အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တက္ကသိုလ်

အယ်ဒီတာ့အာဘော်

=============

 

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တက္ကသိုလ်

======================

 

မြန်မာအမျိုးသားတို့၏ တောင်းဆိုမှုများဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးသည့် တက္ကသိုလ်ကြီး ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက် လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် မွေးဖွားလာခြင်းသည် မြန်မာလူမျိုးတို့၏ ပညာအဆင့်အတန်း၊ မြန်မာတို့၏ ဂုဏ်အသရေ တိုးပွားလာရေးအတွက် သာမက မြန်မာတစ်မျိုးသားလုံး ကျွန်အဖြစ်မှ သခင်ဖြစ်အောင်၊ မလွတ်လပ် သည့်ဘဝမှ လွတ်လပ်သည့်ဘဝရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။

 

အကယ်၍ ရန်ကုန်တက္ကသိုလ်ကြီး ၁၉၂၀ ပြည့်နှစ်တွင် မပေါ်ပေါက် ဖြစ်ပါက မြန်မာတို့ ကျွန်အဖြစ်မှလွတ်မြောက်ရေးမှာ အလှမ်းဝေးနေဦး မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာသောကြောင့် နိုင်ငံရေးအတွေးအမြင် နိုးကြားထက်သန်သော မျိုးဆက်တစ်ဆက်တို့၏ မဆုတ်မနစ် မဖြစ်မနေ ကြိုးပမ်းအားထုတ်မှုဖြင့် လွတ်လပ်သောနိုင်ငံတော်နှင့် လွတ်လပ်သောလူမျိုးများအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည် ရပ်တည်နေနိုင်ခဲ့ကြသည်။

 

ဤသို့ ရပ်တည်နေထိုင်နိုင်အောင် ရန်ကုန်တက္ကသိုလ်ကြီးမှ ထူးချွန် ပြောင်မြောက်သော မြန်မာအမျိုးကောင်းသား ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ နိုးကြားရုန်းထလာခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ခေတ်ပညာ တတ်ပုဂ္ဂိုလ်များသာမက ခေတ်သမိုင်းကို မော်ကွန်းရေးထိုးနိုင်သော သမိုင်း ဝင်ပုဂ္ဂိုလ်အမြောက်အမြား မွေးဖွားပေးခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ် ဦးနု၊ အာဇာနည် ဦးရာဇတ်၊ နန်းရင်းဝန် ဒေါက်တာဘမော်၊ ဥပဒေပညာရှင် ဒေါက်တာဘဟန်၊ ဒေါက်တာမောင်မောင်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၊ မြန်မာအမျိုးသား စာပေပညာရှင်များ ဖြစ်သည့် မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဦးကောင်း၊ ဒေါက်တာသာလှ၊ ဒေါက်တာသန်းထွန်း စသည့် မြန်မာသိ၊ ကမ္ဘာသိ ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်ကြီးကို စတင်တည်ထောင်ကတည်းက ကျောင်းသား ကျောင်းသူများ၏ လက်ငင်း လိုအပ်ချက်၊ အနာဂတ်အတွက် မြော်တွေးချက် စသည့်အဘက်ဘက်တွင် လိုလေသေးမရှိအောင် စီမံဖန်တီးခဲ့သည်မှာ ပညာလိုလားသော၊ အရည်အချင်းပြည့်ဝသော၊ လူချွန်လူမွန်များ ဖြစ်စေလို သော စေတနာဖြင့် ဆောင်ရွက်ခဲ့သည်ဟု နားလည်မိပါသည်။ ပေါ်ထွန်းလာခဲ့ သော လူ့အရင်းအမြစ်များက လက်တွေ့သက်သေပြနိုင်ခဲ့သည်။ ကျောင်း သား ကျောင်းသူများအတွက် အဘက်ဘက်တွင် အခွင့်အလမ်းရှိသဖြင့် အရပ်ရပ်တွင် ထူးချွန်သော ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာခဲ့သည်။

 

ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသော ဥယျာဉ်ကြီးတစ်ခုဖြစ်ထွန်းလာရန် ပန်းပင်အမျိုးမျိုးတို့ကို ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးသည့် ဥယျာဉ် မှူးကောင်းများရှိရန်လိုပြီး ရေခံမြေခံကောင်းသော၊ တင့်တယ်သာမောဖွယ် ကောင်းသော ဥယျာဉ်ကြီးတစ်ခုအဖြစ် ဖန်တီးထားရန်လည်းလိုအပ်သည်။ ရန်ကုန်တက္ကသိုလ် ကြီးသည်ကား ရေခံမြေခံကောင်းသော၊ တင့်တယ်သာမော ဖွယ်ကောင်းသော ဥယျာဉ်ကြီးသဖွယ် ဖန်တီးထားပါသည်။ ပညာပေးဝေ ရေးဘက်တွင် တွေးခေါ်မြော်မြင် ဉာဏ်ပညာမြင့်မားသော ထင်ရှားကျော် ကြားသည့် ဥယျာဉ်မှူးကဲ့သို့ ဆရာများက ပညာအမွေပေးခဲ့ကြပါသည်။ ပညာရေးဘက်တွင်သာမက ကျောင်းသား ကျောင်းသူများ ဆိုင်ရာကိစ္စများ တွင် ကူးလူးယှက်နွှယ်ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခွင့်ရှိခဲ့ပါသည်။ ဤ ကဲ့သို့သော ကျောင်းတော်ကြီး၌ ပညာရည်နို့သောက်စို့ခဲ့ရသော၊ ကျင်လည် ဖြတ်သန်းခဲ့ကြရသော ကျောင်းသား ကျောင်းသူများမှာ မထူးချွန်မထက်မြက် ဘဲ ရှိပါတော့အံ့နည်း။ ပညာအရာတွင်မက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တို့တွင် ပြည့်စုံကုံလုံကြွယ်ဝသူများ ပေါ်ထွန်းလာကြသည်မှာ နိုင်ငံအတွက် တန်ဖိုးကြီးမားသော ရတနာအမွေအနှစ်များ ရလိုက်သကဲ့သို့ ပင်တည်း။

 

ဤသည်မှာ အတိတ်က ရန်ကုန်တက္ကသိုလ်ကြီး၏ ထင်ရှားသော ဂုဏ်ဒြပ်များနှင့် ပေါ်ထွက်လာသော အနှစ်သာရများကို အရိပ်အမြွက်မျှ လှစ်ဟခြင်းဖြစ်သည်။ အတိတ်က ရန်ကုန်တက္ကသိုလ် ကျောင်းထွက်များမှာ ပြည်တွင်း၌သာမက နိုင်ငံတကာနှင့်ပါ ရင်ပေါင်တန်းနိုင်သည့် တွေးခေါ် ဆင်ခြင် ဉာဏ်အမြော်အမြင်မြင့်မားသူများ ဖြစ်ခဲ့ကြပါသည်။ အမိရန်ကုန် တက္ကသိုလ်ကြီးသည်ကား ဂုဏ်ယူမြတ်နိုးတန်ဖိုးထားဖွယ်ရာ သမိုင်းဝင် အမွေအနှစ်ဖြစ်ပါသည်။

 

သို့ဖြစ်ရာ ယခု ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကာလတွင် အတိတ် က ရန်ကုန်တက္ကသိုလ်ကြီး၏ သင်းပျံ့ထုံမွမ်းသော ဂုဏ်သတင်းများကို ပြန်လည်ထုတ်ဖော်ဂုဏ်ပြုပြီး ပစ္စုပ္ပန်ကာလတွင် ရှေးရန်ကုန် တက္ကသိုလ်ကြီး ကဲ့သို့ ဂုဏ်သတင်းများ ပြန်လည်သင်းပျံ့လာအောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြကာ အနာဂတ်နိုင်ငံအတွက် အားထားရသည့် ထူးချွန် ထက်မြက်သော သားကောင်းရတနာများ ပေါ်ထွန်းလာအောင် အားလုံးကြိုးစား ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။