အသိ သတိဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလို

Type
ကျော်စွာ အမြဲသတိ၊ အသိရှေ့သွား ဉာဏ်သွားမပေ၊ ထက်မြက်စေလော့ ပြုလေသမျှ၊ ကိစ္စများမြောင် ဆောင်တိုင်းအောင်လိမ့်။ ဆရာတော်ကြီးတစ်ပါးရဲ့ ဆုံးမစကားက အခုချိန်မှာ လွန်စွာ အကျိုးရှိလှပါတယ်။ ဗုဒ္ဓအဆုံးအမ တရားတွေကို အချိန်အများကြီး ပေးပြီး နာကြားစရာမလိုဘဲ လိုရင်းကို ထိထိမိမိနားလည်လွယ်တဲ့ ဆုံးမစကားဟု ဆိုရပါမယ်။ အရာရာမှာ သတိနှင့်အသိကို ဦးဆောင် ဦးရွက်ပြုပြီး ဉာဏ်ပညာဖြင့် ပြုလုပ်သမျှ ကိစ္စတိုင်းဟာ အမှန်ပင် အောင်မြင်ပေလိမ့်မယ်လို့ နားလည်လက်ခံထားမိပါတယ်။ အခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေက ရင်တုန် ပန်းတုန်ဖြစ်အောင် လှုပ်ခတ်လွန်းလှပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလို ကောလာဟလ သတင်း တွေ၊ အမုန်းစကားတွေ၊ သတင်းတု သတင်းယောင်တွေက ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ နေရာယူနေကြတာကို တွေ့နေရပါတယ်။ အချို့သတင်းတု သတင်းယောင်တွေဆိုရင် သာမန်ပုံဖျက်ထုတ်လွှင့်ရုံသာမကဘဲ ပိပိရိရိ ပြင်ဆင်ဖန်တီးပြီး အယုံသွင်း ထုတ်လွှင့်နေပါတော့တယ်။ ခြုံပြီးပြောရရင် ဒီနေ့အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်ကဏ္ဍမျိုးစုံမှာ သတိတရား၊ အသိတရားဖြင့် ရှင်သန်လုပ်ကိုင်ဖို့ လိုအပ်နေပါတယ်။ သတိနှင့်အသိကပ်ပြီး အရာရာ ဆင်ခြင်ဆောင်ရွက် ဖို့ သတိပြုကြရမှာဖြစ်ပါတယ်။ သတင်းတွေမှန်ဖို့လို ယနေ့ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာ တွေရဲ့အခန်းကဏ္ဍ ဘယ်လိုရှိသလဲလို့ ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ ဆရာကြီး ဇဝန ပြောခဲ့တဲ့ စကားတွေကိုပဲ အမှတ်ရမိနေပါတယ်။ “သတင်းစာမှာ ဖော်ပြပါရှိတဲ့ ဖြစ်ရပ်တွေဟာ ယနေ့အဖို့ ‘သတင်း’ ဖြစ်ပေမယ့် နောက်နေ့မှာ ‘သမိုင်း’ အဖြစ်ကို ရောက်ရှိသွားကြတယ်။ ဒါကြောင့် သတင်းစာတွေဟာ သမိုင်းကို မှတ်တမ်းတင်နေကြတယ်” လို့ ဆိုခဲ့ဖူးပါတယ်။ တကယ်တော့ သတင်းမီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ သမိုင်းကို မှတ်တမ်းတင်ရုံသာမကပါဘူး။ အနာဂတ်သမိုင်း ကိုပါ ဖန်တီးနေကြတယ်လို့ ကျွန်တော်ကတော့ ထင်မိတာပါပဲ။ တကယ်တမ်းပြောရရင် ဆရာကြီး ဇဝန ပြောခဲ့သလိုပဲ သတင်းစာ ဆိုတာ နိုင်ငံရေးနဲ့ လူမှုရေးကို ရှေ့တန်းတင်ပြီး ဂျာနယ် မဂ္ဂဇင်းဆိုတာ ကတော့ စာပေယဉ်ကျေးမှုနဲ့ အနုပညာတို့ကို အလေးပေးရတဲ့ သဘောသဘာဝရှိပါတယ်။ တစ်ခါတစ်ရံတော့ ဂျာနယ် မဂ္ဂဇင်းတို့ ဟာလည်း သတင်းစာထက်ပိုပြီး နိုင်ငံရေးကို ဇောင်းပေးခဲ့ကြတာ ကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် သတင်းမီဒီယာအားလုံးဟာ ကျွန်တော်တို့ရဲ့ အနာဂတ် သမိုင်းကို ဖန်တီးနေကြတာဖြစ်တဲ့အတွက် အလေးအမြတ်ပြုနေရ တာပဲ ဖြစ်ပါတယ်။ ဒီနေ့အချိန်ဟာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးလမ်း ဖြောင့်ဖြောင့် ဖြူးဖြူး မှန်မှန်ကန်ကန် ခရီးဆက်နိုင်ဖို့အတွက် ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ သတင်းတု/ သတင်းမှားတွေ၊ အမုန်းစကား တွေ၊ ကောလာဟလတွေ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်သက်အောင်၊ ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော် ထုတ်လွှင့်မှုတွေ မပြုလုပ်ကြဖို့ ဝိုင်းဝန်းဆန့်ကျင် တားမြစ်ရမယ့်အချိန် ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ သတင်း မီဒီယာတွေအားလုံး ကျင့်ဝတ်သိက္ခာစောင့်စည်းပေးဖို့နဲ့ စည်းကမ်း ဥပဒေ လိုက်နာဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ယနေ့အချိန်ကဲ့သို့ စစ်အေးခေတ်လွန်ကာလမှာ သတင်းမီဒီယာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတိပြုသင့်တဲ့ အချက် ၃ ချက်လောက်ရှိမယ်ထင်ပါတယ်။ ပထမအချက်ကတော့ ကျွန်တော် တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးခဲ့ပြီး ဒီမိုကရေစီစနစ်ကို ကူးပြောင်းခါစ အခြေမခိုင်သေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် နိုင်ငံရေးသတင်းတွေ၊ ပဋိပက္ခသတင်းတွေ၊ ရွေးကောက်ပွဲသတင်းတွေ တင်ပြမှုနဲ့ပတ်သက်လာရင် အတွေ့အကြုံ နည်းပါးပါတယ်။ ဒုတိယအချက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ဖို့ လေ့ကျင့်ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ တတိယအချက်ကတော့ ကျွန်တော်တို့အားလုံးဟာ သတင်းထိန်းချုပ်မှု များပြားတဲ့ ခေတ်စနစ်များအတွင်းမှာ ကာလကြာရှည်နေထိုင် ခဲ့ကြရတဲ့အတွက် သတင်းဦး/ သတင်းထူးမှန်သမျှကို ဝေဖန်ဆန်းစစ်မှု နည်းပါးပြီး အယုံလွယ်တတ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့လို ဒီမိုကရေစီ မရင့်ကျက်၊ အခြေမခိုင်သေးတဲ့ နိုင်ငံတွေမှာ သတင်း မီဒီယာတွေကလည်း သတင်းထူး/ သတင်းဦးကို အဆောတလျင် ဖော်ပြကြတယ်။ ပြည်သူတွေကလည်း အယုံလွယ်ကြတယ်။ နောက် ဆုံးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ၊ အရေးအခင်းတွေကို မီးလောင်ရာ လေပင့်ပေးသလိုဖြစ်စေပြီး မတည်ငြိမ်မှုတွေနဲ့သာ ကြုံတွေ့နေရပါတယ်။ ဒါဟာ လွတ်လပ်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာလို့သာ အလွယ်မှတ်ရပါတော့မယ်။ ထိန်းကျောင်းရမယ့် အဖွဲ့အစည်းရှိဖို့လို ပြောရမယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်များ မခိုင်မာသေးတဲ့ ကျွန်တော်တို့နိုင်ငံအတွက် မှန်ကန် မျှတတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့နဲ့ သတင်းမီဒီယာသမားများရဲ့ အကျိုးစီးပွားကို ကာကွယ် ပေးမယ့် အဖွဲ့အစည်းကြီးတစ်ရပ် မဖြစ်မနေလိုအပ်နေတာ လူတိုင်း သိကြပါတယ်။ အထူးသဖြင့် နိုင်ငံတိုင်းလိုလိုမှာ သတင်းမီဒီယာ သမားတွေရဲ့ ကျင့်ဝတ်နဲ့ပတ်သက်ပြီး စောင့်ကြည့် လေ့လာထိန်းသိမ်း ပေးဖို့နဲ့ သူတို့ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းကြီးတွေကို ဖွဲ့စည်းဆောင်ရွက် နေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကိုဖွဲ့စည်းပြီး ဆောင်ရွက်နေတာ တွေ့ရတဲ့ အတွက် ဝမ်းသာစရာကောင်းလှပါတယ်။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချိနိုင်ဖို့၊ သတင်းမီဒီယာလုပ်ငန်းဟာ စတုတ္ထ မဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်ဖို့၊ သတင်းမီဒီယာသမားများရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို အပြည့်အဝရရှိစေဖို့၊ သတင်းမီဒီယာ သမားများ လိုက်နာရမယ့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းကျင့်စဉ်တွေကို သတ်မှတ်ရေးဆွဲနိုင်ဖို့၊ နိုင်ငံသားတိုင်း သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ဖို့၊ သတင်းမီဒီယာတစ်ခုခုမှာ ရေးသားဖော်ပြ ထုတ်လွှင့်မှု တစ်ရပ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြားချက်၊ အငြင်းပွားချက် တွေ ဖြစ်ပေါ်လာရင် ညှိနှိုင်းဖြေရှင်းပေးဖို့အတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကြီး ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်း တွေကို အမှန်တကယ်လည်း ဆောင်ရွက်နိုင်ခဲ့ကြတာ တွေ့ရတဲ့ အတွက် ကျွန်တော်တို့အားရကျေနပ်မိတာ အမှန်ပါပဲ။ ကောင်စီမှာ ပါဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း လစာတစ်ပြားတစ်ချပ်မှ မယူ၊ စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးခဲ့ကြတာကို သတင်းမီဒီယာ သမားတိုင်း တွေ့မြင်ခဲ့ကြပါတယ်။ အားရကျေနပ်ခဲ့ကြပါတယ်။ အမြဲသတိ အသိရှေ့ထား အားလုံးသိကြပြီးတဲ့အတိုင်း မကြာသေးခင်ရက်ပိုင်းက မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဝင်အချို့က နုတ်ထွက်ကြမယ်ဆိုတဲ့ သတင်း ပျံ့နှံ့လာခဲ့ပါတယ်။ တစ်ဦးတစ်ယောက် နုတ်ထွက်ကြတာ မဟုတ်ဘဲ အစုအဖွဲ့လိုက် နုတ်ထွက်ဖို့ဆောင်ရွက်ကြတဲ့အတွက် နိုင်ငံသားတစ်ဦးအနေနဲ့ စိတ် မကောင်းဖြစ်ရပါတယ်။ အသိဉာဏ်ပညာ အထိုက်အလျောက်ရှိကြသူများဖြစ်တဲ့အပြင် အမှန်နဲ့ အမှား၊ အကျိုးနဲ့ အပြစ်ကို ခွဲခြားနိုင်ကြသူများဖြစ်တဲ့အတွက်လည်း ပြောစရာစကား မရှိအောင် ဆွံ့အမိပါတယ်။ မီဒီယာသမားတွေဟာ ယနေ့ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေအပေါ် ပြည်သူကို မှန်မှန်ကန်ကန် သတင်းအချက်အလက် တွေပေးဖို့လိုသလို ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့အတွက်လည်း ထိန်းသိမ်းဆောင်ရွက်ပေးဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီနေ့အချိန်မှာ ကောင်စီဝင်များအနေနဲ့ ကျောခိုင်းထွက်ခွာခြင်းမပြုသင့်ဘဲ သတင်းမီဒီယာသမားများရဲ့ အကျိုးအတွက် အတူတကွ ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်း ပေးရမယ့်အချိန်ဖြစ်ပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းကင်း၊ အနှောင်အဖွဲ့ကင်းကင်း၊ အရောင်အသွေးကင်းကင်းနဲ့ သတင်းမီဒီယာ လောကကြီးအကျိုးကို ဆောင်ရွက်ပေးရမယ့်အချိန် ဖြစ်ပါတယ်။ ပုထုဇဉ်လူသားများပီပီ ယုံကြည်ချက်၊ ရပ်တည်ချက်တွေ ကွဲပြားမှု ရှိနိုင်ပေမယ့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် အချိန်ကာလအထိ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ဆရာကြီး ဇဝနရဲ့ “သတင်းစာတွေဟာ သမိုင်းကို မှတ်တမ်းတင်နေကြရုံသာမကဘဲ အနာဂတ်ကိုပါ ဖန်တီးနေ ကြတယ်” ဆိုတဲ့စကားလိုပဲ သတင်းမီဒီယာ ကောင်စီဝင်တွေဟာ ခေတ်သမိုင်းတစ်ခုကို ဆောင်ရွက်ပေးနေရုံသာမက သတင်းမီဒီယာ လောကရဲ့ အနာဂတ်ကိုပါ ဖန်တီးပေးနေသူတွေဖြစ်တဲ့အတွက် အလွန်အရေးပါသူတွေ ဖြစ်တယ်လို့ ခံစားမိပါတယ်။ မိမိရဲ့ စိတ်ဆန္ဒတစ်ခုတည်းကို ဦးစားမပေးဘဲ သတင်းမီဒီယာလောက တစ်ခုလုံးကို ငဲ့ကွက်ထည့်တွက်ပြီး ပြန်လည်စဉ်းစားဆင်ခြင်ကြဖို့ ဖြစ်ပါတယ်။ သတိနဲ့အသိကိုရှေးရှုပြီး ပြန်လည်ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါမှသာ ကျွန်တော်တို့အားလုံး မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ ဝိသေသလက္ခဏာတစ်ရပ်ကို ပိုမို ထုတ်ဖော်ပြသနိုင်မှာ ဖြစ်ပါတယ်။