အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းတွေမဲပေးစို့

Type

ဆောင်းပါး

======

 

အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းတွေမဲပေးစို့

================================

 

ဒေါက်တာခိုင်ခိုင်ဝင်း

 

အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်နေရသူ မသန်စွမ်းသူများသည် ကမ္ဘာကြီး၏နေရာအနှံ့အပြား တွင် တည်ရှိနေထိုင်ကြ၍ ၎င်းတို့အား ကမ္ဘာ့အကြီး ဆုံး လူနည်းစုအုပ်စုဟုလည်း ခေါ်ဝေါ်သတ်မှတ်ကြ သည်။

ကုလသမဂ္ဂမှတ်တမ်းအရ ကမ္ဘာကြီးတွင် မသန်စွမ်းသူလူဦးရေ တစ်ဘီလီယံကျော်ရှိပြီး မသန် စွမ်းသူ လူဦးရေအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ဆိုရပါလျှင် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းကျော်သည် မသန်စွမ်းသူများ ဖြစ်ကြပါသည်။ မသန်စွမ်းမှုသည် ပြဿနာမဟုတ်ပါ။ မသန်စွမ်းမှုသည် အခြေအနေ တစ်ခုဖြစ်သည်။ မသန်စွမ်းသူများ အများနည်းတူ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး၊ နိုင်ငံ့အရေးများတွင် ပါဝင်ဆောင်ရွက်မှု မပြုနိုင်အောင် ဟန့်တားထား သည့်၊ ဟန့်တားနေသည့် အ တားအဆီး (Barriers) များရှိနေခြင်းကသာ ပြဿနာဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဆိုသည့်အဓိပ္ပာယ် ရှင်းလင်းချက်ကို ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၃၀ ဖြင့် ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် မသန်စွမ်း သူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံ ခံစားမှုပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်ဟု ဖွင့်ဆိုထားပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ရာ မသန်စွမ်းသူများအခွင့်အရေး နည်းဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် ၁၂၄/၂၀၁၇ ဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသူ မသန်စွမ်းများအတွက် အားရ ကျေနပ်ဖွယ်၊ အားတက်ဖွယ်၊ ပျော်ရွှင်ဖွယ်ရာပင် ဖြစ်ပါ သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၆၉ (က)တွင် “နိုင်ငံသား တိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့် မဆန့်ကျင်လျှင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ် တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်”ဟု ပြဋ္ဌာန်းထားသည့် အတွက် သန်စွမ်းသူဖြစ်စေ၊ မသန်စွမ်းသူဖြစ်စေ နိုင်ငံသားတိုင်း နိုင်ငံရေးအခွင့်အရေးတစ်ခုဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်တို့ကို ရရှိပြီးဖြစ်ပါသည်။

 

အလားတူ မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ကုလသမဂ္ဂ မသန်စွမ်း သူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၉ တွင် အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများအား အခြားသူများနည်းတူ နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့် ရရှိမှုကို အာမခံရမည်ဟု ဆိုထားသလို အပိုဒ် ၂၉၊ အပိုဒ်ခွဲ (က) တွင် မသန်စွမ်းသူများ၏ တန်းတူမဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင်ရွေးချယ်ခံပိုင်ခွင့် ရရှိမှုသေချာစေဖို့ရာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးကင်းကင်း မဲပေးနိုင်ရေး ဆောင်ရွက်ပေး ရမည် ဖြစ်ပါသည်။ ၎င်းအပြင် မသန်စွမ်းသူများအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန်နှင့် ၎င်းတို့၏ ဆန္ဒအတိုင်းမဲပေးနိုင်ရေးအတွက် ၎င်းတို့၏ တောင်းဆို ချက်အရ လိုအပ်ပါက မဲထည့်ရာ၌ ၎င်းတို့၏စိတ်ကြိုက် ရွေးချယ်သောသူ၏ အကူအညီဖြင့် မဲထည့်ခြင်းကို ကူညီရမည်ဟု ဆိုထားသည်ဖြစ်ရာ မသန်စွမ်းများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး နိုင်ငံတော်တွင် တာဝန်ရှိသည်လည်း ဖြစ်ပါသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မသန်စွမ်း သူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်းပြီး ဆောင်ရွက် ခဲ့မှုများတွင် ပြီးခဲ့သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ တွင် မသန်စွမ်းသူများအဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် မသန်စွမ်းစံပြမဲရုံကိုးရုံ ပြုလုပ် ပေးခဲ့ခြင်း၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းစံပြမဲရုံတစ်ရုံ ပြုလုပ်ပေးခဲ့ခြင်း၊ အမြင်အာရုံ ချို့ယွင်းအားနည်းသူ မသန်စွမ်းများ အတွက် Braille Voter Slip Template ဖြင့် မသန်စွမ်းသူ ကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်ဟုဆိုထားသလို ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ရာတွင်လည်း မသန်စွမ်းသူများ မဲပေးခြင်း ဆိုင်ရာ သရုပ်ပြသင်ခန်းစာများ ထည့်သွင်းဆောင်ရွက် ခဲ့ကြောင်းနှင့် သင်တန်းတက်ရောက်ပြီးသူများက သက်ဆိုင်ရာမြို့နယ်များ၌ ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချစေမည်ဟု ဆိုထားသည်ဖြစ်ရာ မသန်စွမ်းသူများကိုယ်စား ဝမ်းသာပီတိဖြစ်ရပါသည်။ မသန်စွမ်းစံပြမဲရုံများသည် မသန်စွမ်းမဲဆန္ဒရှင် များအတွက် အမှန်တကယ်လိုအပ်သည်လည်း ဖြစ်ပါ သည်။ မဲပေးကြမည့် မသန်စွမ်းမဲဆန္ဒရှင်အားလုံး မဲပေးခွင့်ရရှိရေးနှင့် အတားအဆီးတစ်ခုခုကြောင့် မဲပေးခွင့် ဆုံးရှုံးခြင်းများမဖြစ်ဖို့ရာ အရေးကြီးပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မသန်စွမ်းသူ အားလုံးအနေဖြင့် ၎င်းတို့၏ဆန္ဒမဲများကို အတားအဆီးကင်းကင်း ဆန္ဒမဲပေးနိုင်ဖို့ရာ အရေးကြီး လှပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မသန်စွမ်းသူအားလုံး ၎င်းတို့၏ အမည်စာရင်းများ မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါကို သွားရောက်စစ်ဆေးအတည်ပြုဖို့ရာ လည်း အရေးကြီးပါသည်။

 

မဲပေးရာတွင် စိတ်ချလုံခြုံလွတ်လပ်စွာ မဲပေးခွင့် ရှိရမည်ဖြစ်သလို မဲရုံနေရာများ၊ အခင်းအကျင်း များသည် မသန်စွမ်းသူ မဲဆန္ဒရှင်များအတွက် အဆင်ပြေ လက်လှမ်းမီသည့်ပုံစံ ရှိရပါမည်။ မဲရုံများ တွင် မသန်စွမ်းမဲဆန္ဒရှင်များအတွက် ဦးစားပေးနေရာများထားရှိဖို့ရာလိုအပ်ပါသည်။ အမြင်အာရုံ ချို့ယွင်းအားနည်းသူ မသန်စွမ်းများအတွက် Braille Voter Slip Template များ လုံလောက်စွာဖြင့် လွယ်ကူအဆင်ပြေစွာ မဲပေးနိုင် ရေးနှင့် မဲပေးရာတွင် အကူတစ်ဦး လိုအပ်ပါကလည်း ၎င်းတို့၏ စိတ်ကြိုက် ရွေးချယ်သောသူ၏ အကူအညီဖြင့် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ အကူအညီပေးရ မည့်သူသည် ၎င်းတို့၏စိတ်ဆန္ဒ သဘောထားနှင့် ကိုက်ညီသည့် ၎င်းတို့စိတ်ကြိုက် ရွေးချယ်သောသူဖြစ် ဖို့ရာ အရေးကြီးပါသည်။ မဲရုံသို့ လာရောက်မဲပေးကြ မည့် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုကင်းစွာနှင့် လူ့ဂုဏ်သိက္ခာမထိပါးစေရေးအတွက် အထူးဂရုပြုကြ ရမည်လည်း ဖြစ်ပါသည်။

 

ယခုလာမည့်ရွေးကောက်ပွဲတွင် မသန်စွမ်း မဲဆန္ဒရှင်စုစုပေါင်း ရှစ်သောင်းခုနစ်ထောင်ကျော် ရှိသည်ဖြစ်ရာ နိုင်ငံသားတိုင်း၏ တာဝန်တစ်ရပ်ဖြစ် သည့် မဲပေးခွင့်ကို အပြည့်အဝကျင့်သုံးပြီး မသန်စွမ်း မဲဆန္ဒရှင်အားလုံး မဲရုံများသို့ မပျက်မကွက် သွားရောက် မဲပေးကြပါရန်နှင့် မဲရုံများသို့လာရောက်မဲပေးကြမည့် မဲဆန္ဒရှင် မသန်စွမ်းသူများ အတားအဆီးများကင်းဝေး ပြီး လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ပါစေကြောင်းနှင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေး အမြင်များဖြင့် ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနည်းလမ်းများနှင့်အညီမဲပေးကြပါရန် တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။ ။