
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) (B.1.1.529) နှင့်ပတ်သက်၍ အထူးသတိပြုရမည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် သတင်းအဖွဲ့က ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်-
မေး။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်
(omicron) (B.1.1.529) ကို ဘာကြောင့် အထူးသတိပြု စောင့်ကြည့်သင့်သလဲဆိုတာကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်
(omicron) (B.1.1.529) မှာ စုစုပေါင်း မျိုးဗီဇပြောင်းလဲမှု ၅၀ ခန့်ရှိတယ်လို့ သိရှိရပြီး အဓိကကျတဲ့နေရာဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့ ဆူးချွန်မှာ မျိုးဗီဇပြောင်းလဲမှု ၃၀ ခန့်အထိရှိလို့ မျိုးဗီဇ ပြောင်းလဲမှု အလွန်များပြားတယ်လို့ သိရပါတယ်။
ငါးခုမြောက်အမည်ပေး
ဒါကြောင့်လည်း အဲဒီပိုးမျိုးကွဲစတင်တွေ့ရှိတဲ့ တောင်အာဖရိကနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ နိုဝင်ဘာ ၂၆ ရက်က ကျင်းပတဲ့ နည်းပညာ ကွန်ဖရင့်မှာ ဒီမျိုးကွဲအသစ်နဲ့ ပတ်သက်လို့ ဆွေးနွေးအပြီး စိုးရိမ်ရဖွယ်ကူးစက်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နိုင်တဲ့ မျိုးဗီဇပြောင်းပိုးများအုပ်စု (Variants of Concern) မှာ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်လ်တာတို့နဲ့အတူ အိုမီခရွန် (omicron) မျိုးဗီဇ ပြောင်းပိုးအဖြစ် ငါးခုမြောက်အမည်ပေး ထည့်သွင်း လိုက်တာဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်
(omicron) (B.1.1.529) ကို ဘယ်နေရာ၊ ဘယ်အချိန်မှာ စတင်တွေ့ရတာပါလဲ။
ဖြေ။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်
(omicron) (B.1.1.529) စတင်ရာအဖြစ် အာဖရိကတိုက်၊ တောင်အာဖရိကနိုင်ငံနဲ့ ဘော့ဆွာနာနိုင်ငံလို့ ကနဦးသိထားရပါတယ်။ စတင်အတည်ပြုတွေ့ရှိရခြင်းအနေနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံက ရရှိတဲ့ ဓာတ်ခွဲနမူနာတစ်ခုမှာ တွေ့ခဲ့ရတာဖြစ်ပြီး ဒီလို တွေ့ရှိရမှုကို တောင်အာဖရိကနိုင်ငံက နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်း ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
နိုင်ငံ/ဒေသပေါင်း ၁၇ ခုသို့ ပျံ့နှံ့ရောက်ရှိနေ
အိုမီခရွန် (omicron) (B.1.1.529) အဖြစ် စတင်တွေ့ရှိအတည်ပြုပြီး ၃၀-၁၁-၂၀၂၁ ရက်နေ့ အထိ တောင်အာဖရိက၊ ဘော့ဆွာနာ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ယူကေ၊ ဩစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ဟောင်ကောင်၊ ကနေဒါ၊ အစ္စရေး၊ ဒိန်းမတ်၊ ဩစတြီးယား၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ချက်၊ စပိန် တို့ပါဝင်တဲ့ ကမ္ဘာတစ်ဝန်း နိုင်ငံ/ဒေသပေါင်း ၁၇ ခုသို့ ပျံ့နှံ့ရောက်ရှိနေတာကို အတည်ပြုပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ်၊ ဖင်လန်၊ ဂျပန်၊ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေကိုလည်း ရောက်ရှိနေနိုင်ဖွယ်ရှိပြီး ကမ္ဘာတစ်ဝန်း အတည်ပြု လူနာ ၁၉၉ ဦးနဲ့ သံသယဖြစ်ဖွယ်လူနာ ၁၃၀၂ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
မေး။ အိုမီခရွန်(omicron) (B.1.1.529)မှာ မျိုးဗီဇ
ပြောင်းလဲမှုတွေ များနေတာတွေကနေ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင် ပါသလဲ။
ဖြေ။ ဒီလိုဗီဇပြောင်းတာတွေများတဲ့ ကိုဗစ်-၁၉
ရောဂါပိုးအနေနဲ့ကတော့ မူလ ကိုဗစ်-၁၉ ပိုးရဲ့ ရောဂါကူးစက်ပြန့်ပွား/ဖြစ်ပွားစေတဲ့ ပြုမူ ပုံတွေနဲ့ လုံးဝမတူနိုင်တော့တာဖြစ်ပါတယ်။ လတ်တလောမှာ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး ဖြစ်နိုင် ခြေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဆူးချွန်မှာပါရှိတဲ့ ခုခံအားစနစ်အရ အရေးပါတဲ့နေရာ တွေမှာ ပြောင်းလဲမှုတွေဖြစ်ခြင်းကြောင့် ကာကွယ် ဆေးတွေရဲ့ ထိရောက်မှုကို လျော့ကျနိုင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူများတွင်လည်း ရောဂါထပ်မံ၍ ဖြစ်ပွားစေနိုင်ခြင်းနှင့် လူလုပ် ပဋိပစ္စည်း (therapeutic monoclonal antibodies) တွေရဲ့ ထိရောက် မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဆူးချွန်မှာပါရှိတဲ့ လူ့ခန္ဓာကိုယ်ဆဲလ်ထဲကို ဝင်နိုင် အောင် ဆောင်ရွက်တဲ့အပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို မြန်ဆန်စေနိုင်ပါတယ်။ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ နဲ့ လမ်ဘဒါမျိုးကွဲတွေမှာလို ပြောင်းလဲမှုတွေ ကြောင့် မွေးရာပါကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင် စွမ်းတွေရှိလာနိုင်လို့ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ အတွင်းရှိ မျိုးဗီဇမှာလည်း အယ်လ်ဖာ၊ ဂမ်မာနဲ့ လမ်ဘဒါမျိုးကွဲတွေမှာလို ပြောင်းလဲမှုတွေဖြစ် လို့ ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက်လာနိုင်ဖွယ်ရှိတာ တွေ့ရ ပါတယ်။
အောက်ဖော်ပြပါပုံမှာ အိုမီခရွန် (omicron) (B.1.1.529) ဗိုင်းရပ်စ်မျိုးကွဲဟာ ဒယ်လ်တာနဲ့ ဘီတာဗိုင်းရပ်စ်မျိုးကွဲတွေနဲ့ နှိုင်းယှဉ်ရင် အချိန်တို အတွင်းမှာ ကူးစက်ခံရသူရာခိုင်နှုန်း အရေအတွက် ဟာ လျင်မြန်စွာများပြားလာတာကို တွေ့ရနိုင်ပါ တယ်။
မေး။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးကနေ
ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အပေါ် ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။
ဖြေ။ လက်ရှိ တောင်အာဖရိကနိုင်ငံရဲ့အခြေ
အနေကိုကြည့်ရရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေဟာ မျိုးဗီဇပြောင်းလဲတဲ့ပိုးတွေ ဝင်ရောက်ကူးစက်ဖြစ်ပွားမှုနဲ့အတူ ရောဂါဖြစ်ပွားမှု တွေကို လှိုင်းအသွင်တွေ့မြင်ရတာဖြစ်ပြီး ပူးတွဲပါ ပုံမှာ အိုမီခရွန် (omicron) ဝင်ရောက်လာမှုနဲ့အတူ လှိုင်းတစ်လှိုင်း အသစ်ဖြစ်ပွားလာနိုင်မှုရဲ့အစ အသွင်ဖြစ်နေတာမို့ သတိကြီးစွာထားပြီး စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။
မေး။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးနဲ့
ပတ်သက်လို့ ကမ္ဘာ့နိုင်ငံများရဲ့ ဆောင်ရွက် ချက်ကို သိပါရစေ။
ဖြေ။ လက်ရှိအချိန် ၃၀-၁၁-၂၀၂၁ ရက်နေ့အထိ
သိရှိရချက်များအရ ကမ္ဘာတစ်ဝန်း နိုင်ငံ/ ဒေသပေါင်း ၇၀ ခန့်က အာဖရိကတိုက်တောင်ပိုင်း နိုင်ငံတွေနဲ့ ခရီးသွားလာမှုကန့်သတ်ချက်တွေ တိုးမြှင့်ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် အဲဒီလို တိုးမြှင့်ဆောင်ရွက်တဲ့ နိုင်ငံအရေအတွက်က လည်း တစ်နေ့တခြား တိုးတက်လျက်ရှိတယ်လို့ သိရပါတယ်။
ခရီးသွားလာမှုကန့်သတ်ချက်တွေ တိုးမြှင့် ဆောင်ရွက်တဲ့နိုင်ငံတွေကို ဥပမာပေး တင်ပြရရင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ မော်လတာ၊ ချက် နိုင်ငံတွေကတော့ တောင်အာဖရိကတိုက်က ခြောက်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက လေယာဉ် တွေဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံကလည်း တောင်အာဖရိက တိုက်က ခြောက်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက ခရီးသွားတွေဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ မော်လ်ဒိုက်နိုင်ငံကလည်း တောင် အာဖရိကတိုက်က ခုနစ်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေ၊ မိုဇမ်ဘစ်နိုင်ငံ တွေက ခရီးသွားတွေဝင်ရောက်မှုကို ကန့်သတ် လိုက်ပြီဖြစ်ပါတယ်။
b စာမျက်နှာ ၈ မှ
အစ္စရေးနဲ့ စင်ကာပူနိုင်ငံတွေကတော့ သူ့နိုင်ငံသား တွေကို တောင်အာဖရိကနိုင်ငံကို သွားရောက်ခွင့် မပြုတော့သလို အဲဒီဒေသက ခရီးသွားတွေကိုလည်း ဝင်ရောက်ခွင့် မပြုတော့ပါဘူး။
အမေရိကန်နိုင်ငံကလည်း တောင်အာဖရိက အပါအဝင် သူနဲ့အိမ်နီးချင်း ရှစ်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ မိုဇမ်ဘစ်နဲ့မာလာဝီနိုင်ငံတို့က နိုင်ငံခြားသားတွေကို ၃၀-၁၁-၂၀၂၁ (အင်္ဂါနေ့) ကစပြီး ပြည်ဝင်ခွင့်ပိတ်ထားတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံကလည်း ဖော်ပြပါ အာဖရိက ရှစ်နိုင်ငံ ကနေ လာရောက်မယ့် ခရီးသည်တွေကိုဝင်ခွင့်မပြု တော့ကြောင်းသိရပါတယ်။ သြစတြေးလျနိုင်ငံက လည်း တောင်အာဖရိကနိုင်ငံအပါအဝင် ဖော်ပြပါ အာဖရိက ရှစ်နိုင်ငံကနေ လေယာဉ်ခရီးစဉ် ပျံသန်း တာကို ၁၄ ရက်ကြာဆိုင်းငံ့ထားတယ်လို့ ကြေညာ ထားပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီနိုင်ငံတွေကို သွားခဲ့တဲ့ သြစတြေးလျနိုင်ငံသားတွေကိုလည်း နိုင်ငံထဲ ဝင်ခွင့်ပိတ်ထားတယ်လို့သိရပါတယ်။
ကနေဒါနိုင်ငံကလည်း ပြီးခဲ့တဲ့ ၁၄ ရက် အတွင်း တောင်အာဖရိကအပါအဝင် သူနဲ့အိမ်နီး ချင်း ခုနစ်နိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်တားမြစ်ထားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံကတော့ နိုင်ငံအတွင်း နေထိုင်သူမဟုတ်တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ ပြည်ဝင်ခွင့်ရတဲ့ အာဖရိကတိုက် တောင်ပိုင်းဒေသကို ခရီးသွားခဲ့သူတွေကိုလည်း ကွာရန်တင်း ၁၀ ရက်ဝင်ရောက်ရမှာဖြစ်ပြီး အဲဒီ အတောအတွင်း ပိုးရှိ/မရှိစစ်ဆေးမှု လေးကြိမ်လုပ် မယ်လို့သိရပါတယ်။ အဲဒီလိုပဲ ဆွစ်ဇာလန်နိုင်ငံက ဥရောပနဲ့ အာဖရိကနိုင်ငံတွေကလာတဲ့ ခရီးသွားတွေ ကို ကွာရန်တင်းဝင်ခိုင်းတဲ့စည်းကမ်း ပိုတင်းကျပ် မယ်လို့သိရပါတယ်။ ယူကေနိုင်ငံကလည်း နိုင်ငံ အတွင်း ဝင်ရောက်လာသူတွေကို ကွာရန်တင်း ဝင်ခိုင်းတဲ့ စည်းကမ်းတွေ တင်းကျပ်ခြင်းနဲ့ ပြည်သူ လူထုအတွင်း လိုက်နာရမယ့်စည်းကမ်းတွေ တင်းကျပ်တာတွေ ဆောင်ရွက်တာတွေ့ရပါတယ်။
မေး။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးနဲ့
ပတ်သက်လို့ ရောဂါကာကွယ်ရေးနည်းလမ်း တွေက ဘာတွေလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ အိုမီခရွန် (omicron) ဗီဇပြောင်းပိုးနဲ့
ပတ်သက်ပြီး ကူးစက်ပြန့်ပွားနိုင်မှု၊ ရောဂါ ပြင်းထန်နိုင်မှု၊ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်မှု၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူ တွေအနေနဲ့ ဒီမျိုးဗီဇပြောင်းရောဂါပိုးကြောင့် ရောဂါပြန်လည်ဖြစ်ပွားနိုင်မှုတွေကို ကမ္ဘာတစ်ဝန်း လုံးမှာ သုတေသနများစွာ ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချက်တွေနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေတွေ အနေနဲ့သာ ရှိသေးပြီး တိတိကျကျသိရှိရဖို့အတွက် အချိန် အနည်းငယ် ထပ်ပြီးစောင့်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမျိုးဗီဇပြောင်းရောဂါပိုးနဲ့ပတ်သက်လို့ အလွန်စိုးရိမ်ထိတ်လန့်စရာမလိုဘဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်၍ သတိပြုကာ မမေ့မလျော့ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အလွန်အရေးကြီးတဲ့ ကာကွယ်ရေးနည်းလမ်း ဖြစ်ပြီး ရေရှည်မှာ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်က လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက် ကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ကို အကြိမ်ပြည့် မပျက်မကွက်ခံယူရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးမျိုးတွေ ဘယ်လိုပဲပြောင်းနေ ပါစေ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ခံယူ ထားရင် ရောဂါဝင်ရောက်ကူးစက်ခံရရင်တောင် ရောဂါပြင်းထန်စွာဖြစ်ပွားမှုနဲ့ ရောဂါကြောင့် သေဆုံး မှုတွေကို သိသာစွာလျှော့ချပေးနိုင်တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးတွေဆိုတာ လူရဲ့ခန္ဓာကိုယ်ထဲကိုရောက်မှ သူတို့ရဲ့ အဓိကအစွမ်း သတ္တိကိုပြတာပါ။ ဒါကြောင့် လူ့ခန္ဓာကိုယ်ထဲ ကို ရောဂါပိုးဝင်ရောက်ကူးစက်မှု မရှိစေဖို့ အတွက် -
- အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင် သာနေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
- နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များ ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊
- လက်ကိုမကြာခဏဆေးကြောခြင်း၊
- တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ခြင်း၊
- လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေထိုင်ခြင်း၊
- သံသယရောဂါလက္ခဏာတစ်စုံတစ်ရာရှိ ပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက် ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ပြီး မိမိနှင့် အနီးကပ်ထိတွေ့သူများကို ကျန်းမာရေး ဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ခြင်း၊
- ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲ စစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အချိန်တိုအတွင်းထိရောက် အောင်မြင်ပြီး လူမှုစီးပွားလုပ်ငန်းများ ကောင်းစွာ လည်ပတ်နိုင်ရေးအတွက် အဆိုပါလုပ်ငန်းများမှာ ပြည်သူလူထုအနေနဲ့ မိမိတို့ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်တဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။ ။