
ပရီမီယာလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းသည် နည်းပြသစ် ခန့်အပ်ရန် အီတလီလူမျိုးနည်းပြ ရာနီရေရီနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၆၉ နှစ်အရွယ်ရှိ ရာနီရေရီအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် ဝက်ဖို့ဒ်အသင်းကို ပရီမီယာလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားသော နည်းပြ မူနော့ဇ် ၏နေရာကို အစားထိုးခန့်အပ်ခံရဖွယ် ရှိနေ သည်။
မူနော့ဇ်သည် ဝက်ဖို့ဒ်အသင်းကို ၁၀ လ ကြာ တာဝန်ယူထမ်းဆောင်ပြီးနောက် အသင်း ရလဒ်များ ဆိုးရွားနေသည့်အတွက် ဝက်ဖို့ဒ် အသင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ၎င်းကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ဝက်ဖို့ဒ်အသင်း က နူနော့ဇ်ကို အသင်းမှ ထုတ်ပယ်လိုက်ခြင်း သည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ပထမ ဆုံး ထုတ်ပယ်ခံခဲ့ရသည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဝက်ဖို့ဒ်အသင်းသည် မူနော့ဇ် လက်ထက် ယခုနှစ်ရာသီ ပရီမီယာ လိဂ် ခုနစ်ပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ လေးပွဲရှုံးနိမ့်ထားသည့်အတွက် ခုနစ် မှတ်သာ စုဆောင်းထားနိုင်ပြီး အမှတ်ပေး ဇယားတွင် အဆင့်(၁၅)နေရာတွင်သာ ရပ်တည် ထားနိုင်သည်။ ၎င်းသည် ဝက်ဖို့ဒ်အသင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်ကိုင် တွယ်ပြီးနောက် အသင်းအတွက် ပြိုင်ပွဲအရပ် ရပ် ၃၆ ပွဲ ကိုင်တွယ်ထားပြီး ၂၁ ပွဲနိုင်၊ လေးပွဲ သရေ၊ ၁၁ ပွဲ ရှုံးနိမ့်ထားသည့်အတွက် နိုင်ပွဲ ရရှိမှု ရာခိုင်နှုန်း ၅၈ ဒသမ ၃၃ ရှိသည်။
ရာနီရေရီသည် ပရီမီယာလိဂ်ကလပ် လက်စတာအသင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ယူ ကိုင်တွယ်ဖူးပြီး အသင်းနှင့်အတူ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးထား နိုင်သည့် နည်းပြတစ်ဦး ဖြစ်သည်။ ထို့အပြင် ရာနီရေရီသည် လက်စတာအသင်းအပြင် နာပိုလီ၊ အက်သလက်တီကိုမက်ဒရစ်၊ ချယ်ဆီး၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန် စသည့် နာမည်ကြီးအသင်းများကို ကိုင်တွယ်ဖူးပြီး အောင်မြင်သရဖူစိုက်ထူထားနိုင်သည့် နည်းပြ တစ်ဦးလည်း ဖြစ်သည်။
ဝက်ဖို့ဒ်အသင်းသည် နောက်ဆုံးယှဉ်ပြိုင် ကစားထားသည့် ပြိုင်ပွဲစုံ ငါးပွဲတွင် နော့ဝှစ်ချ် အသင်းကိုသာလျှင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိထားပြီး နယူးကာဆယ်အသင်းကို သရေကျ ကာ ဝုဖ်၊ စတုတ်၊ လိဒ်စ် အသင်းတို့ကို ရှုံးနိမ့် ထားသည်။ ရာနီရေရီအနေဖြင့် ဝက်ဖို့ဒ်နည်းပြ ရာထူးကို လက်ခံခဲ့ပါက ၎င်းရင်ဆိုင်ရမည့် ပထမဆုံးပွဲစဉ်မှာ လီဗာပူးအသင်းနှင့်ပွဲစဉ် ဖြစ်လာဖွယ်ရှိပြီး အောက်တိုဘာ ၁၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက် တွင် အဲဗာတန်၊ ဆောက်သမ်တန်၊ အာဆင် နယ်၊ မန်ယူ စသည့်အသင်းကြီးများနှင့်လည်း ဆက်တိုက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ထို့ကြောင့် နည်းပြ ရာနီရေရီအနေဖြင့် ပရီမီယာ လိဂ်သို့ တစ်ကျော့ပြန်ရောက်ရှိလာပြီး ဝက်ဖို့ဒ် အသင်းနှင့်အတူ အောင်မြင်မှုသရဖူ စိုက်ထူသွားနိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။
အောင်ဇော်