
ပြည်တွင်းရေးရာ
========
အတွေးအမြင်ကို ရှင်သန်နေစေချင်သူ
====================
“စိတ်မကောင်းလိုက်တာ... စိတ်မကောင်းလိုက်တာ” သည်စကားစုကိုပင် ကျွန်မ အကြိမ်ကြိမ် ရေရွတ်နေမိသည်။
အတွေးအမြင်စာစောင်ကို ဆရာမောင်ဝံသ မရှိတော့သော်လည်း ဆက်လက်ရှင်သန်စေရန် အားထုတ်ကြိုးပမ်းခဲ့သူ၊ ဆရာ၏ ချစ်ဇနီး ဒေါ်မြင့်မြင့်(သီရိဝံသ)ဆုံးသည့်သတင်းသည် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သံ ကြားလိုက်ရသလို ကျွန်မ အကြီးအကျယ် တုန်လှုပ်သွားမိသည်။ စိတ်ထိခိုက် မိပါသည်။ နှမြောတသ ကြေကွဲဝမ်းနည်းရပါသည်။
အတွေးအမြင်မှာ ကျွန်မ ရေးဖြစ်သည်မှာ ဆရာမောင်ဝံသ၏ တိုက်တွန်းချက်ကြောင့် ဖြစ်ပါသည်။ ဆရာက သူ့ အတွေးအမြင်မှာ ရေးပေး ဖို့ပြောတော့ ကျွန်မ လက်တွန့်မိသည်။ ကျွန်မ နားလည်ထားသည်မှာ အတွေးအမြင်က ကျွန်မ အရေးအသားနှင့် လိုက်ဖက်သည်မဟုတ်၊ ကျွန်မက ၀တ္ထုရေးသူ၊ ဆောင်းပါးတို့ အက်ဆေးတို့ ရေးလေ့ရှိသူမဟုတ်၊ ရေးတတ်သူ မဟုတ်။ သည့်ထက် အတွေးအမြင်မှာ ရေးနေကြသည်မှာ အများအားဖြင့် ပညာရှင်များ ဖြစ်ကြသည်။ ဒဿနတွေ၊ အယူအဆတွေကို အထောက်အထား အချက်အလက်တွေနှင့် ရေးကြသည်ကို ဖတ်နေရသည့်အတွက် ဝတ္ထုသာ ရေးတတ်သော ကျွန်မအရေးအသားက အဆင်မပြေဟု ယူဆ၍ ကျွန်မ ဆရာ့ကို ငြင်းပါသည်။
ဆရာက ရေးပါဟု တိုက်တွန်းပြန်တော့ ဆရာ့ကိုအားနာပြီး ရေးဖြစ် ခဲ့သည်။ အဆင်ပြေပါ့မလားဟု စိုးရိမ်မိသည်။ ဆရာက လိုလိုလားလား တိုက်တွန်းတော့ ရံဖန်ရံခါ ဆိုသလို ရေးဖြစ်ခဲ့သည်။ ဆရာ ကွယ်လွန်သွား တော့ ဆရာ့ဇနီးက အတွေးအမြင်ကို အသက်ဆက်ရှင်သန်စေလိုသည့် အတွက် ရေးပေးပါ ဆိုပြန်သည်။ ကျွန်မ ဆက်ရေးဖြစ်သည်။ ဆရာ့ အတွေး အမြင် ဆက်လက်ရှင်သန်ဖို့ တစ်တပ်တစ်အားအနေနှင့် ရေးခဲ့သည်။ ဆက်တိုက်ရေးနိုင်သမျှ ရေးဖြစ်အောင် ကြိုးစားခဲ့သည်။ အဓိကမှာ ဆရာ့ ဇနီးသည် မြင့်မြင့်၏ အတွေးအမြင် ဆက်လက်ရှင်သန်စေလိုသည့် စေတနာ ကို အသိအမှတ်ပြု လေးစားသည့်အတွက်ဖြစ်ပါသည်။
ကျွန်မနှင့် မြင့်မြင့်က ကျောင်းနေဖက် သူငယ်ချင်းတော့ မဟုတ်ပါ။ သို့သော်လည်း ကျွန်မတို့ သူငယ်ချင်း ဖြစ်ခဲ့ကြပါသည်။
ကျွန်မခင်ပွန်းသည် ကွယ်လွန်သွားသည့်အချိန်မှာ ခင်ပွန်းသည်နှင့် ယုံကြည်ချက်တူသူ ရဲဘော်ရဲဘက်များနှင့် သူတို့၏ ဇနီးသည်များက စာနာစိတ်နှင့် အားပေးနှစ်သိမ့်ကြသည်။ သည်အထဲမှာ ခင်ပွန်းသည်နှင့် အတူ ရန်ကုန်တက္ကသိုလ်-ကျောင်းသားလှုပ်ရှားမှုမှာ အတူတိုက်ပွဲဝင်ခဲ့ သည့် သူငယ်ချင်း၊ နောက်ဆုံး ကွယ်လွန်သည့်အချိန် ထောင်ထဲမှာ အတူနေ ခဲ့ကြသည့် ဆရာမောင်ဝံသက ကျွန်မကိုပိုပြီး သံယောဇဉ်ရှိသည်။ အားပေး သည်၊ ကူညီသည်။ မိန်းမချင်းဖြစ်သည့် မြင့်မြင့်ကတော့ ပြောဖွယ်မရှိ၊ ကိုယ်ချင်းစာစိတ်၊ ကြင်နာစိတ်ဖြင့် ကျွန်မကို အားပေးခဲ့သည်။ သည်ကတည်း က ကျွန်မတို့ သူငယ်ချင်းဖြစ်ခဲ့သည်။
ဆရာမောင်ဝံသ ကွယ်လွန်သွားသည်။ ကျွန်မတို့ ဘဝတူ ဖြစ်သွားသည်။ သူနှင့်ကျွန်မ တစ်ခါတစ်ရံ ဒေါင်းစာပေအိမ်မှာ လူချင်းဆုံဖြစ်သည်။ မိတ်ဖက် ဖြစ်သူတို့၏ ကိစ္စကြီးငယ်ရှိလျှင် အတူသွား အတူလာ လုပ်ခဲ့ကြသည်။ အထူး သဖြင့် ညဘက်များမှာ ဖုန်းဆက်ပြီး စကားတွေ ပြောဖြစ်ကြသည်။ အထီးကျန် ဆန်သောဘဝ၏ နေ့ရက်များကို စကားစမြည်ပြောရင်းနှင့် ဖြေဖျောက်ခဲ့ကြ သည်။ ရွယ်တူချင်း ဘဝတူချင်း အတွေးတူသူချင်း စကားစမြည်ပြောရသည့် အရသာကို ကျွန်မတို့ ခုံမင်ခဲ့ကြသည်။
အတွေးအမြင်ကို ဆရာမောင်ဝံသက ၁၉၈၄ ခုနှစ် အောက်တိုဘာလမှာ ဦးစီးထုတ်ဝေခဲ့သည်။ အဲဒီကတည်းက မြင့်မြင့်ဆိုသည့် ဆရာ့ဇနီးက သီရိဝံသ အမည်နဲ့ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ဆရာမောင်ဝံသက နိုင်ငံရေး လောကမှာ လှုပ်ရှားဆောင်ရွက်နေချိန်ကာလတစ်လျှောက် နောက်ပိုင်းက မိသားစုတာဝန်အပြင် အတွေးအမြင် ပုံမှန်ထွက်နိုင်ဖို့ အများကြီး ပံ့ပိုးပေး ခဲ့သည့် ပါရမီဖြည့်ဘက် ဇနီးတစ်ယောက်ဖြစ်ခဲ့သည်။ ဆရာ အဖမ်းခံရပြီး ထောင်ထဲရောက်ချိန်မှာလည်း အတွေးအမြင် ရပ်မသွားအောင် သူ လုပ်နိုင်ခဲ့ သည်။ အလွန်ပင်ပန်းသည့် အလုပ်။ အာဏာပိုင်တွေ၏ အငြိုအငြင်ကို အန်တုပြီး ဖြစ်အောင်လုပ်ရသည်မှာ နည်းတဲ့သတ္တိမဟုတ်။
ဆရာမောင်ဝံသ မရှိတော့သည့်အချိန်၊ မမျှော်လင့်ဘဲ မှီခိုရာ အားထားရာ လက်တွဲဖော် မရှိသည့်အချိန်၊ အားအင်ကုန်ခန်းလို့ ခြေကုန်လက်ပန်းကျနေ သည့်အချိန်မှာ သူ့ကိုယ်သူ ထောင်မတ်ပြီး ခင်ပွန်းသည် တန်ဖိုးထားသည့် အတွေးအမြင်၊ စာဖတ်ပရိသတ်တွေ တန်ဖိုးထားသည့် အတွေးအမြင်ကို ဆက်လက်ရှင်သန်အောင် သူ လုပ်ခဲ့သည်။ လုပ်နိုင်ခဲ့သည်။ ချီးကျူးစရာပါ။
တစ်ခါတလေ ကျွန်မက စာမူပို့ရမယ့်ရက်ကို မေ့လျော့နေသည့်အခါ အဆင်သင့် ရေးစရာမရှိသေးလို့ ဈေးဆစ်သည့်အခါ အတွေးအမြင် မရပ် စေချင်လို့ သူ အပင်ပန်းခံပြီး လုပ်နေတာကို ပေါ့ပေါ့တန်တန် သဘောထားရ ကောင်းလားဆိုသည့်သဘော သူငယ်ချင်းပြော ပြောတတ်သည်။ သူ အတွေး အမြင်ပေါ်မှာ အလေးအနက်ထားသည်ကို ကျွန်မ နားလည်ပါသည်။ သူ ပြောလေ့ရှိပါသည်။
“ကိုယ် အသက်ရှင်နေသရွေ့တော့ အတွေးအမြင် မရပ်အောင် ဆက်လက်ရှင်သန်နေအောင် လုပ်သွားမှာပဲ”တဲ့။
အခု သူ မရှိတော့ပြီ။ သမီးကြီးထိုက် ရေးထားသည်ကို ဖတ်လိုက်ရ သည်။ သူက အတွေးအမြင်ကို ဆက်လက်တာဝန်ယူ လုပ်သွားမယ်တဲ့။ မိဘရဲ့ စာပေတာဝန်ကို ဆက်လက်ထိန်းသွားမယ် ဆိုတဲ့သဘောပေါ့။
အခြေအနေအရ အတွေးအမြင် ယာယီရပ်ဆိုင်းထားသည့် အချိန်မှာ သူ့ဆီမှာ ကျွန်မရဲ့ စာမူ နှစ်ခုရှိပါသည်။ တစ်ခုက တောင်နှင့်ပတ်သက် သည့်အကြောင်း၊ တစ်ခုက ချောင်းနှင့် ပတ်သက်သည့်အကြောင်း၊ သူက နောက်တစ်ပုဒ်ဆိုရင် တောနဲ့ပတ်သက်တာ ရေးတဲ့။ အခုတော့ တောနဲ့ ပတ်သက်တာ မရေးရဘဲ သူ့အကြောင်း ရေးနေရပြီ။
သူငယ်ချင်း မြင့်မြင့်ရေ ... ။
မိသားစု ဝတ္တရားကျေတဲ့ အမေ၊ စာပေဝတ္တရားကျေတဲ့ ဒေါင်းမိခင်၊ စိတ်ကောင်းရှိတဲ့ အမျိုးသမီး၊ သဘောထားပြည့်တဲ့ မိန်းမမြတ်၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း...မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာ နားနေပါတော့။
သံသရာတကွေ့မှာ အခုလိုပဲ သူငယ်ချင်း သို့မဟုတ် ညီအစ်မအဖြစ်နဲ့ ချစ်ခင်စွာ ပြန်ဆုံချင်ပါသေးတယ်။ အဲဒီအခါမှာတော့ ကိုယ်တို့တွေ ခက်ခဲ ကြမ်းတမ်းတဲ့ ဘဝတွေနဲ့မဟုတ်ဘဲ သာယာအေးချမ်းတဲ့ ဘဝတွေ ပိုင်ဆိုင် ချင်ပါတယ်။
- Log in to post comments