အထူးဂရုထား ရှောင်ရှားရမည့် ဒယ်လ်တာ

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများ   ပေါ်လာပြီးနောက် ကမ္ဘာပေါ်တွင်  ကိုဗစ်-၁၉  ကူးစက်ပျံ့နှံ့မှု    အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာသည်။   မျိုးရိုးဗီဇပြောင်း   ကိုဗစ်-၁၉ ရောဂါပိုး လေးငါးမျိုး  ပေါ်ထွက်လာသည့်အနက် ဒယ်လ်တာဟု အမည်ပေးထား သည့်ပိုးက တစ်ကမ္ဘာလုံးတွင်  ဗိုလ်စွဲသည်ဟု  ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ နီးနီးတွင်   ဒယ်လ်တာ ဗီဇပြောင်းရောဂါပိုးက ဝင်ရောက်ပျံ့နှံ့နေပြီဖြစ်သည်။
ဒယ်လ်တာဗီဇပြောင်းရောဂါပိုးက ကူးစက်မှုနှုန်း ပိုမိုမြန်ဆန် ၍၊ ရောဂါပိုမိုပြင်းထန်ကာ ‌ရောဂါလက္ခဏာမှာလည်း   မူလကိုဗစ်-၁၉ နှင့် ကွဲပြားခြားနားမှုအချို့ရှိနေရာ  အထူးဂရုစိုက်ဖို့ လိုအပ်သည်။ ဒယ်လ်တာပိုးကူးစက်ခံထားရသူတစ်ဦးနှင့် အနီးကပ်  ထိတွေ့ ဆက်ဆံသူများအနက် ၄၀ ရာခိုင်နှုန်းမှာ ရောဂါကူးစက်ခံရနိုင်သည်။ ရောဂါပြင်းထန်၍ ဆေးရုံတက်ရောက်ရမှုနှင့်  သေဆုံးမှုမှာလည်း ပိုမို၍   မြင့်မားသည်။   ဒယ်လ်တာ၏  ရောဂါလက္ခဏာများတွင် အသက်ရှူကျပ်ခြင်း၊ အဆုတ်တွင်   ရောဂါဖြစ်ခြင်းတို့အပြင် နှာခေါင်း ပိတ်ခြင်း၊   နှာရည်ကျခြင်း၊   လည်ချောင်းနာခြင်း၊  ခေါင်းကိုက်ခြင်း၊ အဖျားဝင်ခြင်းတို့လည်း   ပါဝင်နေရာ    သာမန်အအေးမိခြင်းနှင့် မှားယွင်းနိုင်ပြီး   ဒယ်လ်တာပိုးကူးစက်ခံရသူအချို့မှာ  အနံ့ပျောက် ခြင်း၊ အရသာပျောက်ခြင်းလက္ခဏာများ မဖြစ်ပေါ်ခြင်းကြောင့်လည်း  သာမန်အအေးမိဖျားနာခြင်းနှင့် မှားယွင်းနိုင်သည်။ 
မြန်မာနိုင်ငံအတွင်း ဗီဇ‌ပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက် လာမှုတွင် ကံအကြောင်းမလှစွာပင်    ဒယ်လ်တာဗီဇပြောင်းပိုးလည်း ပါဝင်လာသည်ကို   တွေ့ရှိရပြီး  နေ့စဉ်နှင့်အမျှ ရောဂါပိုးကူးစက်မှု နှုန်း မြင့်တက်လာကာ သေဆုံးမှုလည်း  ပိုမိုများပြားလျက်ရှိနေသည်။ အမေရိက၊   ဥရောပ၊   အာရှနိုင်ငံ ပေါင်း ၁၀၀ ခန့်တို့တွင်  ဒယ်လ်တာ ပိုးကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်းအပေါ်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက လွန်စွာအန္တရာယ်ကြီးမားသည့်   အခြေအနေအဖြစ် သတိပေး ထားသည်။  သို့ဖြစ်ရာ  မြန်မာနိုင်ငံအနေဖြင့်လည်း   နိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သည့်  ဒယ်လ်တာပိုးကူးစက်ပျံ့နှံ့မှုအပေါ် အထူး ဂရုပြုရန်  လိုအပ်နေပြီဖြစ်ပြီး မေ့မေ့လျော့လျော့၊  ပေါ့ပေါ့ဆဆဖြင့် နေထိုင်ရင်း ရောဂါကူးစက်ခံရသည့်အခြေအနေသို့  ရောက်ရှိမသွား စေရန် သတိပေးတိုက်တွန်းလိုသည်။


ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သည်ဟုဆိုရာတွင် လူ့ခန္ဓာကိုယ် အတွင်းသို့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှ  ဝင်ရောက်ခြင်းဖြစ်သည်။ ယင်းသို့   ဝင်ရောက်သည်ဟု ဆိုရာတွင်လည်း ရောဂါပိုး လေထုထဲ လွင့်ပျံလာသည်ကို ရှူရှိုက်မိခြင်း၊ ရောဂါပိုးကျရောက်   တွယ်ကပ် နေသည့် အရာဝတ္ထုတစ်ခုခုကို  လက်ဖြင့်ကိုင်တွယ်မိပြီး ယင်းလက် ဖြင့်ပင်  မျက်စိ၊  နှာခေါင်း၊  ပါးစပ်တို့ကို  ပွတ်သပ်ကိုင်တွယ်မိခြင်း စသည်တို့မှ  ဝင်ရောက်ကူးစက်ခံရခြင်းဖြစ်သည်။ အပေါ်ခွံတွင် အဆီ များ ဖုံးလွှမ်းနေသည့် ဆူးဘောလုံးပုံသဏ္ဌာန် ကိုဗစ်-၁၉ ရောဂါပိုးကို ပညာပေးပိုစတာများတွင်  မိမိတို့ တွေ့ဖူးမြင်ဖူးကြပြီး ဖြစ်သည်။ ယင်းရောဂါပိုးသည်    စကားကျယ်လောင်စွာပြောခြင်း၊ သီချင်း ဆိုခြင်း၊  နှာချေ ချောင်းဆိုးခြင်းတို့မှတစ်ဆင့်   လေထုထဲသို့   မိနစ် အနည်းငယ်ကြာ  ရောက်ရှိလွင့်မျောပြီး  အောက်သို့ကျသည်။ သာမန် အားဖြင့် ငါးရက်ခန့်ကြာပြီးလျှင် သေသွားသည်။


သို့ဖြစ်ရာ   လေအေးပေးစက်တပ်ဆင်ထားသော    အိပ်ခန်း၊ အလုပ်ခန်း၊    ရုံးခန်းတို့ကို    နေရောင်ခြည်ရရှိရန် လေဝင်လေထွက်တို့‌ ကောင်းမွန်စေရန် တံခါးများ ဖွင့်ထားပြီး လေအေးပေးစက်များအစား ပန်ကာများ သုံးစွဲရန်   ကျန်းမာရေးပညာရှင်များက    အကြံပြု  တိုက်တွန်းထားသည်။

 

  မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို   ပါးစပ်၊ နှာခေါင်းစည်းနှင့်  မျက်နှာကာတို့ဖြင့်  ကာကွယ်ထားရန်၊ အိပ်ရေး ဝဝအိပ်၊ အာဟာရပြည့်အောင်စား၊  ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတို့ လုပ်ရန်၊ လူစုလူဝေးကိုရှောင်၊ လက်ကိုဆပ်ပြာဖြင့်  မကြာ မကြာ ဆေးရန်တို့ကို မပြတ်သတိပေးလျက်ရှိရာ ကိုဗစ်-၁၉ မူလရောဂါ ပိုးထက် ပိုမိုပြင်းထန်ကူးစက်မြန်သော    ဒယ်လ်တာမျိုးဗီဇပြောင်း ရောဂါမှ ရှောင်ရှားနိုင်ရေး  လူတိုင်းလူတိုင်း   ဂရုပြု၍   ကျင့်သုံးကြစေ ရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။            ။