
သိုက်စိုးထွန်း(နတ်ရွာ)
လက်ပ်တော့ပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းပဲဖြစ်ဖြစ်၊ ဘာပစ္စည်းပဲဖြစ်ဖြစ် မော်ဒယ်လ်သစ် တစ်ခုပေါ်လာတိုင်း အရအမိဖမ်းဝယ်သူတွေရှိကြတယ်။ မော်ဒယ်လ် သစ်တွေမှာ အားသာချက်တွေကတော့ အများကြီးပါလာမှာပေါ့။ ဖုန်းဆိုရင် ကင်မရာပိုကောင်းလာတာ၊ မျက်နှာပြင်ပိုကြီးလာတာ၊ ဘက်ထရီပိုကောင်းလာတာ၊ ရုပ်ထွက်ပိုကြည်လင်တာ၊ အသံစနစ်တွေပိုကောင်းလာတာ၊ လုပ်ဆောင်ချက်တွေ သွက်လာတာ စသည်အားဖြင့် ပိုကောင်း၊ ပိုမြင့်လာတာတွေရှိမှာပေါ့။ မော်ဒယ်လ်ပိုမြင့်လာသလို ဈေးကလည်း သိသိသာသာ မြင့်လာတာပါပဲ။
တကယ်အသုံးတည့်ရဲ့လား
မော်ဒယ်လ်မြင့်ဖုန်းတွေ၊ မော်ဒယ်လ်မြင့်ဖုန်း တွေကို အသစ်ထွက်တိုင်း ဝယ်နိုင်လို့ဝယ်လိုက်ပေ မယ့် ကိုယ့်အတွက် တကယ်အသုံးတည့်တာဟုတ် ရဲ့လားဆိုတာကိုလည်း ပြန်စဉ်းစားစရာကောင်းပါ တယ်။ ကိုယ်သုံးမှာက စာစီစာရိုက်အတွက် Micro-soft Word သုံးမယ်၊ Excel သုံးမယ်၊ PowerPoint သုံးမယ်၊ ဒီလောက်ပဲ။ ကိုင်ထားတာက Progra-mmer တွေ၊ Gamer တွေ၊ Graphic Designer တွေ နဲ့ ပိုသင့်တော်တဲ့ စက်မျိုး။ မော်ဒယ်လ်မြင့် စက်ကို ကိုင်ရတော့ ပိုသွက်လာတာတို့၊ ရုပ်ထွက်ပိုကြည်လာ တာတို့ဆိုတဲ့ ပိုကောင်းတဲ့အချက်တွေရှိလာတာ တော့ မှန်တယ်။ ဒါပေမယ့် ပိုပေးလိုက်ရတဲ့တန်ဖိုးက မနည်းတာကိုလည်း သတိပြုရမှာပါ။ တချို့ဟာ တွေက မျောက်အုန်းသီးရဆိုသလိုပါပဲ လက်ထဲ ရောက်နေတာကို ဘယ်လိုအသုံးချရမှန်းမသိဖြစ် လာတယ်။ ကြာလာတော့ “ဈေးကြီးကြီးသာပေး ထားရ၊ သိပ်မထူးပေါင်ကွယ်” ဆိုတာမျိုးဖြစ်ရော။ တကယ်တော့ စက်ပစ္စည်းက ပိုမကောင်းတာမဟုတ် ဘူး။ သူကောင်းလာတဲ့ function တွေကို ကိုယ်က အသုံးမချနိုင်တာ၊ ကိုယ့်အတွက် အသုံးမတည့်တာ။
ကိုယ်အသုံးမချနိုင်တာ၊ ကိုယ့်အတွက် အသုံး မတည့်တာနဲ့ပဲ ဘာတွေပိုကောင်းတယ်ဆိုတာ ရေရေရာရာ မသိတာနဲ့ပဲ “သိပ်မထူးပေါင်ကွယ်” ဖြစ်ကရော။ ပစ္စည်းပစ္စယမှ မဟုတ်ပါဘူး။ လူအချင်း ချင်းမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ တစ်ဖက်လူရဲ့ အရည်အချင်းကို ကိုယ်မသိဘူး။ သူ့အရည်အချင်း ကလည်း ကိုယ့်ကို တိုက်ရိုက်အကျိုးမပြုဘူး။ ဒါနဲ့ပဲ “သိပ်မထူးပါဘူး”ဖြစ်ကရော။
သူ့တန်ဖိုးနဲ့သူ
တကယ်တော့ စက်ပစ္စည်းပဲဖြစ်ဖြစ်၊ လူပဲဖြစ် ဖြစ် သူ့တန်ဖိုးနဲ့သူ၊ သူ့အသုံးဝင်မှုနဲ့သူတော့ ရှိကြ တာပါပဲ။ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်သွားတဲ့အခါ အသုံးတည့်တယ်ပေါ့။ မကိုက်တဲ့ အခါကျတော့ အသုံးမတည့်ဘူးပေါ့။ ကိုယ့်အတွက်အသုံးမတည့် တာနဲ့ပဲ တစ်ဖက်လူကို အသုံးမဝင်ဘူးလို့ မပြော သင့် ပါဘူး။ တစ်ခုခု လွဲချော်နေသလားဆိုတာကိုသာ ပြန်ကြည့်ရမှာပါ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း မြင်မြင်သမျှ သက်ရှိ၊ သက်မဲ့တွေကို ကိုယ့်အတွက် ဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုသာ ကြည့်ပြီး အသုံးတည့်ရင် တန်ဖိုးရှိတယ်၊ အသုံးမတည့်ရင် တန်ဖိုးမရှိဘူးလို့ ပြောတာမျိုးကတော့ အတ္တကြီး လွန်းရာကျပါတယ်။ သူ့ရဲ့မူလပကတိ တန်ဖိုးကို မြင်နိုင်ကြည့်နိုင်ရမှာပါ။
လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ့်အတွက် အသုံးတည့်ခြင်း၊ မတည့်ခြင်းအပေါ် မူတည်ပြီး အလေးထားခြင်း၊ မထားခြင်းတွေ ခွဲလာကြတယ်။ “ဒီလူကို ငါသုံးလို့ရတယ်၊ သေချာဂရုစိုက်ဦးမှ။ ဒီလူ ကတော့ ငါ့အတွက် သိပ်အသုံးမတည့်ဘူး၊ သိပ် အလေးထားနေလို့မဖြစ်ဘူး” ဆိုတာမျိုးတွေ။ အပေး အယူသဘောကို ရှေ့တန်းတင်သူတွေ များလာ တယ်။ အရောင်းအဝယ်သဘောဆန်လာကြတယ်။ အသုံးတည့် သလား၊ လာထား။ အသုံးမတည့်ဘူး လား၊ သွား။ ဒီလိုသဘောထားမျိုးက လူမှုပတ်ဝန်း ကျင်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သဘောထား မဟုတ်ပေမယ့် ဒီသဘောထားရှိသူတွေကို ရှောင်ကွင်းနေဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုသဘောထားရှိနေလို့ဆိုပြီး အပြစ်ဆိုနေလို့ လည်း အကျိုးမထူးနိုင်ပါဘူး။
ရှင်သန်ရပ်တည်နိုင်ဖို့
လူမှုဆက်ဆံရေးနယ်ပယ်မှာ အရောင်းအဝယ် သဘော၊ အပေးအယူသဘောတွေကိုချည်း ဦးစား ပေးသူတွေနဲ့ဖြစ်ဖြစ်၊ တခြားသူတွေနဲ့ပဲဖြစ်ဖြစ် အဆင်ပြေအောင်နေရမှာပါပဲ။ ကိုယ်သဘောကျတဲ့ ပတ်ဝန်းကျင်ကောင်းမှာရောက်နေရင် ဒါမှမဟုတ် ကိုယ်သဘောမကျပေမယ့် ဒီပတ်ဝန်းကျင်ကို မစွန့်ခွာနိုင်သေးဘူးဆိုရင်တော့ ရှင်သန်ရပ်တည်နိုင် ဖို့ ကြိုးစားရမှာပါပဲ။ ဒီပတ်ဝန်းကျင်မှာ ကိုယ်က အသုံးတည့်သူတစ်ယောက်အဖြစ် ရပ်တည်လို သလား၊ ဒါဆိုရင် အသုံးတည့်သူတစ်ယောက်ဖြစ် အောင် ကြိုးစားရမှာပါပဲ။
ကိုယ်က သုံးမယ့်ဘက်ကလား၊ အသုံးချခံမယ့် ဘက်ကလား။ အသုံးချခံဆိုတဲ့ စကားလုံးက နည်းနည်းတော့ အကောက်အယူလွဲစေနိုင်ပါတယ်။ တကယ်တော့ သုံးပေးမယ့်သူရှိရင် အသုံးခံမယ့်သူ လည်း ရှိရမှာပေါ့။ “ကျွန်တော်များ အသုံးတော်ခံ တင်ဆက်လို့ ပေးမှာကတော့” ဆိုတဲ့ စကားလုံးရှိ သလို “ဒီကလေးကို လူသိပ်မသုံးပါဘူးကွာ”ဆိုတာမျိုးလည်း ပြောကြပါတယ်။ သူ့ကိုမသုံးဘူးဆိုတဲ့ စကားမှာ ရည်ညွှန်းခံရသူက အပယ်ခံသဘော ဒါမှ မဟုတ် ဆိုင်ရာအရည်အချင်း နိမ့်ပါးနေတဲ့သဘောကို ဆိုလိုပါတယ်။
အသုံးတည့်ကြောင်း ကြော်ငြာ
ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေက ကိုယ့် ပစ္စည်းကို လူတွေသုံးဖို့အတွက် ဒီပစ္စည်းရဲ့ကောင်း ချက်၊ အားသာချက်တွေကို ကြော်ငြာပေးကြတယ်။ ဝန်ဆောင်မှုပေးတဲ့သူတွေလည်း ဒီလိုပါပဲ၊ ကိုယ့် ဝန်ဆောင်မှုကို လူများများသုံးလာဖို့ ကြော်ငြာပေး ကြတယ်။ ဒီလိုပါပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း ကြော်ငြာနေကြရတယ်။ အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍအတွက် ကြော်ငြာတွေမှာ ကြည့်လိုက်ရင် သိသာပါတယ်။ ဟိုအရင်ကတော့ အလုပ်ပေးချင်တဲ့ အဖွဲ့အစည်းကပဲ ကြော်ငြာခေါ်ယူကြရတာ၊ ဘယ် အလုပ်၊ ဘယ်ရာထူးအတွက် ဘာအရည်အချင်း တွေပြည့်စုံတဲ့သူတွေ အဆိုပြုလျှောက်ထား နိုင်ပါ တယ်ပေါ့။ နောက်ပိုင်းမှာတော့ အလုပ်လိုချင်တဲ့ သူကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်ကြော်ငြာတဲ့ပုံစံတွေ ရှိလာကြတယ်။ ကိုယ့်မှာ ဘာအရည်အချင်းတွေ ရှိထားပါတယ်၊ ဘယ်လိုအလုပ်မျိုး ရချင်တယ်ဆိုတာ မျိုးပေါ့။ သူ့ကိုသုံးချင်တဲ့ ကုမ္ပဏီတွေက သူ့ကို ဆက်သွယ်ပေတော့ပေါ့။
ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက အလုပ်အကိုင် အခွင့်အလမ်းအတွက် ကြော်ငြာခေါ်လို့ လျှောက်လွှာ တင်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ကြော်ငြာ ရပြန်တာပါပဲ။ ဘာဘွဲ့တွေရထားပါတယ်၊ ဘယ်သင် တန်းတွေတက်ထားပါတယ်၊ ဘာတွေလည်း လုပ် တတ်ပါတယ်ဆိုပြီး အလုပ်ခန့်မယ့်သူ သဘောကျ သွားအောင် စာရွက်စာတမ်း အထောက်အထား တွေနဲ့ ကြော်ငြာရတာ။ တစ်ဆင့်တက်ပြီး အင်တာဗျူး အဆင့်ကို ရောက်ပြန်ပြီဆိုရင်လည်း မျက်နှာချင်း ဆိုင်တွေ့ပြီး ကိုယ့်ကိုယ်ကိုယ်ကြော်ငြာရသေးတာ ပါပဲ။ ဒီအလုပ်မှာ ကိုယ်ကအသုံးတည့်မယ့် သူတစ်ယောက်ဖြစ်တဲ့အကြောင်းပေါ့။
အလုပ်ရဖို့ကြိုးစားနေတုန်းမှာသာ ကြော်ငြာရ တာမဟုတ်သေးပါဘူး။ လုပ်ငန်းခွင်ကိုရောက်ပြီးတဲ့ နောက်မှာလည်း ကြော်ငြာနေရသေးတာပါပဲ။ သူ့ အလုပ်မှာ အသုံးမတည့်ဘူးထင်ရင် အလုပ်ရှင်က အလုပ်ဖြုတ်ပစ်လိုက်မှာ စိုးရသေးတာကိုး။ အလုပ် ဆက်လုပ်နေကြတဲ့သူချင်းအတူတူ ကိုယ်က ပိုအသုံး တည့်ကြောင်း ဆက်ပြီးကြော်ငြာနေရသေးတယ်ဆိုပါတော့။
အသုံးတော်ခံမယ့်သူက သုံးတဲ့သူမျက်စိကျ အောင်ကြော်ငြာနေရတာ။ သုံးတဲ့သူဘက်က လိုအပ် တဲ့အရည်အချင်းတွေ ကိုယ့်မှာမရှိသေးဘူးဆိုရင် လည်း ရှိအောင် ကြိုးစားရသေးတာ။ ဘာသင်တန်း တက်ထားသူဖြစ်ရမယ်ဆိုပြန်တော့ တက်လိုက်ရ သေးတာ။
အံမဝင်တဲ့ နေရာ
အချိန်အခါ၊ နေရာဒေသအပေါ်မူတည်ပြီး ကိုယ့်ရဲ့အသုံးတည့်ခြင်း၊ မတည့်ခြင်းအနေအထား က ကွာနိုင်သေးတာကို သတိပြုရမှာပါ။ အထိုင်လွဲနေ ပြီလား၊ နေရာမှားနေပြီလား၊ ကိုယ်နဲ့ အံမဝင်တဲ့ နေရာတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ်သုံးဖို့ကြိုးစားနေမိပြီလားဆိုတာကို ပြန်သုံးသပ်ကြည့်ဖို့လိုပါတယ်။ အချိန်အခါ၊ နေရာဒေသအပေါ်မူတည်ပြီး ကိုယ့် တန်ဖိုးကွာသွားနိုင်တာကို သတိပြုရမှာပါ။ ခေါင်းမှာ အမြတ်တနိုး ယုယထားတဲ့ဆံပင်တွေထဲက ဆံခြည် လေးတစ်မျှင် ဟင်းခွက်ထဲရောက်လာတော့ ရွံစရာ ဖြစ်သွားတယ်။ တစ်ခါတလေများ နေရာအကြီး အကျယ်လွဲတာမဟုတ်ဘဲနဲ့ အချိန်လေးနည်းနည်း လွဲသွားတာနဲ့ တန်ဖိုးတွေကွာသွားတတ်တာမျိုး။ ဥပမာအားဖြင့် ထမင်းစားတဲ့အခါ ဟင်းနဲ့ရောစားရ တာပါပဲ။ ဒါပေမယ့် ကိုယ်စားမယ့်ထမင်းပွဲမှာ ဟင်းပန်းကန်ထဲ ထမင်းလုံးတွေ ကျနေတာတွေ့ တော့ ရွံသတဲ့၊ ထမင်းပန်းကန်ထဲ ဟင်းတွေဖိတ်ကျ နေတော့လည်း မစားချင်ပြန်ဘူး။ ဒီသဘောတရားကို ကျေညက်ဖို့လိုပါတယ်။ ထမင်းနဲ့ဟင်းက ထမင်း စားရာမှာ အသုံးတည့်ပေမယ့် အချိန်မကျခင် နေရာ မှားပြီး ရောက်လာတော့ ထမင်းဝိုင်းလေးရဲ့ သန့်ရှင်း သပ်ရပ်မှုတန်ဖိုးလေး၊ စားချင်စဖွယ်ဖြစ်မှုလေး ပျက် သွားရော။ အဲဒါတွေက အသုံးတော်ခံသူတွေအတွက် ဖွင့်ဆိုတင်ပြချက်တွေ။
လိုလားချက်နဲ့ ကိုက်ညီရဲ့လား
ကိုယ်က အသုံးတော်ခံမယ့်သူမဟုတ်ဘဲ အသုံး ပြုမယ့်သူဆိုရင်လည်း အကဲခတ်မလွဲဖို့လိုမှာပါ။ ကိုယ်သုံးလိုတဲ့ သက်ရှိ၊ သက်မဲ့ဟာ ကိုယ့်လိုလား ချက်နဲ့ကိုက်ညီရဲ့လား၊ ဒါမှမဟုတ် သူ့အရည်အချင်း တွေ၊ တန်ဖိုးတွေကို ကိုယ်သိရဲ့လား၊ အသုံးချနိုင်ရဲ့ လားဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမှာပါ။ နွားလေးတစ်ရှဉ်း သဘောကျလို့ဝယ်လာတယ်၊ လယ်ယာလုပ်ငန်းခွင်မှာ သုံးရုံပေါ့။ မြင်းလေးတစ်စီး ကျတော့ ဝယ်ရတာလွယ်ပေမယ့် သူ့ကိုသုံးဖို့ဆိုရင် တော့ ကိုယ့်မှာ မြင်းစီးအတတ်ပညာလိုလာပြီ။ ကားလေးတစ်စီး မောင်းကြည့်ဖို့က သင်ရတာသိပ် မခက်ပေမယ့် လေယာဉ်ပျံကျတော့ ခက်သွားပြီ။ ကိုယ်လေယာဉ် မမောင်းတတ်လို့ လေယာဉ်က ကိုယ့်အတွက် အသုံးမတည့်ဘဲ ဖြစ်နေတာလား၊ လေယာဉ်ကိုယ်၌က ညံ့နေတာလားဆိုတာကို ခွဲခြား နိုင်ဖို့လိုပါတယ်။ အသုံးမတည့်တာလား၊ ကိုယ်က အသုံးမချတတ်တာလားဆိုတာကို ခွဲခြားနိုင်ဖို့လိုပါ တယ်။
သစ်ပင်ကြီးတစ်ပင်ကို လူတွေကမြင်တယ်။ ပန်းပုဆရာကမြင်တော့ ပန်းပုထုလိုက်ရရင် ကောင်း မှာပဲလို့တွေးတယ်။ ခုံဖိနပ်လုပ်တဲ့သူကျတော့လည်း ဒီအပင်ကြီးလှဲပြီး ခုံဖိနပ်တွေ ခုတ်လိုက်ရရင် အရန် တွေ တော်တော်များများရမှာပဲလို့ တွေးနေ တယ်။ အုတ်ဖုတ်တဲ့သူကမြင်ပြန်တော့ ဒီအပင်ကြီး သာ လှဲလိုက်ရင် အုတ်ထင်းတွေလှည်းဘယ်နှစီးတိုက်လောက် ထွက်လာမယ်ဆိုတာမျိုး တွေးနေ တာ။ အသုံးပြုမယ့်သူအပေါ်မူတည်ပြီး အသုံးတည့် မတည့်ဆိုတာနဲ့ အသုံးခံတန်ဖိုးက ကွာသွားတတ် သေးတာပါ။
ကျွန်းပင်ကြီးတစ်ပင်၊ ပရိဘောဂလား၊ ပန်းပု လား၊ ကျွန်းမီးသွေးလား၊ သဘာဝပတ်ဝန်းကျင် အတွက် ဒီအတိုင်း ထိန်းသိမ်းထားမလား။
အသုံးတည့်ခြင်း၊ မတည့်ခြင်းဆိုတာတွေနဲ့ ပတ်သက်လို့ စဉ်းစားစရာလေးတွေပါခင်ဗျာ။ ။
- Log in to post comments