အတိတ်မှ သင်ခန်းစာများရယူ အနာဂတ်ကို ကောင်းအောင်တည်ဆောက်

 

နှစ်ဟောင်းတစ်ခု ကုန်ဆုံး၍ နှစ်သစ်ကို ကြိုဆိုကြရမည့်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤကာလသို့ရောက်တိုင်း နှစ်သစ်ကို မျှော်လင့်ချက်များစွာဖြင့် ကြိုဆိုခဲ့ကြသည့်တိုင် ခက်ခဲကြမ်းတမ်း မှုများနှင့် ရုန်းကန်ရင်ဆိုင်ရမှုများကိုသာ အများအားဖြင့် ကြုံတွေ့ ခဲ့ကြရသည်ကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း တွေ့ရှိနိုင်သည်။   ပြည်ပနိုင်ငံအချို့၏ ပြည်တွင်းရေးစွက်ဖက်မှုများနှင့် ဖိအားပေးမှု များ၊ ပိတ်ဆို့ဟန့်တားမှုအနှောင့်အယှက်များ၊  ပြည်တွင်းစည်းလုံး ညီညွတ်မှု  အားနည်းကျဆင်းနေမှုများ၊  အတွင်းအပြင်ပူးပေါင်း လုပ်ဆောင်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဝင်ရောက်ကူးစက်မှုများ၊ ဆန့်ကျင်အုံကြွမှုများနှင့် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ စသည့်ပုံရိပ်အများစုကသာ    အတိတ်နှစ်များကို   လွှမ်းမိုးထား ခဲ့သည်။


မိမိတို့နိုင်ငံနှင့်ပြည်သူများ  နိစ္စဓူဝ  ရင်ဆိုင်နေကြရသည့် အခက်အခဲများနှင့်  ကြမ်းတမ်းမှုများအတွက်  အဓိကကျသော အဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းသွေးစည်းညီညွတ် ရေး  စသည်ဖြင့်   နိုင်ငံရေးသမားတို့   ခေါ်ဝေါ်သမုတ်ခဲ့ကြသည့် စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ လက်ရှိပြည်တွင်း၌ ဖြစ်ပေါ်နေ သည့်    အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်သတ်ဖြတ်မှုများသည် ကဗျာဆန်ဆန်       မည်သို့ပင်အမည်နာမပေး၍     အသံကောင်း ဟစ်ကြွေးနေကြစေကာမူ ဦးတည်ချက်မှာ အာဏာနှင့် အကျိုးစီးပွားအတွက်သာလျှင်ဖြစ်သည်။   နိုင်ငံအတွင်း  ဒေသအသီးသီး တွင် Silent Majority ခေါ် အသံတိတ်နှုတ်ဆိတ်နေသည့် အများစု သော ပြည်သူလူထုကြီး၏ဆန္ဒအမှန်မှာ အေးချမ်းသာယာရေး၊ ဥပဒေစိုးမိုးရေး၊   လူမှုစီးပွားဘဝများဖွံ့ဖြိုးရေး၊  စားဝတ်နေမှု ဖူလုံရေးဖြစ်သည်။  သို့သော်  အဖျက်အင်အားစုတို့က   နိုင်ငံကို   အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းဆီသို့ မရောက်ရောက်အောင် တွန်းပို့ နေကြသည်။


ပြည်တွင်းရှိ ကျေးလက်ဒေသအများစုပါဝင်သော ဒေသအချို့ တွင်  လက်နက်ကိုင်အုပ်စုများက  နယ်စားပယ်စားများသဖွယ် မင်းမူနေကြပြီး အာဏာရှင်တော်လှန်ရေးဟု ကြွေးကြော်ခဲ့သူတို့ ကိုယ်တိုင်က လက်နက်ကိုင်အာဏာရှင်များ ဖြစ်လာနေကြသည်။ စိတ်မထင်လျှင် မထင်သလို အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်မှုများ၊ လူကိုဖမ်း‌၍  ပြန်ရွေးငွေမတန်တဆတောင်းခံမှုများ၊  လက်နက် အားကိုးခြိမ်းခြောက်မှုများ  စသည်တို့က  တိုင်းရင်းသား  EAO အဖွဲ့ခေါင်းဆောင်တစ်ဦးပြောကြားခဲ့သည့် အဲဒီလူတွေ လက်ထဲ လက်နက်‌ရောက်သွားရင်  ဓားပြလိုအဖွဲ့တွေ  ဖြစ်သွားလိမ့်မယ် ဟူသည့်စကားကို သက်သေပြနေသကဲ့သို့ပင်ဖြစ်သည်။ အကယ် စင်စစ် ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာရှိသူများအနေဖြင့် မိမိ တို့ဒေသတွင် လက်နက်ကိုင်ပုန်ကန်အုံကြွမှုများမဖြစ်မီ ယခင်နှင့် ယခုကွာခြားမှုများကို နှိုင်းယှဉ်ချိန်ထိုးကြည့်ခြင်းအားဖြင့် အကျိုး နှင့်   အပြစ်ကို   သိရှိနိုင်သည်။   ဒေသခံပြည်သူများအဖို့   မိမိတို့ နေ့စဉ်ကြုံတွေ့နေရသည့် ကာယိကဒုက္ခဖိစီးမှုများသည် ယင်း လက်နက်ကိုင်အဖွဲ့များ၊ အုပ်စုများ ဒေသတွင်းတည်ရှိနေမှုကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်လာသည်နှင့်အမျှ ပိုမို၍ ဆန့်ကျင်လာကြမည်ဖြစ်သည်။


မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည်။     ခေတ်စနစ်ကောင်းမွန်တည်တံ့ခိုင်မြဲစေရန် တစ်ဆင့်ပြီးတစ်ဆင့် ဆင့်ကဲပြုပြင်ပြောင်းလဲ တည်ဆောက်သွား ခြင်းဖြင့်သာ   အပေါင်းလက္ခဏာဆောင်သော၊   နိုင်ငံကိုလည်း မနာကျင်စေဘဲ အပြုသဘောလည်းဖြစ်သော ရလဒ်များကို တစ်ခု ပြီးတစ်ခု ရရှိနိုင်မည်ဖြစ်သည်။ အနီးဆုံးသော ဆယ်စုနှစ်များ၏ သမိုင်း၌ပင် မိမိတို့ သင်ခန်းစာယူဖွယ်တို့ တနင့်တပိုးရှိနေသည်။ သမိုင်းဟူသည် အတိတ်အဖြစ်အပျက်တို့ကို မှတ်တမ်းတင်ခြင်း၊ အနက်ကောက်ခြင်း၊ အနာဂတ်အတွက် မှန်းဆခြင်းဖြစ်သည်ဟု ပညာရှင်တို့က မိန့်ဆိုသည်။ ခေတ်သမိုင်းကို မိမိတို့ ရေးထိုးကြ သည်ဟုဆိုသော်လည်း        မိမိတို့    လုပ်ကိုင်ဆောင်ရွက်မှုတို့မှ ထွက်ပေါ်လာသည့်ရလဒ်များပေါ်တွင်    မူတည်၍သာ   သမိုင်း မှတ်တမ်းတင်ခံကြရခြင်းဖြစ်သည့်အလျောက် မိမိတို့၏ သမိုင်း ပေးတာဝန်များကို ကျေပွန်ကြခြင်းဖြင့် နိုင်ငံတော်၏နှစ်သစ်များ ငြိမ်းချမ်းသာယာလှပနိုင်ပါစေကြောင်း။            ။