
သင်သည် တောင်ထိပ်၌ပေါက်နေသော ထင်းရှူးပင်
မဖြစ်နိုင်လျှင် တောင်ကြားက ချုံပုတ်လေး ဖြစ်ပါစေ။
သို့ရာတွင် အကောင်းဆုံးချုံပုတ်တော့ ဖြစ်ပါစေ….။
သစ်ပင်မဖြစ်နိုင်လျှင် ချုံပုတ်ဖြစ်ပါစေ။
ချုံပုတ်မဖြစ်နိုင်လျှင် မြက်ပင်တစ်စုဖြစ်ပါစေ။
လမ်းမတစ်ခုကို လှပမှုပြုသည့်
မြက်ပင်တစ်စု ဖြစ်ပါစေ….။ ။
ဒေါက်ဂလပ်စ်မာလော့
(အီမာဆင်၏ဆောင်းပါးကိုမှီး၍
ကဗျာဆရာ ဒေါက်ဂလပ်စ်မာလော့က
ရေးဖွဲ့ခဲ့ရာ ကမ္ဘာကျော်ကဗျာဖြစ်ခဲ့၏)
အထက်ပါကဗျာရဲ့ အနှစ်သာရသဘောက ကျွန်မတို့အားလုံးဟာ တောင်ထိပ်ပေါ်က ထင်းရှူးပင်တွေလို ခေါင်းဆောင်ထိပ်ပိုင်းနေရာ တွေမှာ ရောက်ချင်မှရောက်မယ်။ ရှိနေချင်မှ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဘယ်နေရာရောက်ရောက်၊ ဘယ်လိုအခြေအနေဖြစ်ဖြစ်၊ နောက်လိုက် ကောင်းတွေ ဖြစ်နေသင့်တယ်။ ကိုယ့်တာဝန်ကိုသာ အကောင်းဆုံး
လုပ်ဖို့က ပဓာနပါ။ ကျော်ကြားလောက်အောင် သူ့အဓိပ္ပာယ်ကောင်း လှပါပေတယ်။ ပြောလိုရင်းက စိတ်ထားပေါ့။ စိတ်ထားတတ်ဖို့က အရေးကြီးတာပဲ။
လောကဓံတရားရှစ်ပါးဆိုတာ ဘုရားအလောင်းတော်တောင် မရှောင်လွှဲနိုင်ပါဘူး။ မြတ်စွာဘုရားတောင်မှ မတော်မတရားစွပ်စွဲပုတ်ခတ်ခံရခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုစော်ကားခံရခြင်း၊ အသက် ကိုပင် ရန်ရှာတိုက်ခိုက်တာတွေခံရခြင်း စတဲ့အတွေ့အကြုံတွေ ရင်ဆိုင်ခဲ့ရဖူးတာ ကြည့်ပေတော့။ သုံးလောကထွတ်ထား ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား (ဘီစီ ၅၆၃-၄၈၃)ကတော့ ရန်တကာကို မေတ္တာ ဖြင့်သာ အလွယ်တကူ အေးချမ်းတည်ငြိမ်စွာ ပယ်ရှင်းအောင်မြင် ခဲ့တာချည်းပါ။
စိတ်ထားမှန်ဖို့က မေတ္တာအခြေခံရပေမယ်။ ချစ်သောမျက်စိ ဖြင့်သာ ကြည့်ပါက အရာရာ လောကကြီးဟာ အပြစ်အနာအဆာမရှိ။ ခွင့်လွှတ်နိုင်တယ်။ သည်းခံနိုင်တယ်။ အရင်းခံက မိမိရဲ့စိတ်ထားပါပဲ။ ယောနိသော မနသီကာရ ဆိုလေ့ရှိကြတယ်။
စိတ်ပျက်စရာတွေကြုံပေမယ့် မတုန်လှုပ်။ စိတ်ရှုပ်စရာတွေ တွေ့ပေမယ့် စိတ်မညစ်။ ဒေါသဖြစ်စရာတွေ ခံစားရပေမယ့် စိတ်မဆိုးဘဲ ခွင့်လွှတ်ဖြေဖျောက်လိုက်နိုင်တယ်။
တကယ်တော့ ဒေါသဖြစ်ရတာက ကိုယ့်အလိုမကျလို့ပဲလေ။ အလိုမကျတဲ့အခြေအနေကြောင့် ကိုယ့်မှာဒေါသဖြစ်ရတာကိုး။ အလိုကျတဲ့အခြေအနေကြုံရပြန်တော့ ကြိုက်တယ်။ ကျေနပ်တယ်။ ထပ်လိုချင်ပြန်တယ်။ အဲဒါက လောဘခေါ်တယ်။
လောဘဖြစ်တာဖြစ်မှန်းမသိ၊ ဒေါသဖြစ်နေတာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိ။ မိမိကိုယ်မှာရှိနေတဲ့ လောဘတွေ၊ ဒေါသတွေ လွန်ကဲပူလောင်နေမှန်းမသိခြင်း၊ အဝိဇ္ဇာသဘောကိုတော့ မောဟလို့ ခေါ်ပါတယ်။
မသိမှုအဝိဇ္ဇာက ဖုံးလွှမ်းနေတော့ လိုချင်တပ်မက်ခြင်းတဏှာ (လောဘ၊ ရာဂ၊ အခြေအနေအရ ခေါ်ဆိုကြ) ကြောင့် ဒေါသတွေလည်း ဖြစ်ပေါ်ရတာပဲ။
ဒေါသဖြစ်ရင် မေတ္တာကင်းပျောက်သွားပြီ။ ဒေါသနဲ့ မေတ္တာက လုံးလုံးဆန့်ကျင်ဘက်ဖြစ်ကြတဲ့ သဘောသဘာဝရှိကြတယ်။
မေတ္တာရှိရင် ဒေါသဆိုတာ ကင်းစင်တယ်။ မေတ္တာရဲ့သဘောက အဒေါသ။ ဒေါသမရှိ။ မေတ္တာနာမ အထသော အဒေါသောတဲ့။
ဒေါသဆိုတဲ့ အမုန်းတရား အမုန်းစကားတွေ သူတစ်ပါးကို ပုတ်ခတ်၊ ရန်လို၊ နှိပ်စက်၊ သတ်ဖြတ်တိုက်ခိုက်ခြင်းတွေ လုပ်နေတဲ့ သူအချို့ရဲ့ မျက်နှာဖုံး လက်သုံးစကားက အမုန်းစကားပယ်ရှားရေး တကယ်မှာတော့ ငါနှင့်မတူ ငါ့ရန်သူ၊ ငါ့ကို ဆရာမတင်, နေရာမပေး သမျှ ငါကတော့ ဒုက္ခအမျိုးမျိုးပေးနေရမှာပဲဆိုတဲ့ ရန်လိုဒေါသ၊ မောဟလောင်မီးကျနေကြတာပါ။
စိတ်နေစိတ်ထား အရေးကြီးလှပါတယ်။
စိတ်ဆိုတာ အကောင်အထည် ဒြပ်တော့မရှိပေမယ့် ရုပ်တရား နာမ်တရားတို့ရဲ့ ရှေ့ဆောင်အကြီးအမှူးဖြစ်ပေတယ်။ စိတ်က ဖန်တီးဦးဆောင်သူပဲ။ အကြင်သူဟာ မကောင်းတဲ့စိတ်နဲ့၊ ယုတ်မာတဲ့ စိတ်နဲ့ပြောရင်ဖြစ်ဖြစ်၊ ပြုရင်ဖြစ်ဖြစ် ဘယ်လိုဖြစ်ပေါ်မလဲဆိုရင် လှည်းဘီးဟာ ရှေ့ကနွားခြေရာရဲ့ နောက်ကိုသာ လိုက်သလိုပဲ ဆင်းရဲခြင်းဟာ ထိုသူရဲ့နောက်သို့ ထက်ကြပ်မကွာ လိုက်ပါလေတယ်။ ဒီသဘောသဘာဝကို ပြသစရာ ဥပမာသာဓကတွေ အများကြီးရှိနေပြီး သားပါ။ ထောင်ကျခံနေကြရတဲ့ အကျဉ်းသားတွေကိုပဲ ကြည့်လိုက်ပါ။ ခိုးမှု၊ သတ်မှု၊ လုယက်မှု၊ လိမ်လည်မှု၊ မသမာမှု စတဲ့ ကိုယ်ပြုခဲ့တဲ့ ကံတွေရဲ့ပဲ့တင်သံတွေ ခံစားနေရကြောင်း တွေ့ရပါလိမ့်မယ်။ အင်းစိန် ထောင်ထဲက အကျဉ်းသားတွေမှမဟုတ်။ လူ့သမိုင်းစဉ်တသီတတန်း ကြီးကို ဉာဏ်နဲ့ရှုမြင်ဆင်ခြင်ကြည့်လိုက်ရင်လည်း သူခိုး၊ သူဝှက်၊ လူလိမ်လူညာ၊ လူယုတ်မာသာသနာဖျက်တွေဟာ ဘယ်သူမပြုမိမိမှု ကြောင့် ဒုက္ခနွံအတွင်း သက်ဆင်းကျရောက်သွားခဲ့ကြတယ်။
မကောင်းတာပြုပြီး ကောင်းရာမွန်ရာသို့ရောက်သူရယ်လို့ သံသရာ စက်ဝန်းကြီးထဲမှာ ဘယ်သူမှမရှိပါ။ ကံ၊ ကံရဲ့အကျိုးနိယာမသဘောကို ဘယ်သူတစ်စုံတစ်ယောက်မှ မလွန်ဆန်နိုင်ပါ။ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို မရှောင်လွှဲနိုင်သလိုဘဲ အကုသိုလ်၊ ဒုစရိုက်၊ ပါပဆိုတဲ့ မကောင်းမှုပြုခဲ့သမျှ ပြစ်မှုနဲ့အညီအမျှ သူပြန်လည်ခံစားရမှာ မလွဲ။ ကျွန်မတို့ ဒီလိုပဲနားလည်ပါတယ်။
ဘယ်သူမဆို ဒီသဘောတရားက မှန်စမြဲ။ အကြင်သူသည် ကောင်းမွန်ကြည်လင်သောစိတ်နဲ့ပြောလျှင်သော်လည်းကောင်း၊ ပြုလုပ် လျှင်သော်လည်းကောင်း၊ စိတ်ကောင်း၊ စေတနာကောင်းအရင်းခံနဲ့ လုပ်ဆောင်ရင် ဘယ်လိုဖြစ်မလဲ။ အရိပ်ဟာ ထိုလူရဲ့နောက်ကို ကပ်ပြီး ပါနေသကဲ့သို့ ချမ်းသာခြင်းဟာ သူ့နောက်ကပ်၍ ထက်ကြပ်မကွာ ပါလေ့ရှိပါတယ်။
မကောင်းမှုပြုခြင်းဟာ ပါပကံကတော့ နွားခြေရာခွက်နောက်မှာ လှည်းဘီးထက်ကြပ်မကွာလိုက်ပါသလို အမျှင်မပြတ်၊ တရစပ်လိုက်ပါ တယ်။ ဆင်းရဲခြင်းဆိုးကျိုးက မတူကြဘူးနော် ကံအကျိုးပေးချင်း။
ကောင်းမှုပြုခြင်း ကုသိုလ်တရား ပုညကိရိယတရားတွေကျတော့ အရိပ်လိုလိုက်တယ်လို့ ဥပမာသာဓက ပေါ်လွင်အောင်ပြထားတယ်။ ကောင်းမှု ပုညပြုသူရဲ့နောက်ကို အရိပ်ကလိုက်ပါရဲ့။ အလင်းရောင်ပေး နေတဲ့ နေတို့၊ လတို့၊ သစ်ပင်ရိပ်၊ ဝါးပင်ရိပ်တို့၊ မိုးတိမ်တို့ကွယ်ရင်တော့ အရိပ်ကကွယ်ပျောက်တတ်တယ်ဆိုတဲ့ အခြေအနေကို တွေ့ရပေလိမ့် မယ်။
အလိုလေး မကောင်းမှုပါပပြုမူချက်က ကံ၊ ကံရဲ့အကျိုးအရ လှည်းဘီးက နွားခြေရာအတိုင်း ထက်ကြပ်မကွာ အမြဲတစေ အဆက် မပြတ်လိုက်သလို မလွဲမသွေ သဘောဆောင်သော်လည်း ကောင်းမှု ပုညကံရဲ့ ရလဒ်ကတော့ အရိပ်ပမာ မခွဲခွာဟု ဆိုပင်ဆိုသော်လည်း နေရောင်ကို တိမ်တိုက်ဖုံးနေရင်ဖြစ်ဖြစ်၊ သစ်ရိပ်ဝါးရိပ်အောက် မိမိ ရောက်နေရင်ဖြစ်ဖြစ် ကောင်းမှုရဲ့အကျိုးဆက်အရိပ်က ပျောက်ကွယ် ကောင်းပျောက်ကွယ်နေလိမ့်မယ်။ သဘောပေါက်ရပါပြီ။
ကောင်းမှုပုညကံတွေဆိုတာ ဘာတွေလဲ။ ကိုယ်ပြုရမှာ၊ ပြုစရာ တွေ သိနေရမယ်။ လိုက်နာကျင့်သုံးနေရမယ်။ ပုညကုသလတရားတွေ သိပါစေ။
မကောင်းမှု ဒုစရိုက်ပါပကံတွေဆိုတာ ဘာတွေလဲ။ ဘယ်သူမဆို ရှောင်ကြဉ်ရမယ့်တရားတွေ။ ဥပမာ မဲလိမ်တာ၊ မဲခိုးတာ၊ မသမာတဲ့ နည်းလမ်းနဲ့ အနိုင်ယူဖို့ ကြံစည်စီမံတာ၊ ကောက်ကျစ်ညစ်ပတ်တဲ့နည်း နဲ့ အဓမ္မအာဏာယူဖို့ ဇွတ်လုပ်တာမျိုးဟာ ရှောင်ကြဉ်ရမှာထဲပါမှာပဲ။ ဒါမျိုးတွေ လုပ်ဆောင်ခဲ့တဲ့လူတွေဟာ ဖြူဖြူမည်းမည်း၊ ကြီးကြီး ငယ်ငယ် ပြုသူရဲ့မကောင်းမှုဒုစရိုက်အလိုက် လားရာရောက်ရာက အပါယ်လေးပါး စတဲ့ဘုံတွေပဲပေါ့။ နောက်ဘဝ ဘဝတွေမှာပါ သံသရာအဆက်ဆက်မကောင်းစေတဲ့ ဆင်းရဲတရားတွေကို သိမ်းပိုက်ရပေတော့မယ်။
ဘာပြုလို့ဒီလိုဖြစ်ရရှာတာလဲ။
အကြောင်းရင်းတရားကတော့ သီလဗျသနပါ။
ဆွေမျိုးပျက်စီးရင် အကူအညီ အမှီအခို လျော့ပါးသွားတယ်ပေါ့။
ရေဘေး၊ မီးဘေးစတာတွေကြောင့် ဥစ္စာပစ္စည်းတွေဆုံးရှုံးရတာမျိုးလည်း ဖြစ်တတ်ပေသေးတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်ရတတ်တာပေါ့။
သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ် ရောဂါစသဖြင့် ရောဂါဘယ နှိပ်စက်ဖိစီးလို့ ကျန်းမာရေးထိခိုက်ရင် တော့ ဘဝမှာတော်တော်ချို့တဲ့သွားရပြီး နောက်ဆက်တွဲ ဆင်းရဲ ပင်ပန်းမှုတွေရှိပေမှာပဲ။
သီလဗျသနဆိုတဲ့ ကိုယ်ကျင့်တရား၊ သီလပျက်ပြားခြင်းကတော့ ပြင်းထန်ဆိုးရွား၊ အမှားကြီးမှားတာပဲ။ကြီးမားတဲ့ဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ်ကပ်ဆိုးမျိုးနဲ့ ဆင်းရဲခြင်းကြီးစွာ ကြုံတွေ့ရမှာမလွဲ။ သူပြုတဲ့ကံ ပြုသူထံ ပဲ့တင်သံလို ပြန်လာမှာပဲ။
ကိုယ်ကျင့်သီလပျက်စီးနေသူဟာ အမှိုက်ခြင်း အမှိုက်တောင်းထဲ ရောက်ရတော့မှာ ဓမ္မတာ။ ဘုရားစင်တင်ထားရင် နေရာလွဲမှာပေါ့။ စားပွဲခုံပေါ်တင်ထားရင် အားလုံး ညစ်ပေနံစော်ကုန်မှာပေါ့။ သူ့နေရာ သူ ထားလိုက်ပေတော့။
သူဟာ ကိုယ်ကျင့်တရားသီလမရှိသူ ဖြစ်ရုံမျှမက အသိအမြင် ခေါင်းပါးလှတဲ့ ပုမသိပမသိ လူစားလည်း ဖြစ်ပေတယ်။ ဘုမသိ ဘမသိဆိုတဲ့ ဝေါဟာရဟာ မူလ ပုနဲ့ပ ကို ဆိုလိုခြင်းလို့ မှတ်သားဖူး ပါတယ်။
သိပြီးသား ပုဂ္ဂိုလ်များ အများအပြား ရှိပြီးသားမို့ အကျယ် မတင်ပြတော့ပါ။
ပု=ပုည=ကောင်းမှု၊ကောင်းခြင်း
ပ=ပါပ=ဆိုးခြင်း၊မကောင်းခြင်း
ထိုသို့ ပုမသိ ပမသိ ပုဂ္ဂိုလ်မျိုးဟာ ရှေးအတိတ်ကောင်းမှုကံ အစုစုတို့ကြောင့် ချမ်းသာစည်းစိမ်နေရာတို့မှာ ချမ်းသာစွာအချိန် ကာလတစ်ခု စံစားရပေမယ့် သူပြုတဲ့ကံ ပဲ့တင်သံ သူ့ထံ ပြန်လာဖို့ရာ က သူဟာမှန်ကန်စွာ ခွဲခြားဝေဖန်ပြီး ရှောင်ရန်နဲ့ ဆောင်ရန်ကိုတော့ သိမြင်သင့်ပေတယ်။
ရှောင်ရန် အခြေခံအချက်များကိုမသိ။
ဆောင်ရန် ကုသိုလ်ပုညတရားများလည်း မဖြည့်မကျင့်။ သူသွား သောလမ်းဟာ ဆင်းရဲကြမ်းတမ်းပင်ပန်းရှာဦးမယ်။ သင်ခန်းစာ ယူစရာ ကောင်းလှပါတယ်။ ပညာဆိုတာဟာ အကောင်းအဆိုး အမှန် အမှား၊ အကျိုးအကြောင်း၊ အပြုနဲ့အဖျက်၊ ဓမ္မနဲ့ အဓမ္မစတဲ့ အရာတွေကို ခွဲခြားသိမြင်နိုင်စွမ်းရှိခြင်း မဟုတ်ပါလား။
အရင်းနဲ့အဖျားကို မခွဲခြားတတ်။
အပြုနဲ့အဖျက်မှာ ဘက်ရွေးတာလွဲမှား။
ဓမ္မကိုလျစ်လျူရှု၊ အဓမ္မကိုပြုမိတဲ့အခါ ပုမသိ ပမသိ ဘဝတစ်ခု ဟာ အများတကာအတွက် ကြီးမားတဲ့သင်ခန်းစာကို ပေးထားရစ်ပါ တော့တယ်။
‘‘အနှစ်မရှိသည်၌ အနှစ်ရှိ၏ဟူ၍လည်းကောင်း၊ အနှစ်ရှိသည်၌ အနှစ်မရှိဟူ၍လည်းကောင်း ယူဆလျက် မှားသောအကြံအစည်၌ ကျက်စားလေ့ရှိသော သူတို့သည် အနှစ်သာရကို မရနိုင်ကုန်။ အနှစ် ရှိသည်၌ အနှစ်ရှိ၏ဟူ၍လည်းကောင်း၊ အနှစ်မရှိသည်၌ အနှစ်မရှိ သည်ဟူ၍လည်းကောင်း သိလျက် မှန်သောအကြံအစည်၌ ကျက်စား လေ့ရှိသောသူသည် အနှစ်သာရကို ရကုန်၏’’။ ။
ဗုဒ္ဓ(ဘီစီ ၅၆၃-၄၈၃)
ကျွန်မလည်း ဖတ်ထားမှတ်ထားတာတွေထဲက အတွေးပေါ်ရာ ရေးပြီး တင်ပြမျှဝေလိုက်တာပါ။ သာမန်ပြည်သူထဲက ပြည်သူ တစ်ယောက်ရဲ့ စိတ်ကူးရရာ တွေးမိနေတာလေးတွေပါ။ ဘေးရန် ကင်းကွာ စာဖတ်သူအားလုံး ကျန်းမာချမ်းသာကြပါစေ။ အားလုံး ကို ကျေးဇူးတင်ပါတယ်။ ။
- Log in to post comments