အသီးအပွင့်များကို သာတူညီမျှရရှိခံစား

အယ်ဒီတာ့အဘော်

============

 

အသီးအပွင့်များကို သာတူညီမျှရရှိခံစား

========================

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့က ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံတွင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးခဲ့သည်။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား စဉ်ဆက်မပြတ်ပို့လွှတ်ပေးနိုင်ရန် နမ့်စန် - မိုင်းပျဉ်း - ကျိုင်းတုံ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အား ၂၄ နာရီမပြတ် လျှပ်စစ်ဓာတ်အား ပထမဆုံးစတင်ဖြန့်ဖြူးပေးနိုင်သည့် ဤနေ့အခမ်းအနားသည် သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်လာခဲ့ပေသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သာမက ရှမ်းပြည်နယ် တစ်ခွင်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ကုန်လွန်ခဲ့သည့်ကာလ များအထိ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိခဲ့ခြင်းမရှိပေ။ အလှည့်ကျ၊ ကိုယ့်နည်းကိုယ့်ဟန် နည်းမျိုးစုံဖန်တီးခဲ့ရသည်။

 

ယခုအခါ ရှမ်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းမှ ၂၄ နာရီ လုံးလုံး ဓာတ်အားမပြတ် ဖြန့်ဖြူးနိုင်ပြီ ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၂၀၁၆ ခုနှစ်၌ လျှပ်စစ်ဓာတ်အား ၂၅ ဒသမ ၄ ရာခိုင်နှုန်းသာ ပို့လွှတ်နိုင်ခဲ့ရာမှ ယခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅ ဒသမ ၆ ရာခိုင်နှုန်း ပို့လွှတ်နိုင်ခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်အောင် ဆောင်ရွက်ပေး ခဲ့သည်။ လာမည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းအထိ တိုးတက် ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။

 

ပြည်သူ့အစိုးရသည် နိုင်ငံတော်ကို ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ပေးခြင်းနှင့်အတူ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကလိုအပ်ချက်များဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် သောက်သုံးရေရရှိရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်ပေးနေသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် တစ်နိုင်ငံလုံးတွင် လမ်းကွန်ရက်များ ဖြန့်ကြက်ဖောက်လုပ် ပေးနေသလို လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံး လွှမ်းခြုံမိစေရန်အတွက် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံ၊ မဟာဓာတ်အားလိုင်းများကို တည်ဆောက်ပေးနေသည်။

 

နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝ မြင့်မား တိုးတက်စေရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားရရှိခြင်းသည် အဓိက ကျသည့်အချက်ဖြစ်သည်။ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပြများသာမက ကျေးလက်ဒေသများပါမကျန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးကို လွှမ်းခြုံမိအောင် ဆောင်ရွက်နိုင်ပြီး နိုင်ငံလူဦးရေ အိမ်ထောင်စု ထက်ဝက်နီးပါး လျှပ်စစ်အလင်းမီးများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည် ကို မြို့ပြကျေးလက်နယ်စပ်များပါမကျန် လေ့လာစေ့ငုကြည့်မည်ဆိုလျှင် ယခင်နှင့်မတူတော့သည်မှာ အမှန်ဖြစ်နိုင်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းဖွဲ့စည်းထား သည့် ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းရင်းသားလူမျိုးများအားလုံး သာတူညီမျှဖြစ်အောင် ကဏ္ဍပေါင်းစုံတွင် ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်းများစွာ လိုလားတောင့်တနေကြသည်မှာ ငြိမ်းချမ်းရေး၊ အခြေခံအခွင့်အရေး၊ တန်းတူညီမျှရေးဖြစ်၍ ယင်းအချက်များကို ပြည်သူ့ အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည်။ အခြေခံအခွင့်အရေးတွင် တိုင်းရင်းသား ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကပါဝင်သဖြင့် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တွင် အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်သော အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံး တူညီသောအကျိုး၊ တူညီသောအလုပ်နဲ့ တူညီ သော ရည်ရွယ်ချက်တွေအတွက် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြမယ် ဆိုရင် ပြည်ထောင်စုရဲ့နယ်မြေများဖြစ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်သွားမှာဖြစ်ပြီး ဒီဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့် တွေကိုလည်း ကိုယ်စီကိုယ်င သာတူညီမျှ ရရှိခံစားကြရမှာ ဖြစ်ပါတယ်” ဟု အသိပေးပြောကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုကြီး တစ်ခုလုံး လွှမ်းခြုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အသီးအပွင့်များကို သာတူညီမျှရရှိခံစားနိုင်မည်ဖြစ်ရာ တိုင်းရင်းသား ညီအစ်ကိုမောင်နှများအားလုံးတို့ကလည်း တိုင်းပြည်ငြိမ်းချမ်းရေး၊ တန်းတူ ညီမျှအခွင့်အရေးရရှိနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။