သက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည်နေ့။ ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူပြီးနောက် ကိုးလတင်းတင်း ပြည့်သည့်နေ့ဖြစ်ပြီး ထိုနေ့တွင် မဇ္စျိမဒေသ၊ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီး၌ ဗုဒ္ဓဘာသာ သမိုင်းတွင် ပထမဆုံးအကြိမ် သံဃသန္နိပါတ သံဃာ့အစည်း အဝေးကြီးကို ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးကြီး သည် ဆီးနှင်း မြူတိမ် အသူရိန် မီးခိုး အညစ်အကြေး ငါးမျိုးကင်းစင်ကာ သန့်ရှင်းကြည်လင်သည့် လပြည့်နေ့ ဖြစ်ခြင်း၊ ကိလေသာအညစ်အကြေးကင်းစင်သည့် ရဟန္တာ ကြီး ၁၂၅၀ တို့ မဖိတ်မကြားဘဲ စုဝေးမိခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ ဧဟိဘိက္ခုချည်းသာ ဖြစ်တော်မူခြင်း၊ အားလုံးသော ရဟန္တာကြီးများမှာ အဘိဉာဏ် ခြောက်ပါး ရတော်မူကြသည့် ဆဠဘိညရဟန္တာကြီးများဖြစ်ခြင်း ဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် သံဃသန္နိပါတကြီးပင် ဖြစ်သည်။
ဤသံဃာ့အစည်းအဝေးကြီးတွင် မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ‘‘ပထမ အဂ္ဂသာဝက’’ အဖြစ်လည်းကောင်း၊ အရှင်မောဂ္ဂလန်မထေရ်မြတ်ကို ‘‘ဒုတိယအဂ္ဂသာဝက” အဖြစ်လည်းကောင်း ချီးမြှင့်အပ်နှင်း တော်မူကာ ဘုရားရှင်တိုင်းပြုမြဲဖြစ်သည့် တပည့်သား သံဃာတော်တို့အား ဩဝါဒပေးတော်မူသည့် အမှုကိုပြု ခဲ့သည်။ ဘုရားရှင်အဆူဆူတို့၏ အဆုံးအမတော်ဖြစ်သော ဩဝါဒပါတိမောက်သည် ပိဋကတ်သုံးပုံ၏ အနှစ်ချုပ် လည်း ဖြစ်သည်။ သီလ၊ သမာဓိ၊ ပညာတို့ကို ဟောကြား ထားပြီး လိုက်နာကျင့်သုံးသူများမှာ ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်က ဩဝါဒပါတိမောက်ကို ဂါထာသုံးဂါထာ ဖြင့် ဟောကြားတော်မူခဲ့ရာ-
(၁) ခန္တီ ပရမံ တပေါ တိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
(၂) သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ
ဧတံ ဗုဒ္ဓသာသနံ။
(၃) အနူပဝါဒေါ အနူပဃာတော
ပါတိမောက္ခ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ
ပန္ထဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ
ဧတံ ဗုဒ္ဓသာသနံ။ ဟူ၍ ဖြစ်ပြီး အနက်အားဖြင့် (၁) လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန် မြတ်သောအကျင့်ပေတည်း။ နိဗ္ဗာန်တရားကို အမြတ်ဆုံး ဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။ သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူ မဟုတ်။ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှု တို့ကို ငြိမ်းစေသူမဟုတ်။ (၂) မကောင်းမှုဟူသမျှကို မပြု လုပ်ရာ။ ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။ မိမိ၏စိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။ (၃) သူတစ်ပါးကို မစွပ်စွဲ၊ မပြစ် မှားရာ။
သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။ မြတ်သော သီလ၌ စောင့်စည်းလုံခြုံရာ၏။ စားသုံးဖွယ်၌ ပမာဏကို သိရာ၏။ အစွန်အဖျား (ဆိတ်ငြိမ်ရာ) ကျောင်းအိပ်ရာ၌ နေရာ၏။ ထူးမြတ်သော စိတ်၌ လွန်စွာအားထုတ်ရာ၏ ဟူ၍ဖြစ်သည်။
ဩဝါဒပါတိမောက်သည် ဘုရားရှင်တို့သာ ပြခွင့်ရှိပြီး တပည့်သာဝကတို့ပြခွင့်မရှိသော အဆုံးအမဩဝါဒများပင် ဖြစ်သည်။ ကျဆုံးမှုမှ လွတ်မြောက်စေခြင်း၊ အောက်တန်း နောက်တန်းကျခြင်းမှ လွတ်မြောက်စေခြင်း ဟူသော အနက်အဓိပ္ပာယ်ဖြစ်သည့်အလျောက် ဩဝါဒပါတိမောက် လာ အဆုံးအမဩဝါဒများနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းဖြင့် ရဟန်းဖြစ်စေ၊ လူဖြစ်စေ ဘဝအောက်တန်းမှ လွတ်မြောက် ကာ အထက်တန်းသို့ တက်လှမ်းနိုင်ကြမည်ဖြစ် ပါကြောင်း။ ။