ASEANSAI အကြောင်း တစေ့တစောင်း

Type

OAG ဝန်ထမ်းတစ်ဦး 

=============

 

အရှေ့တောင်အာရှနိုင်ငံများရှိ အမြင့်ဆုံးစာရင်းစစ် အဖွဲ့အစည်း   ၁၀  ခုမှ   အကြီးအကဲများသည် ၂၀၁၁  ခုနှစ်  နိုဝင်ဘာလ   ၁၆   ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် စုဝေးခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ  စာရင်းစစ်ချုပ် ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions- ASEANSAI) ဖွဲ့စည်းတည်ထောင်ခြင်း  သဘော တူညီချက်ကို လက်မှတ်ရေးထိုးကာ အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းနေ့ မှာပင် ASEANSAI ၏ ပထမဦးဆုံး  စုံညီအစည်း အဝေး (Assembly) ကို ကျင်းပခဲ့ပြီး ASEANSAI ၏ဥက္ကဋ္ဌရာထူး  ရွေးချယ်ခန့်အပ်ခြင်း၊   ရန်ပုံငွေ ထည့်ဝင်မှုနှင့်          အထူးလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးကော်မတီများ    ဖွဲ့စည်းခြင်း စသည့် အဓိကမရှိမဖြစ်လိုအပ်သော ကိစ္စရပ်များကို သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။


ASEANSAI ကို ၂၀၁၅ ခုနှစ်တွင်  အာဆီယံ အသိုက်အဝန်းတည်ထောင်မည့် ရည်မှန်းချက်နှင့် အညီ   ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး   အဆိုပါ အဖွဲ့အစည်းသည်    ကိုယ်ပိုင်ရပ်တည်နေသော လွတ်လပ်၍   နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိသော အတတ်ပညာဆိုင်ရာ   အဖွဲ့အစည်းတစ်ခု  ဖြစ်ပါ သည်။      အဖွဲ့ဝင်စာရင်းစစ်ချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်     အများပြည်သူသို့ တာဝန်ခံမှုနှင့်  ပွင့်လင်းမြင်သာမှုကို   တိုးတက် စေကာ ပိုမိုကောင်းမွန်သန့်ရှင်းသည့်  အစိုးရများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း    သိမြင်လျက် အာဆီယံပဋိညာဉ်စာတမ်းတွင်      ပါဝင်သည့်  ရည်ရွယ်ချက်များနှင့်အညီ      ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို     မြှင့်တင်နိုင်ရန်    အာဆီယံနှင့်   ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  ASEANSAI ကို       ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း    ဖြစ်ပါ သည်။


ရည်မှန်းချက်


ASEANSAI ၏ ရည်မှန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
    (က)    စာရင်းစစ်အဖွဲ့အစည်းများ        ခိုင်မာ အားကောင်းလာစေရေး   နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အတွေ့ အကြုံနှင့်ဗဟုသုတများ   နှီးနှောဖလှယ် မျှဝေခြင်းဖြင့်   ASEANSAI  အဖွဲ့ဝင်များ အကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက် မှု တိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရန်၊
    (ခ)        တွေ့ကြုံခဲ့ပြီးသော    မှတ်သားစရာ သင်ခန်းစာများအား   နှီးနှောဖလှယ်ခြင်း နှင့် အကောင်းဆုံးအလေ့အထများ မျှဝေ ပေးခြင်းမှတစ်ဆင့် ASEANSAI  အဖွဲ့ဝင်  များအကြား စဉ်ဆက်မပြတ်  လေ့လာ သင်ယူရေး၊ သင်တန်းပို့ချမှုနှင့် သုတေသန များ တိုးတက်လာအောင် ဆောင်ရွက်ပေး ခြင်းဖြင့်     အထောက်အကူပြုသည့် ဝန်းကျင်တစ်ခု  ဖြစ်ထွန်းလာစေရန်နှင့်  လိုအပ်သောအထောက်အပံ့များ   ပံ့ပိုး ပေးရန်၊
    (ဂ)        နိုင်ငံပိုင်ကဏ္ဍ     စာရင်းစစ်ဆေးခြင်း နယ်ပယ်တွင်  အခြားနိုင်ငံတကာ   အဖွဲ့ အစည်းများနှင့်      အသင်းအဖွဲ့များကို ချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့် သတင်း  အချက်အလက်များစုစည်းရာ     ဗဟို အချက်အချာကျသော      နေရာတစ်ခု ဖြစ်စေရန်။


လုပ်ငန်းတာဝန်များ (Functions)


ASEANSAI ၏ လုပ်ငန်းတာဝန်များမှာ နိုင်ငံပိုင် ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အကောင်း ဆုံးအလေ့အထများ၊ စံများနှင့် နည်းပညာများအတွက်  အချက်အလက်များကို Data bank ဖြင့်  ထိန်းသိမ်း ထားရန်၊ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနယ်ပယ် တွင် အသိပညာနှင့် ဗဟုသုတများဖလှယ်ခြင်းဆိုင်ရာ  နှီးနှောဖလှယ်ပွဲ၊  အလုပ်ရုံဆွေးနွေးပွဲ၊  လေ့လာ သင်ယူမှုများနှင့် အခြားလုပ်ငန်းများဆောင်ရွက်ရန်၊  အဖွဲ့ဝင်များအကြား ကောင်းမွန်သောအုပ်ချုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားလာစေမည့် အခြား လုပ်ငန်းများကို ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
ဖွဲ့စည်းပုံ
ASEANSAI   တွင်     စုံညီအစည်းအဝေး (Assembly) သည် အမြင့်ဆုံးဖြစ်ပြီး ယင်းအောက် တွင်  အဖွဲ့၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ပါဝင်သော  အလုပ်အမှုဆောင်အဖွဲ့ ရှိပါသည်။   စုံညီအစည်း အဝေးသည် မူဝါဒလုပ်ငန်းစဉ်များချမှတ်ပြီး ကိစ္စရပ် အားလုံးတွင် အဖွဲ့ဝင်အားလုံး၏     သဘောတူညီ ချက်ဖြင့်သာ ဆောင်ရွက်ရပါသည်။   အလုပ်အမှု ဆောင်အဖွဲ့သည်  စုံညီအစည်းအဝေးသို့  မူဝါဒများ  အကြံပြုတင်ပြခြင်း၊   ချမှတ်ထားသောမူဝါဒများ   ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစီအမံများ   ချမှတ်ဆောင်ရွက်ခြင်း၊   အဖွဲ့၏ ကော်မတီအသီးသီးက ချမှတ်ထားသော လုပ်ငန်း စီမံချက်များ အကောင်အထည်ဖော်မှုကို စောင့်ကြည့် ခြင်းတို့ ဆောင်ရွက်ရပါသည်။


ASEANSAI    အတွင်းရေးမှူးရုံးကိုလည်း ဖွဲ့စည်းထားပြီး ASEANSAI ဥက္ကဋ္ဌကို တာဝန်ခံရခြင်း၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ASEANSAI ကော်မတီ များကို   ကူညီပံ့ပိုးခြင်း၊   ဘဏ္ဍာငွေကြေးများကို  စီမံခန့်ခွဲပြီး ရန်ပုံငွေများသုံးစွဲမှုအတွက် တာဝန်ခံ ခြင်း၊   အလုပ်အမှုဆောင်အဖွဲ့က   ပေးအပ်သည့်   အခြားလုပ်ငန်းတာဝန်များ   ထမ်းဆောင်ခြင်း၊  စာရင်းများ၊ မှတ်တမ်းများနှင့်ဖိုင်များ သိမ်းဆည်း ထားပြီး ဘဏ္ဍာရေးရှင်းတမ်းများကို  စစ်ဆေးနိုင် စေရန်  ကူညီပံ့ပိုးပေးခြင်းစသည့်  လုပ်ငန်းတာဝန် များ ဆောင်ရွက်ပါသည်။


ASEANSAI ၏ အထူးလုပ်ငန်းတာဝန်များကို  ထမ်းဆောင်နိုင်ရန် စုံညီအစည်းအဝေးမှ ဆုံးဖြတ် ချက်ဖြင့် ကော်မတီများကိုဖွဲ့စည်းပြီး  ကော်မတီ တစ်ခုတွင် အနည်းဆုံးအဖွဲ့ဝင် သုံးနိုင်ငံပါဝင်ရပါ သည်။ ကော်မတီ (၄) ရပ်ဖွဲ့စည်းထားပြီး  အဖွဲ့၏ မဟာဗျူဟာကို ရေးဆွဲ ပြင်ဆင်နိုင်ရန် မဟာဗျူဟာ ရေးဆွဲရေးကော်မတီ၊    စည်းမျဉ်းနှင့်   လုပ်ထုံး လုပ်နည်းများကို  အချိန်နှင့်တစ်ပြေးညီ   ရေးဆွဲ ပြင်ဆင်နိုင်ရန် စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ  ဆိုင်ရာကော်မတီ၊ အသိပညာမျှဝေရေး အစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် အသိ ပညာမျှဝေရေးကော်မတီ၊     သင်တန်းပို့ချရေး အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်  သင်တန်းပို့ချရေးကော်မတီတို့ကို ဖွဲ့စည်းထားပါ သည်။  ဗီယက်နမ်၊  စင်ကာပူ၊   မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏     စာရင်းစစ်ချုပ်ရုံးများက  ကော်မတီဥက္ကဋ္ဌများအဖြစ်   အသီးသီးတာဝန်ယူ  ဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာစီမံချက်များ 
ရေးဆွဲအကောင်အထည်ဖော်ခြင်း


ASEANSAI ကို စတင်တည်ထောင်စဉ်ကပင်  မဟာဗျူဟာစီမံချက်များကို  ကာလပိုင်းအလိုက် ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။ ယခုအခါ  မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို  ချမှတ် ထားပြီး  အကောင်အထည်ဖော်ဆောင်ရွက်ရန်  ပြင်ဆင်လျက်ရှိပါသည်။ အာဆီယံဒေသအတွင်း  ကောင်းမွန်သောအုပ်ချုပ်မှုအား မြှင့်တင်နိုင်မည့် ယုံကြည်စိတ်ချရပြီး             အင်တိုက်အားတိုက်      ဆောင်ရွက်နိုင်သော အတတ်ပညာဆိုင်ရာ အမြင့်ဆုံး စာရင်းစစ်အဖွဲ့အစည်းများ     ဖြစ်ပေါ်လာစေရန် အတွက်    ASEANSAI   အလုပ်အမှုဆောင်အဖွဲ့၊     အတွင်းရေးမှူးရုံးနှင့်  ကော်မတီအသီးသီးတို့က ၎င်းတို့၏    လုပ်ငန်းစီမံချက်များကို  အကောင် အထည်ဖော်ရာတွင်  တစ်ပြေးညီဆောင်ရွက်နိုင်ရန် အတွက် အောက်ပါမဟာဗျူဟာပန်းတိုင်လေးခုကို   ချမှတ်ထားပြီး ယင်းကို  အထောက်အကူပြုမည့်   မဟာဗျူဟာရည်မှန်းချက်  ၁၀  ခုဖြင့်   လုပ်ငန်း အကောင်အထည်ဖော်    ဆောင်ရွက်သွားမည် ဖြစ်ပါသည်-
    (က)    စာရင်းစစ်ချုပ်ရုံးများအကြား စွမ်းရည် မြှင့်တင်ရေးဆောင်ရွက်ရန်၊
    (ခ)    စာရင်းစစ်ချုပ်ရုံးများနှင့် သက်ဆိုင်သူ (Stakeholder) များအကြား အသိပညာ  မျှဝေရေးကိုမြှင့်တင်ရန်၊
    (ဂ)    ဒေသတွင်းနှင့်   နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုကို အားကောင်းခိုင်မာလာစေရန်၊
    (ဃ)    စံထားရသော  နိုင်ငံတကာအဖွဲ့အစည်း တစ်ခုအဖြစ် ဌာနတွင်းစီမံအုပ်ချုပ်မှုနှင့်  ဘက်စုံအဖွဲ့အစည်းဆိုင်ရာ  စီမံခန့်ခွဲ မှုကို တိုးတက်ကောင်းမွန်လာစေရန်။
အစည်းအဝေးများ ကျင်းပခြင်း
ASEANSAI စုံညီအစည်းအဝေး  (သို့မဟုတ်)  ASEANSAI ထိပ်သီးအစည်းအဝေးကို ASEANSAI  အဖွဲ့ဝင်အားလုံး၏သဘောတူညီချက်ဖြင့် နှစ်နှစ် တစ်ကြိမ်   ကျင်းပလေ့ရှိသည်။   ညီလာခံ၏ ဥက္ကဋ္ဌတာဝန်ကို ASEANSAI ဥက္ကဋ္ဌက တာဝန်ယူ ဆောင်ရွက်ပါသည်။ ASEANSAI ထိပ်သီးအစည်း အဝေးမကျင်းပခင် ASEANSAI ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး  (Senior Official Meeting) ကို သုံးလကြိုတင်၍ ကျင်းပလေ့ရှိပါ သည်။ အလုပ်အမှုဆောင်အဖွဲ့၏  အစည်းအဝေး၊  ကော်မတီအစည်းအဝေးနှင့် စောင့်ကြည့်စစ်ဆေး ခြင်း အစည်းအဝေးများကိုမူ    လုပ်ငန်းလိုအပ်ချက် ပေါ်မူတည်၍ ကျင်းပလေ့ရှိပါသည်။
ဘဏ္ဍာရေးအခြေအနေ


ASEANSAI    ဘဏ်စာရင်းသို့   ASEANSAI အဖွဲ့ဝင်များက တစ်နှစ်လျှင် နှစ်စဉ်ကြေး အမေရိကန် ဒေါ်လာ ၇၀၀ ထည့်ဝင်ရပါသည်။ ၎င်းအပြင် မိတ်ဖက် အဖွဲ့အစည်းများ၏ အလှူငွေများ၊ ဘဏ်အတိုးများကို  ယင်းဘဏ်စာရင်းသို့ ပေးသွင်း၍ အသိပညာမျှဝေရေး အစီအစဉ်များနှင့်     သင်တန်းများ  ဖွင့်လှစ်ပေးခြင်း တို့တွင် အသုံးပြုပါသည်။ ယင်းအသုံးစရိတ်များကို  စုံညီအစည်းအဝေးက အတည်ပြုထားသည့် စာရင်း စစ်က နှစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးရပါသည်။


ASEANSAI အလှည့်ကျ ဥက္ကဋ္ဌတာဝန် 
လွှဲပြောင်းရယူခြင်း


အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ   စာရင်း စစ်ချုပ်ရုံးများအဖွဲ့ စည်းမျဉ်းနှင့်   လုပ်ထုံးလုပ်နည်း များ (ASEANSAI Rules and Procedures) ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တာဝန်ကို အဖွဲ့ဝင်များက  နိုင်ငံအမည်အက္ခရာစဉ် အလိုက် နှစ်နှစ်စီ  အလှည့်ကျထမ်းဆောင်ရမည် ဖြစ်ပါသည်။ ဒုတိယဥက္ကဋ္ဌသည် လာမည့် နှစ်နှစ်တာ  ကာလအတွက် ဥက္ကဋ္ဌတာဝန်ကို  လွှဲပြောင်းတာဝန် ထမ်းဆောင်ရမည်   ဖြစ်ပါသည်။  အဖွဲ့၏ထိပ်သီး အစည်းအဝေးကို     အဖွဲ့ဥက္ကဋ္ဌအဖြစ်   တာဝန် ထမ်းဆောင်မည့်နိုင်ငံတွင် အိမ်ရှင်အနေဖြင့် လက်ခံ  ကျင်းပရပါသည်။


ASEANSAI ဥက္ကဋ္ဌတာဝန်ကို ၂၀၁၁-၂၀၁၃ တွင်  အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ ၂၀၁၃-၂၀၁၅ တွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံစာရင်းစစ်ချုပ်ရုံး၊ ၂၀၁၅- ၂၀၁၇ တွင် ကမ္ဘောဒီးယားနိုင်ငံ   စာရင်းစစ်ချုပ်ရုံး၊ ၂၀၁၇-၂၀၁၉ တွင် လာအိုနိုင်ငံ   စာရင်းစစ်ချုပ်ရုံး၊ ၂၀၁၉-၂၀၂၁ တွင် မလေးရှားနိုင်ငံ   စာရင်းစစ်ချုပ်ရုံး တို့က အလှည့်ကျထမ်းဆောင်ခဲ့ကြပါသည်။


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ၂၀၁၉  ခုနှစ် နိုဝင်ဘာလမှစ၍ ASEANSAI ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်  နိုဝင်ဘာလ  ၂   ရက်နေ့တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၆) ကြိမ်မြောက်  ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) တွင် အဖွဲ့၏ဥက္ကဋ္ဌတာဝန်ကို  လွှဲပြောင်းရယူခဲ့ပြီး  ဖြစ်ပါသည်။ အစည်းအဝေးကို မျက်နှာစုံညီ  ကျင်းပ လိုသော်လည်း ကိုဗစ်-၁၉  ကပ်ရောဂါ ဖြစ်ပွားလျက် ရှိခြင်းကြောင့်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ   ကျင်းပ နိုင်ခဲ့ပါသည်။


အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး နေပြည်တော်ရှိ   ASEANSAI  ဥက္ကဋ္ဌရုံးခန်းမှ အိမ်ရှင်အဖြစ်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   ကျင်းပ ခဲ့ရာ   ပြည်ထောင်စုစာရင်းစစ်ချုပ်၊   အမြဲတမ်း အတွင်းဝန်၊       ညွှန်ကြားရေးမှူးချုပ်  (စစ်ဆေးရေး)၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်    လက်ထောက် အတွင်းဝန်တို့  တက်ရောက်ခဲ့ကြပါသည်။  အစည်း အဝေးသို့    အာဆီယံနိုင်ငံများမှ   စာရင်းစစ်ချုပ် သို့မဟုတ်  ဒုတိယစာရင်းစစ်ချုပ်များနှင့်   ကိုယ်စား လှယ်များ၊ ASEANSAI ၏  မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၃  ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
(၆)   ကြိမ်မြောက်   ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရန်အတွက်  ပြည်ထောင်စုစာရင်းစစ်ချုပ်  ဦးဆောင်သော      ဦးစီးကော်မတီနှင့်    လုပ်ငန်း ကော်မတီများဖွဲ့စည်းခြင်း၊ အခြားဝန်ကြီးဌာနများ နှင့်    ဆက်သွယ်ညှိနှိုင်းခြင်းနှင့်   အကူအညီများ ရယူခြင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊  ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့်    ပြည်ထောင်စု  အစိုးရအဖွဲ့များသို့   တင်ပြခွင့်ပြုချက်ရယူခြင်း၊  အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာ များ၊  ပြောကြားမည့်မိန့်ခွန်းများ  ကြိုတင်ပြင်ဆင် ခြင်း၊     မလေးရှားနိုင်ငံ   စာရင်းစစ်ချုပ်ရုံးနှင့် ASEANSAI    အတွင်းရေးမှူးရုံးတို့မှ   လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ထမ်း များနှင့်     ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခြင်း၊ E-mail နှင့်  Whatapps Group များဖြင့် စဉ်ဆက်မပြတ် ဆက်သွယ်ခြင်း၊  အစမ်း လေ့ကျင့်ခြင်းစသည်ဖြင့်  ကြိုတင်ပြင်ဆင်ခဲ့ရပါသည်။


ပြည်ထောင်စု    စာရင်းစစ်ချုပ်ရုံးအနေဖြင့်  နှစ်နှစ်တာကာလအတွင်း ASEANSAI ကို ဦးဆောင် ရမည်ဖြစ်ပြီး အတွင်းရေးမှူးရုံး၏ အကူအညီဖြင့်  စုံညီအစည်းအဝေးသို့ မူဝါဒများ အဆိုပြုတင်ပြခြင်း၊ အတည်ပြုပြီးသော    မူဝါဒများထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအစီအမံများ  ချမှတ် ကျင့်သုံးခြင်း၊  ကော်မတီများ၏  လုပ်ငန်းစီမံချက် များကို မဟာဗျူဟာစီမံချက်နှင့်အညီ အကောင် အထည်ဖော်မှုအခြေအနေကို ကြီးကြပ်ခြင်းစသည့်  လုပ်ငန်းစဉ်များကို အောင်မြင်အောင်  ဆောင်ရွက် သွားမည်ဖြစ်ပါသည်။


၂၀၂၂ ခုနှစ်အတွင်း အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် အသိပညာမျှဝေရေးကော်မတီ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့်      ဆေးနှင့်ဆေးဝါး ပစ္စည်းများ    ဝယ်ယူမှုကို   စစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတို့ကို    ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု  လျော့ကျလာမှုအပေါ် မူတည်၍ မျက်နှာစုံညီကျင်းပနိုင်အောင် ကြိုးပမ်း သွားမည် ဖြစ်ပါသည်။


၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည်     လက်ရှိဒုတိယဥက္ကဋ္ဌ ဖြစ်သော   ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးအား  ဥက္ကဋ္ဌတာဝန်ကို  လွှဲပြောင်းပေးမည်ဖြစ်ပါသည်။ ထိုသို့လွှဲပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ်  ASEANSAI ၏ (၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို        ပြည်ထာင်စုသမ္မတ မြန်မာနိုင်ငံက     အိမ်ရှင်အဖြစ်    လက်ခံကျင်းပ သွားမည်ဖြစ်ပါသည်။ (၇) ကြိမ်မြောက် ASEANSAI  ထိပ်သီးအစည်းအဝေးကို ၂၀၂၃ ခုနှစ်  နိုဝင်ဘာ လတွင်  ဖိလစ်ပိုင်နိုင်ငံ၌  ကျင်းပနိုင်ရေးအတွက်   လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ၊ ညှိနှိုင်းမှုများ ကိုလည်း ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည်  ဖြစ်ပါသည်။


ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံးအနေဖြင့် ASEANSAI တွင်   အဖွဲ့ဝင်အဖြစ်   ပါဝင်ခဲ့သဖြင့် ASEANSAI မှ ကျင်းပသည့်  အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊       သင်တန်းများသို့ တက်ရောက်ခွင့်ရရှိခြင်း၊    လေ့လာသိရှိရသည် များကို ပြန်လည်ဆင့်ပွား   သင်ကြားပေးခြင်းဖြင့် အသိပညာနှင့်  စစ်ဆေးရေးစွမ်းဆောင်ရည်များ တိုးမြင့်လာခြင်း၊     အာဆီယံနိုင်ငံများအကြား   ပူးပေါင်းစစ်ဆေးမှုအစီအစဉ်များတွင် ပါဝင်ရသဖြင့် စစ်ဆေးရေးအတွေ့အကြုံနှင့် စွမ်းဆောင်ရည်များ မြင့်မားလာခြင်း၊   အစည်းအဝေးနှင့်   အလုပ်ရုံ ဆွေးနွေးပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့် ရခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။
ASEANSAI သည် ၎င်း၏မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) တွင်  မျှော်မှန်းထားသည့်အတိုင်း ဒေသတွင်း ကောင်းမွန်သည့်အုပ်ချုပ်မှု တိုးတက် ကောင်းမွန်လာအောင် အထောက်အကူပြုနိုင်မှု ကြောင့်    ၂၀၂၅   ခုနှစ်တွင်   အဖွဲ့ဝင်အားလုံး၏ နိုင်ငံတော်အစိုးရများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း များ၊    အခြား   နိုင်ငံတကာစာရင်းစစ်ချုပ်ရုံး အဖွဲ့အစည်းများအပါအဝင် ပြင်ပသက်ဆိုင်သူများ  (external stakeholders)  က  ယုံကြည်ကိုးစား ရသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် အဖွဲ့ဝင် များ၏ ပေါင်းစည်းအင်အားဖြင့် ကြိုးပမ်းသွားမည် ဖြစ်ပြီး    နိုင်ငံပိုင်ကဏ္ဍစာရင်းနှင့်   လုပ်ငန်း စစ်ဆေးရာတွင် စွမ်းရည်မြင့်မားလာသည်နှင့်အမျှ ဒေသတွင်း    ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ် တိုးတက်မြင့်မားလာစေရန် ပိုမိုအထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း        ရေးသားလိုက်ရပါ သည်။    ။