စွန်းထင်းနေသော၊ မာနေသော ဝါသီးများ နှင့်    မြေကြီးမှကောက်ယူထားသော ဝါများကို သီးခြားအိတ်ဖြင့်ထည့်ထားပါ။ ကောက်ပြီးသော ဝါများကိုသိုလှောင်ရန် စိုက်ခင်းမှအိမ်သို့ သယ်ယူ ပို့ဆောင်ရာတွင် ချည်ထည်အိတ်များဖြင့် ထည့်ပါ။ ဝါများကို     ညစ်ညမ်းမှုကင်းဝေးသောနေရာ၌ သိမ်းဆည်းပါ။ ဝါများကို အဆင့်အလိုက်   ခွဲခြား သိမ်းဆည်းထားပါ။ ဝါများကို ရောင်းချသည့်နေရာ သို့ သယ်ယူပို့ဆောင်ရာတွင် ချည်ထည်အိတ်များဖြင့် ထည့်ပါ။
သိုလှောင်ခြင်း
သိုလှောင်မည့်နေရာသည်     သန့်ရှင်းရမည်။ ခြောက်သွေ့ရမည်။   ကွန်ကရစ်ခင်းထားသော ကြမ်းပြင်မရှိလျှင်   မျက်နှာပြင်ကို     ချည်ထည်စ များဖြင့် ဖုံးထားပါ။ သိုလှောင်ထားသော ဝါပုံကို ညစ်ညမ်းမှုမဖြစ်စေရန်        ချည်ထည်စများဖြင့် ဖုံးထားပါ။ စိုစွတ်သောဝါများကို အခန်းအတွင်း၊ ဂိုဒေါင်အတွင်း မသိုလှောင်ပါနှင့်။ သေးငယ်သည့် ပိုးမွှားများ ရှင်သန်ကြီးထွားပြီး ဝါအရောင်ပျက်ခြင်း နှင့် ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်သည်။ အဆင့်မတူ သောဝါကို သီးခြားခွဲ၍ သိုလှောင်ပါ။
ရောင်းချမည့်နေရာသို့ သယ်ယူပို့ဆောင်ခြင်း
သန့်ရှင်းသောကားများဖြင့် သယ်ယူပို့ဆောင်ပါ။ မရင့်သေးသော၊ ပုပ်နေသော၊ ထိခိုက်မိသောဝါများ ကို ဖယ်ထုတ်ပါ။ သန့်ရှင်းမှုကို ထိန်းသိမ်းထားရန် အဆင့်တစ်မျိုးတည်းကိုသာ သယ်ယူပါ။ တစ်ကြိမ် တည်း အတူတူကောက်သောဝါများကို တစ်ကြိမ်စီ သယ်ပါ။ နောက်ဆုံးအကြိမ်ကောက်သည့်ဝါများကို သီးခြားခွဲထားပါ။ သယ်ယူစဉ် ဝါများကို ချည်ထည် အစများဖြင့် ဖုံးအုပ်သယ်ယူပါ။ ထိုနည်းဖြင့် အဆင့် အတန်းမြင့်မားသည့် ဝါထုတ်လုပ်ရေးကို ဦးတည် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် ဝါသီးနှံအထွက်တိုးရေး ဦးစားပေးလုပ်ကိုင်လျက်ရှိပြီး  အရည်အသွေးမြင့် ချည်ထည်များ   ထုတ်လုပ်နိုင်အောင်      ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။   ပြည်တွင်း  ပြည်ပ စျေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အထည်စက်ရုံ များမှ လိုအပ်သည့်  အရည်အသွေးကောင်းဝါများ ထုတ်လုပ်နိုင်ရေး၊ ဝါနှင့်ချည်မျှင်များ တင်သွင်းနေ ရမှုကို လျှော့ချနိုင်ရေး၊ ဝါသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ပြီး    ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှု မြင့်မားလာ စေရေးတို့အတွက် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို လိုက်နာကျင့်သုံးနိုင်စေရန် ရေးသားတင်ပြ လိုက်ရပါသည်။                ။