
ရန်ကုန် မေ ၂၁
၂၀၂၄ ASEAN Mitsubishi Electric Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ကို မေ ၂၁ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပရာ မြန်မာ အသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် ကျရောက် ခဲ့သည်။
၂၀၂၄ ASEAN Mitsubishi Electric Cup ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၂၂ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပ မည်ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် အသင်း စုစုပေါင်း ၁၀ သင်းဖြင့် ငါးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည် ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင် အသင်း၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် ၂၀၂၂ ပြိုင်ပွဲ အုပ်စုအဆင့်တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် ဗီယက်နမ်၊ လာအိုအသင်းတို့နှင့် ပြန်လည် တွေ့ဆုံနေသည်။ ပြိုင်ပွဲဝင်အသင်း များအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ခြေစစ်ပွဲကို စက်တင်ဘာ ၇၊ ၁၄ ရက်တွင် ကျင်းပမည်ဖြစ် သည်။ ယင်းပြိုင်ပွဲတွင် အရှေ့ တောင်အာရှ ၁၁ နိုင်ငံစလုံး ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆင့် သတ်မှတ်ချက် အနိမ့်ဆုံးဖြစ်သည့် တီမောအသင်းနှင့် ဘရူနိုင်း အသင်းတို့မှာ ခြေစစ်ပွဲကစားရ မည်ဖြစ်ပြီး အနိုင်ရသည့် တစ်သင်း သာ နောက်ဆုံးအဆင့် ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ထိုင်းအသင်း က ချန်ပီယံ ခုနစ်ကြိမ်ဖြင့် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပြီး စင်ကာပူအသင်း က လေးကြိမ်၊ ဗီယက်နမ်အသင်း က နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာ အသင်းသည် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲနှစ်ကြိမ်သာ ဆီမီးဖိုင်နယ် တက်ရောက်ဖူးကြောင်း သိရ သည်။ မြန်မာအသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၂၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ ရသည်။ ရဲရင့်လွင်၊ ဓာတ်ပုံ-AFF