
မအေးချမ်း(မြန်မာစာ)
ရာပြည့်တက္ကသိုလ်အကြောင်း စဉ်းစားလိုက်သည်နှင့် အတိတ်ပုံရိပ်တို့က တိုးဝှေ့၍ ဝင်လာခဲ့ပေပြီ။ တက္ကသိုလ်တက်ခဲ့စဉ်ကာလတစ်လျှောက် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ ပညာဆည်းပူး ခွင့်ရခဲ့တာတွေ၊ သူငယ်ချင်းများနဲ့ စာအကြောင်းပေအကြောင်း ဆွေးနွေးခဲ့ကြ၊ ငြင်းခဲ့ကြ ခုန်ခဲ့ကြရတာတွေဟာလည်း မမေ့နိုင်စရာအတိတ်ပုံရိပ်တွေပေါ့လေ။ ဆရာကြီး ဆရာမ ကြီးတွေက စာအုပ်စာပေတွေများ ညွှန်းလိုက်ပြီဆိုရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆီကို အပြေးအလွှားချီတက်ကြရစမြဲပင်။ ယနေ့ခေတ်လို အင်တာနက်က ရှာလို့ဖွေလို့ ရတဲ့ခေတ်လည်း မဟုတ်ခဲ့၊ ကိုယ်လိုချင်တဲ့စာကို မိတ္တူကူးဆိုင်မှာ လွယ်လွယ်သွားကူးလို့ရခဲ့တဲ့ အနေအထားမျိုးလည်း မဟုတ်တော့ စာရှာခြင်း၊ စာကူးခြင်းနဲ့ စာဆွေးနွေးကြခြင်းသည် ကျွန်မတို့အတွက်တော့ အသက်တမျှတန်ဖိုးထားရသော အတိတ်ပုံရိပ်များပင် မဟုတ်ပါလား။
ကျွန်မတို့ ၈၈ အရေးအခင်းကြီးကို ကြုံခဲ့ ရပြီးနောက် ကျောင်းများပိတ်လိုက်တဲ့ အတွက် ၁၉၉၀ ပြည့်နှစ်ရောက်မှ ဒသမတန်း အောင်မြင်ခဲ့ကြ၏။ ၁၉၉၃ ခုနှစ်တွင် တက္ကသိုလ် စတက်ရပြီဆိုတော့လည်း ရန်ကုန် တက္ကသိုလ်ကို တန်း၍ တက်ခွင့်ရခဲ့ကြခြင်း မဟုတ်။ မိမိတို့နေထိုင်ရာ မြို့နယ်ကိုလိုက်ပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ လက်အောက်မှာ ရှိတဲ့ ဗိုလ်တထောင်နယ်မြေ (RC1)၊ လှိုင်နယ် မြေ (RC2)၊ ကြည့်မြင်တိုင်နယ်မြေ (RC3) မှာ ပထမနှစ် စတက်ခဲ့ရပါတယ်။ ပထမနှစ်စတက် ချိန်မှာပဲ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းအတွက် စာမူပေးပို့ ပြိုင်ပွဲဝင်နိုင်ကြောင်း ကြော်ငြာစာ တွေကပ်တာတွေ့တော့ ဝါသနာက တားလို့ ဆီးလို့မရ နေ့မအား၊ ညမအား ဝတ္ထုရေးဖြစ်ခဲ့ တော့တယ်။ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ကြီးစိုး နေလို့လား မသိပါ။ ဖျက်လိုက်၊ ပြင်လိုက် ပြန်ရေးလိုက်တာ ဝတ္ထုတို တစ်ပုဒ် ဖြစ်ဖို့ (၁၀) ကြိမ်မက ထင်ပါရဲ့လေ။ နောက်ဆုံး ကိုယ့် လက်ရေးလေးနဲ့ အချောလေးရေးပြီး ကြည့်မြင်တိုင်ကောလိပ်၊ မြန်မာစာဌာန ရှေ့မှာချထားတဲ့ စာမူပုံးလေးထဲ ထည့်ပြီးတဲ့ အချိန်မှာတော့ ပီတိဖြစ်မိတဲ့ ခံစားမှုက ဘယ်ခံစားမှုနဲ့မှ မတူတဲ့ အရသာတစ်မျိုးပင်။
မိမိစာမူ ရွေးချယ်ခံရသည့် ပီတိ
ဗိုလ်တထောင်၊ လှိုင်၊ ကြည့်မြင်တိုင် နယ်မြေတွေက ဝင်ပြိုင်လိုက်တဲ့ စာမူတွေကို ရန်ကုန်တက္ကသိုလ်ကြီးက ရွေးရတာကိုး။ ရန်ကုန်တက္ကသိုလ်ထဲက စီနီယာကြီးတွေရဲ့ စာမူတွေလည်းပါတာဆိုတော့ ကိုယ့်စာမူလေး အရွေးခံရဖို့ဆိုတာ မျှော်လင့်ချက် ရောင်ခြည် က ခပ်ဝေးဝေးပင်။ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးချိန်မှာတော့ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအတွက် ရွေးချယ်ခံရတဲ့ စာမူရှင်များကို ကြေညာပါတော့တယ်။ ကျွန်မရဲ့မျှော်လင့်ချက် အိပ်မက်တစ်ခုကို ရှာဖွေဖို့ ကြော်ငြာသင်ပုန်းရှေ့ကို ကျွန်မ ရောက်ခဲ့ပြီ။ အရွေးချယ်ခံရတဲ့ စာမူရှင် စာရင်းမှာ ဦးဆုံးကြည့်မြင်တိုင်ကောလိပ်ကို အရင်ရှာလိုက်၏။ ကြည့်မြင်တိုင်ကောလိပ်မှ စာမူနှစ်စောင် ရွေးထားသည့်အနက် ကျွန်မ နာမည် ပါ / မပါ မဝံ့မရဲ ရှာကြည့်မိတဲ့အခါ ကိုယ့်နာမည်ကို တွေ့လိုက်ရသော အချိန်မှာ ဖြစ်တည် ခံစားမှုကား ယခုပြန်မရနိုင်တော့ပြီ။ အဲဒီအချိန်ကစပြီး နွေးထွေးတဲ့ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ရင်ငွေ့ကို ကျွန်မ ခိုလှုံခံစား ခွင့်ရခဲ့လေပြီ။ ၁၉၉၄ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကနေ မွေးဖွားသန့်စင်ပေး လိုက်တဲ့အတွက် စာပေနယ်ပယ်သမုဒ္ဒရာ ပြင်ကျယ်ထဲ ကူးခတ်ခွင့်ရခဲ့သည်မှာ ယနေ့ အချိန်ထိပင် မဟုတ်ပါလား။
ကြည့်မြင်တိုင်နယ်မြေမှာ ပထမနှစ်၊ ဒုတိယနှစ် တက်ပြီးတဲ့အခါ ဂုဏ်ထူးတန်း ဝင်ခွင့်ရခဲ့တဲ့အတွက် ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင်မှာ မြန်မာစာဂုဏ်ထူးတန်း ပထမနှစ် စတက်ခဲ့ရပါတော့တယ်။ (RC1)၊ (RC2)၊ (RC3) သုံးကျောင်းစလုံးက ဂုဏ်ထူး တန်း တက်ခွင့်ရသူတွေ ဆုံကြရတဲ့အပြင် ပုသိမ်နဲ့ စစ်တွေတို့က ဂုဏ်ထူးတန်း တက်ခွင့်ရသူတွေပါ လာဆုံကြရတော့ သူငယ်ချင်းအသစ်တွေ အများကြီးထပ်ရလာ ပြီး ပျော်ရွှင် စရာနေ့ရက်တွေ ဖြစ်လာပြန်ပါ ရောလေ။ တစ်နေ့တစ်နေ့ တောင်ငူဆောင်နဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် လွန်းပြန် ထိုးနေ ရတာကိုပဲ မမောနိုင်၊ မပန်းနိုင်ကြပါ။
အဓိပတိလမ်းမကြီးရယ်၊ သစ်ပုပ်ပင်ကြီး ရယ်၊ ဘွဲ့နှင်းသဘင်ခန်းမကြီးရယ်က ခံ့ညား ထည်ဝါနေသလို ဂျပ်ဆင်ဟောရယ်၊ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်၊ RC တို့ရယ်က အတွေးအမြင်ကို ဆန်းသစ် တင့်တယ်စေပါ တယ်။ ခုံတန်းပြာလေးတွေရယ်၊ ကံ့ကော်ပင် တန်း၊ စွယ်တော်ပန်းနဲ့ စစ်ကိုင်းလမ်းကလည်း လွမ်းမောမှုတွေကို ပေးနိုင်သလို မြေပြင်ပေါ် ကြဲပြန့်နေတဲ့ စိန်ပန်းနီနီတွေနဲ့အတူ အိပ်မက် တွေလည်း မက်ခဲ့ဖူးပါတယ်။ နွေဦးမှာ လွင့်ပျံ လာတဲ့ ပင်ယံထက်က ဥဩငှက်ရဲ့ တေးသံ ချိုချိုကိုလည်း ဘယ်လိုမှ မေ့ပျောက်လို့ မရခဲ့ ပါပေ။
ကျွန်မတို့ သူငယ်ချင်းတစ်တွေ အင်းလျားရေပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေချိုသွေးရဲ့ နူးညံ့မှုကိုလည်း ရှူရှိုက်ခဲ့ဖူးကြ လေပြီ။ သစ်ပုပ်ပင်ကြီးရှေ့က မြက်ခင်းစိမ်း စိမ်းတွေပေါ်မှာ အားရပါးရထိုင်ပြီး စာတွေ ဆွေးနွေးခဲ့ကြပြီး အပြန် တောင်ငူဆောင် ရှေ့က ဦးချစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ် ခဲ့ကြရတာလည်း အကြိမ်ကြိမ်ပါ။ ရာသီမရွေး စိမ့်အေးနေတဲ့ ကျောင်းကော်ရစ်တာလမ်း တွေကလည်း တိတ်ဆိတ်ငြိမ်သက်မှုတွေနဲ့ တက္ကသိုလ်ကြီးရဲ့ ဂုဏ်ကိုဆောင်လို့နေပြန် ပါရော။ ကျွန်မတို့ သူငယ်ချင်းတွေ စာမေးပွဲနီး လို့ စာဖတ်ချင်၊ စာမှတ်ချင်ရင် ကျောင်း ကော်ရစ်တာ တစ်လျှောက် အုတ်ပေါင်တွေ ပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ် စာကြည့်ခွင့် ရခဲ့တာကိုလည်း မေ့လို့မရပြန်ပါဘူး။ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသာမက အသွေး၊ အသား၊ အဆီအနှစ် အကုန်လုံးကို ကျွန်မတို့တွေ စိတ်တိုင်းကျ အသုံးချခဲ့ရတာမို့ တက္ကသိုလ်ကြီးရဲ့မေတ္တာ၊ တက္ကသိုလ်ကြီးရဲ့ကျေးဇူးဟာ အတိုင်းမသိ၊ အနှိုင်းမဲ့ပါလို့ ကျေးဇူးသိတတ်တဲ့ နှလုံးစကား ဆိုလိုက်ချင်ပါတယ်။
ဝမ်းသာကြည်နူးမှုနဲ့အတူ
ကျွန်မဟာ တတိယနှစ်ဂုဏ်ထူးတန်းကို ၁၉၉၆ ခုနှစ်မှာ ပထမဆင့်၊ ပထမနဲ့ အောင်မြင်ခဲ့ပါတယ်။ အဲဒီလို အောင်မြင်မှုကို ခေတ်စမ်းစာဆိုကြီးသိပ္ပံမောင်၀က စတင်ရခဲ့ ဖူးတာမို့၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန အတွက် ၉ ယောက်မြောက် မြန်မာစာဂုဏ် ထူး ပထမယူခဲ့သူ ကျွန်မအတွက်တော့ ဝမ်းသာကြည်နူးမှုနဲ့အတူ မြန်မာစာပေနဲ့ ဘာသာစကားအတွက် ငါတာဝန်အတော် ကြီးသွားပြီလို့ ခံယူလိုက်မိပါတယ်။ အမိ တက္ကသိုလ်နဲ့ အမိဘာသာရပ်အတွက် ကျေးဇူးဆပ်နိုင်သူဖြစ်ဖို့ ဆက်လက်ကြိုးစားခဲ့ ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် နေ့မှာ ဆရာဇော်ဂျီ ဆုချီးမြှင့်ရေးအဖွဲ့က “ဆရာဇော်ဂျီဆု” ကို ချီးမြှင့်ပေးခဲ့တဲ့အတွက် ခွန်အားသစ်တွေနဲ့ အနာဂတ်ခြေလှမ်းတွေ သွက်ခဲ့ရပါတော့တယ်။
ဒီလိုနဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ လုံခြုံ နွေးထွေးတဲ့ရင်ခွင်မှာ စိတ်ချမ်းမြေ့စွာ ခိုနား ပြီး ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာတန်း၊ မဟာ သုတေသနတန်း၊ ပါရဂူတန်းတွေကို ဆက်တိုက်တက်ရောက်ခွင့် ရခဲ့ပါတော့တယ်။ သုတေသနအမျိုးမျိုးကို စိတ်တိုင်းကျ ပြုလုပ် ခွင့်ရပြီး စာတမ်းတွေဖတ်နိုင်ခဲ့၊ သုတေသန စာစောင်၊ ဂျာနယ်တွေမှာ ရေးသားနိုင်ခဲ့တာ ဟာ အမိရန်ကုန်တက္ကသိုလ်ရဲ့ ကျေးဇူး၊ သင်ဆရာ မြင်ဆရာ ကြားဆရာတွေရဲ့ ကျေးဇူးကြောင့်ပါလို့ ဆိုချင်ပါတော့တယ်။ ရန်ကုန်တက္ကသိုလ်ထဲကို ခြေချမိလိုက်တာနဲ့ ပညာတွေကို ဆည်းပူးလို့ကို မကုန်နိုင်တော့ တဲ့အတွက် ရန်ကုန်တက္ကသိုလ်ကြီးကို “ပညာ ဘဏ်တိုက်ကြီး” လို့ပဲ တင်စား ကင်ပွန်းတပ် လိုက်ချင်ပါတယ်။
ကျွန်မတို့အားလုံး ယခု မျက်မှောက် ပစ္စုပ္ပန်မှာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရင်ငွေ့ကို အေးချမ်းစွာ ခိုလှုံခွင့်ရနေပေမယ့် အတိတ် ကြေးမုံပြင်ပေါ်က တက္ကသိုလ်ကြီးရဲ့ ဘဝ လမ်းကတော့ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ပညာတတ် တက္ကသိုလ်ကျောင်းသားတွေနဲ့ မျိုးချစ်နိုင်ငံရေးသမားတွေရဲ့ အရင်းအနှီးကြီး သော စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုတွေ ဟာ ရာပြည့်တက္ကသိုလ်ကြီးရဲ့ သမိုင်းမှတ်တိုင် တွေပဲ ဖြစ်ပါတယ်။ ကျွန်မဟာ မြန်မာစာ သမားတစ်ယောက်ဖြစ်ပေမယ့် ဆရာကြီး ဒေါက်တာ သန်းထွန်း မိန့်မြွက်ဖူးသလို သမိုင်းကို မအအောင်တော့ လေ့လာထားသူပါ။ ကျွန်မရဲ့ အဖိုးတွေဖြစ်တဲ့ နဂါးနီသခင် ထိန်ဝင်း၊ သခင်ထွန်းလွင် (ရဲဘော်သုံးကျိပ် ဗိုလ်မှူးဗလ)၊ မြို့မကိုသန်းတင်နဲ့ ခင်ပွန်း သည်ရဲ့ အဘိုးဖြစ်သူ ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်းတို့ရဲ့ အမျိုးသား ပညာရေးအပေါ် တန်ဖိုးထားခဲ့တဲ့စိတ်၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်လိုတဲ့ စိတ်တွေကိုတော့ ရာပြည့်တက္ကသိုလ် အကြောင်း စဉ်းစားရင်းကနေ ဆက်စပ် မှတ်တမ်းတင်လိုစိတ်ဖြစ်လာတာမို့ ယခု ဆောင်းပါးကို ဂုဏ်ပြုရေးသားရခြင်း ဖြစ်ပါ တယ်။
ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အတိတ် ကြေးမုံပြင်ပေါ်က ပုံရိပ်တွေကို ခြေရာပြန် ကောက်မယ်ဆိုရင် အနောက်တိုင်းအယူအဆ အတိုင်း သင်ကြားပို့ချပေးခဲ့တဲ့ တက္ကသိုလ် ပညာရေးကို ၁၈၇၈ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။ ၁၈၈၄-၁၈၈၅ ခုနှစ်ကို ရောက်တဲ့အခါ ရန်ကုန်မြို့အစိုးရအထက် တန်းကျောင်းမှာ ရန်ကုန်ကောလိပ်ဆိုပြီး ဌာန သီးသန့်ဖွင့်ခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်ရောက် တဲ့အခါမှာတော့ ရန်ကုန်ကောလိပ်ကို အစိုးရ က တာဝန်ယူလိုက်ပြီး ရန်ကုန်မြို့ အစိုးရ ကောလိပ်လို့ ကင်ပွန်းတပ်ခေါ်တွင်ခဲ့ကြပါ တယ်။ ၁၉၂၀ ပြည့်နှစ်မှာတော့ တက္ကသိုလ် ကောလိပ် (ယူနီဗာစီတီကောလိပ်) ဆိုပြီး ဖြစ်လာခဲ့တာ၊ နောက် ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်တို့နှစ်ခုကို ပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကို ဖွဲ့စည်းတည်ထောင် လိုက်တာ စသည်ဖြင့် သမိုင်းကြောင်းကို အားလုံးသိရှိကြပြီး ဖြစ်ပါတယ်။
ကျောင်းသားသပိတ် ပေါ်ပေါက်လာ
မြန်မာပြည်သူလူထုဟာ ရန်ကုန် တက္ကသိုလ်ဆိုပြီး သီးခြားတက္ကသိုလ်တစ်ရပ် ကို လိုလားတောင့်တတောင်းဆိုခဲ့ကြပေမယ့် တက္ကသိုလ် အက်ဥပဒေကြမ်းပေါ်ထွက်လာတဲ့ အခါမှာတော့ ပြဋ္ဌာန်းချက်အချို့ကို မကျေနပ် ကြတဲ့အတွက် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကိုဘရှင်(သံတွဲ)၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဘဦး၊ ကိုဧ၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်(ထားဝယ်)၊ ကိုဘခင်၊ ကိုအောင်ဒင်ဆိုတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး ၁၁ ဦးတို့ဟာ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ဖို့ ရွှေတိဂုံစေတီရင်ပြင်တော် စနေထောင့်မှာ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြပြီးနောက် တက္ကသိုလ် အက်ဥပဒေကိုပြင်ဆင်ပေးဖို့ တောင်းဆို လိုက်ကြပါတော့တယ်။
ဗြိတိသျှအစိုးရကလည်း အဲဒီတောင်းဆို ချက်တွေကို မလိုက်လျောနိုင်တဲ့အတွက် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်မှာ ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင် ကာ မြန်မာပြည်တစ်ဝန်းလုံးမှာရှိတဲ့ အင်္ဂလိပ် ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်
ကျောင်းသားများစုဝေးပြီး ဆန္ဒပြခဲ့ကြတာမို့ မြန်မာပြည်ရဲ့ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့ရပါ တော့တယ်။
ပထမ ကျောင်းသားသပိတ်မှောက်နေ စဉ်အချိန်အတွင်း ပညာသင်မပျက်စေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ ဗဟန်းဘက်မှာ အမျိုးသား ကောလိပ်ကျောင်းတစ်ကျောင်း ကို ပညာရေးစိတ် ထက်သန်သူများနဲ့ သပိတ်မှောက် ကျောင်းသားများက ဦးစီး တည်ထောင်လိုက်ကြပါတော့တယ်။ သပိတ် မှောက်ကျောင်းသားတွေဟာ ကျွန်ပညာ ကို ဆက်လက် မသင်ကြားလိုတော့တဲ့ အတွက် တိုင်းပြည်အနှံ့ အမျိုးသား ကျောင်းတွေ တည်ထောင်ခဲ့ကြတယ်။ အမျိုးသားကျောင်းတွေဟာ မျိုးချစ်စိတ် ဓာတ်သွင်းပေးရာဌာနကြီးတွေအဖြစ် သမိုင်း တွင်ခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။ ပထမ ကျောင်းသားသပိတ်ဟာ ပညာရေးကိစ္စကို အကြောင်းပြုပြီးမှောက်ခဲ့တဲ့ သပိတ်ဖြစ် ပေမယ့် ပညာရေးထက် နိုင်ငံရေး အနှစ် သာရက ပိုနေတယ်လို့ သုံးသပ်ရမှာဖြစ် တယ်။ ခေတ်ပညာတတ်တွေက ရာထူး ရာခံတွေကို မမက်မော၊ ကိုယ်ကျိုးစီးပွားကို စွန့်ပြီး သပိတ်မှောက်လိုက်ကြခြင်းဟာ ဗြိတိသျှအစိုးရကို တော်လှန်လိုက်တာနဲ့ အတူတူပဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တိုင်းပြည်လူထုနေနဲ့လည်း နိုင်ငံရေးမျက်စိပွင့်ကုန်ကြပါတယ်။ အဲဒါကြောင့် ဂျီ-စီ-ဘီ-အေ (ခေါ်) မြန်မာအသင်းချုပ်ရဲ့ နဝမ ကွန်ဖရင့်မှာ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို “အမျိုးသားနေ့” ဆိုပြီး သတ်မှတ်နိုင်ခဲ့ကြတဲ့အထိ ခိုင်မာခဲ့ပါတော့ တယ်။
ထူးခြားတဲ့ သမိုင်းဖြစ်စဉ်တစ်ခု
၁၉၃၆ ခုနှစ် ရောက်တဲ့အခါမှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနုနဲ့ သမဂ္ဂရဲ့အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းတို့နှစ်ယောက်ကို ကျောင်းကနေ ထုတ်လိုက်တာနဲ့ ပတ်သက် ပြီး ဒုတိယကျောင်းသားသပိတ် ထပ်မံ ပေါ်ပေါက်လာခဲ့ရပြန်ပါတော့တယ်။ ပထမ ကျောင်းသားသပိတ် ဖြစ်စဉ်ကဲ့သို့ပင် ပညာ ရေးကိစ္စကို အကြောင်းပြုပြီး နိုင်ငံရေးသမား များလည်း ပါဝင်ခဲ့ကြတာ တွေ့ရပါတော့ တယ်။ အရေးကိစ္စတိုင်းဟာ နိုင်ငံသား တိုင်းရဲ့ အရေးပဲမို့ တက္ကသိုလ်ကျောင်းသား မဟုတ်သော နိုင်ငံရေးသမားတွေပါ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆွေးနွေး ညှိနှိုင်းပါဝင် အားဖြည့်ခဲ့ကြတာဟာ ထူးခြားတဲ့ သမိုင်း ဖြစ်စဉ်တစ်ခုဖြစ်တယ် လို့ သုံးသပ်ချင်ပါတယ်။
သပိတ်ခေါင်းဆောင် ကိုအုန်း ဦးဆောင် သော မြို့မကိုသန်းတင်နဲ့အဖွဲ့ဟာ ကိုလှဖေ (ဗိုလ်လက်ျာ)တို့နဲ့ပူးပေါင်းပြီး အမျိုးသား တက္ကသိုလ်တစ်ခုပေါ်ပေါက်လာဖို့ အထူး ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီလို အခြေအနေ မျိုးမှာ တက္ကသိုလ်ကျောင်းသား မဟုတ်ဘဲ နိုင်ငံရေးသမားသက်သက်သာ ဖြစ်တဲ့ ကိုထိန်ဝင်း (နဂါးနီသခင်ထိန်ဝင်း)နဲ့ သခင် ထွန်းလွင် (ရဲဘော်သုံးကျိပ်ဗိုလ်မှူး ဗလ)တို့ဟာ ညီငယ် မြို့မ ကိုသန်းတင်နဲ့ အတူ တက္ကသိုလ်ကျောင်းသားများ သပိတ် မှောက်တဲ့အခါ သမဂ္ဂအဆောက်အအုံမှာ သပိတ်စတင်မှောက်ချိန်ကနေ ပြီးဆုံးသည့် အချိန်ထိ ပါဝင်ခဲ့ကြတာကို အဘိုးများသက်ရှိ ထင်ရှားရှိစဉ် ရေးသားခဲ့တဲ့ မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ မြို့မ ကိုသန်းတင်ကတော့ အထက် မြို့တွေကို စည်းရုံးရေးသွားရာမှ အပြန်မှာ အပြင်းဖျားပြီး ကွယ်လွန်ခဲ့ရှာပါတယ်။
ဒုတိယ ကျောင်းသားသပိတ်ပေါ်ပေါက် ပြီးနောက်မှာတော့ အင်္ဂလိပ်အစိုးရက မြန်မာ ပြည်ကို သီးခြားအုပ်ချုပ်ရေးပေးဖို့ စီမံတဲ့အခါ ဖေဘီယန်ပါတီမှာ ဆောင်ရွက်နေတဲ့ ကိုနုက အုပ်ချုပ်ရေးကို ကန့်ကွက်ကြဖို့ ကိုထိန်ဝင်း နဲ့ ကိုလှဖေကိုတိုင်ပင်ခဲ့တယ်။ ကိုထိန်ဝင်းနဲ့ ကိုလှဖေတို့ကလည်း အစိုးရအာဏာဖီဆန်ရေး တရားကို ထောင်ကျရင်ကျပါစေ ဟောပြောဖို့ သဘောတူခဲ့ကြတယ်လို့ သိမှတ်ရပါတယ်။ အဲဒီနောက်မှာတော့ ကိုလှဖေက အုပ်ချုပ်ရေး ဥပဒေစာအုပ်ကို မသာချပြီး မီးရှို့ကန့်ကွက် မယ်၊ ကိုထိန်ဝင်းကလည်း ယူနီယံဂျက်အလံ ကို မီးရှို့ကန့်ကွက်မယ်ဆိုပြီး အဆိုပြုခဲ့ ကြတယ်။
၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် ပိုင်းမှာ ကိုနုနဲ့ ကိုလှဖေတို့ နောက်ကျနေတဲ့ အတွက် ကိုထိန်ဝင်းတစ်ယောက်တည်း ပုလိပ်ရုံးကြီးရှေ့က အေဝမ်းရုပ်ရှင်ရိုက်တဲ့ ကားကြီးပေါ်တက်ပြီး တရားဟောခဲ့ပါတယ်။ ပြီးမှ စီတန်းလှည့်လည်ခဲ့ကြပြီး လသာလမ်း (ယခင်လတ္တာလမ်း)မှ ထွက်ခဲ့ကာ ဟိုက်ကုတ် ရုံးတံခါးပေါက်ရှေ့အရောက်မှာတော့ ယူနီယံ ဂျက်အလံနဲ့ အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေစာအုပ်တို့ကို မီးရှို့ခဲ့ကြပါတော့တယ်။ အဲဒီလို စီတန်းလှည့်လည်ကြတဲ့အချိန်မှာ ထူးခြားတာ တစ်ခုက အမျိုးသားတွေနဲ့အတူ ရင်ပေါင် တန်းပြီး အမျိုးသမီးတွေလည်း ပါခဲ့ပါတယ်။
နောင်အခါ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ဆိုပြီးဖြစ်လာမယ့် မခင်မြ အပါအဝင် အမျိုးသမီးတွေပါ လိုက်ပါအားဖြည့်ခဲ့ကြ တယ်လို့ သိမှတ်ရပါတယ်။ မီးရှို့တဲ့အချိန်မှာ တော့ သပိတ်မှောက် ကျောင်းသား ကိုထွန်းအုံ (တက္ကသိုလ်သမဝါယမကို ကြိုးစား တည် ထောင်ခဲ့သူ၊ ဖဆပလလက်ထက် မြူနီ စီပယ်မင်းကြီး)နဲ့ ထားဝယ်မှ ကိုထွန်းအေး (နောင် နဂါးနီစတင်တည်ထောင်ခဲ့သူ ခုနစ်ဦး တွင် ပါသူ) တို့လည်း ရှိနေခဲ့ကြပါတယ်။ ထိုနေ့ ညဘက်ရောက်ပြန်တော့လည်း ရန်ကုန်မြို့ ကြည့်မြင်တိုင်ကမ်းနားဈေး ဘက်မှာ ဗြိတိသျှအစိုးရ အာဏာဖီဆန်ရေး တရားဟောခဲ့ကြပါသေးတယ်။ အာဏာဖီဆန် ရေး တရားဟောဖို့ မဲချကြပြီး ကိုနု၊ ကိုလှဖေ၊ ကိုထိန်ဝင်း အစဉ်လိုက် ဟောပြောခဲ့ကြခြင်း ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခဲ့ကြတဲ့ မျိုးချစ်လူငယ်တွေနဲ့ အမျိုးသားပညာရေးကို ဦးဆောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေ ဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် စောင့်ရှောက်လိုတဲ့ ရည်ရွယ်ချက်ရှိကြသူများ မို့ မကြာမီမှာ စိတ်ရောကိုယ်ပါ တစ်သား တည်းဖြစ်ခဲ့ကြပါတော့တယ်။ မြန်မာလူငယ် တွေ အတွက် ယခုအချိန်မှာ အလိုအပ်ဆုံးဟာ အသိဉာဏ်ပွင့်လင်းအောင် လုပ်ပေးဖို့ အရေး ကြီးကြောင်း ကောင်းကောင်းကြီး သဘော ပေါက် နားလည်ကြသူများဖြစ်လို့ ကိုနု ဦးဆောင်တဲ့ “နဂါးနီစာအုပ်အသင်း”ကို ထူထောင်ဖြစ်ခဲ့ကြပါတော့တယ်။ နဂါးနီ တန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်ဆိုတဲ့ နဂါးနီ သီချင်းထဲက စာသားဟာ တစ်နိုင်ငံလုံးကို ကြွေးကြော်သံပမာ တပ်လှန့်နှိုးဆော်နိုင်ခဲ့ ပါတယ်။ နဂါးနီစာအုပ်အသင်းကနေ လက်ကမ်းစာစောင်များအပြင် သိန်းဖေမြင့်၊ ဇေယျ၊ ကိုဗဟိန်း၊ ကိုဗဆွေစတဲ့ စာရေးဆရာ တွေနဲ့ ပညာတတ်တက္ကသိုလ်ကျောင်းသား တွေရဲ့ စာကောင်းပေကောင်းတွေကို အဆက် မပြတ်ထုတ် ဝေပေးနိုင်ခဲ့ပါတယ်။ နဂါးနီ တိုက်ထုတ် စာအုပ်ကောင်းတွေကြောင့် မြန်မာ လူငယ်တွေ အသိအမြင်များ ပွင့်လင်းပြီး ငါတို့တွေ ဉာဏ်ကူရမယ်၊ ရှေးရိုးအတိုင်း မသွားဘဲ စစ်ပညာ အတွေ့အကြုံတွေရှိအောင် လေ့လာသင့်တယ်၊ ဉာဏ်နီ ဉာဏ်နက်များတဲ့ ဗြိတိသျှအစိုးရကို ခေါင်းငုံ့ခံနေလို့ မဖြစ် ဘူးဆိုတဲ့ အသိတွေ ဖြစ်တည်လာခဲ့ပါတော့ တယ်။
တတိယ ကျောင်းသားသပိတ် ပေါ်ပေါက်လာ
မြန်မာလူငယ်တွေဟာ နဂါးနီတိုက် ထုတ် စာအုပ်တွေရဲ့ အကျိုးကျေးဇူးကြောင့် စာဖတ် ရှိန် ရလာပြီဖြစ်တဲ့အတွက် တစ်ပြည်လုံး အခြေခံစာအုပ်အသင်းတွေ ဖွဲ့စည်းကြဖို့ သဘောတူဆောင်ရွက်ချိန်၊ တစ်ဖက်မှာ လည်း တို့ဗမာအစည်းအရုံးကိစ္စတွေကလည်း အရေး ကြီးချိန်၊ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ရောက်ချိန် ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်ကို ချီတက် လာပြီဆိုတဲ့ သတင်းဟာ တက္ကသိုလ်ကျောင်း သားများနဲ့ မျိုးချစ်လူငယ်တွေရဲ့ ပတ်ဝန်းကျင် ကို တစ်မုဟုတ်ချင်း ပျံ့နှံ့လာပါတော့တယ်။ ရေနံမြေသပိတ်တပ်ကြီးဟာ မကွေးမြို့မှာ ရှေ့တိုးချီတက်မှု မပြုနိုင်တော့ဘဲ ရပ်တန့် နေပြီလို့ သိလိုက်ရချိန်မှာတော့ တို့ဗမာ အစည်းအရုံးကိုယ်စား ကိုထိန်ဝင်းနဲ့ သခင်စိုး တို့ မကွေးမြို့ကို ရောက်ဖို့ ကြံတင်တဲ့ကားကြီး နဲ့ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း မဖြစ်ဖြစ်အောင် သွားခဲ့ကြရပါတော့တယ်။ကိုဗဟိန်းနဲ့ ကိုဗဆွေ ကိုတော့ ဗြိတိသျှအစိုးရကို မျက်စိလှည့်တဲ့ အနေနဲ့ လမ်းခွဲပစ်ခဲ့ပြီး မီးရထားနဲ့လာစေကာ မကွေးမှာပြန်ဆုံဖို့ စီစဉ်လိုက်တယ်။ မူလ တိုင်ပင်ထားတဲ့အတိုင်း မကွေးမှာ ကိုထိန်ဝင်း၊ သခင်စိုး၊ ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ ပြန်ဆုံခဲ့ ကြပြီး အလုပ်သမားများကို ဦးဆောင် တရားဟောခဲ့ကြတဲ့အတွက် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ကို အပို့ခံ လိုက်ကြရတာကြောင့် တတိယ ကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့ ရပါတော့တယ်။
၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆုတ် ၇ ရက် နေ့) ညတွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်း တိုက်မှာ ကိုအောင်ကျော် အပါအဝင် သမဂ္ဂ အမှုဆောင်အဖွဲ့က ရန်ကုန်နဲ့ မကွေးမှာ အစိုးရ ကထုတ်ထားတဲ့ ပုဒ်မ(၁၄၄)ကို ရုပ်သိမ်းပေးရန် နဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားခေါင်းဆောင် တွေကို အမြန်လွှတ်ပေးရန် အစိုးရထံ တောင်းဆိုဖို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတော့ တယ်။ ဒါပေမယ့် တောင်းဆိုချက်တွေကို မရရှိ ခဲ့တဲ့အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ကျောင်းပေါင်းစုံက ကျောင်းသားတွေဟာ မြို့မကျောင်းဝင်း အတွင်း စုရုံးပြီးနောက် ပုဒ်မ(၁၄၄)ကို ကန့်ကွက်တဲ့အနေနဲ့ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတော့တယ်။ အဲဒီနောက် အစိုးရ ရဲ့ အုပ်ချုပ်ရေးကို ကြိုးကိုင်ရာဖြစ်တဲ့ အတွင်း ဝန်ရုံးကြီးကို ဝိုင်းပြီး အာဏာဖီဆန်တဲ့အနေနဲ့ ဆန္ဒပြဖို့ ဆုံးဖြတ်ကြပြန်ပါတယ်။
အဲဒီဆုံးဖြတ်ချက်အတိုင်း ဒီဇင်ဘာလ ၂၀ ရက်နေ့၊ (နတ်တော် လဆုတ် ၁၄ ရက်နေ့) နံနက်ပိုင်းမှာ ကျောင်းပေါင်းစုံက ကျောင်းသား တစ်သောင်းကျော်နဲ့ အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြခဲ့ကြရာ အပ်တိုတစ်ချောင်းမျှပင် မပါ သော ကျောင်းသားများကို နယ်ချဲ့လက်ပါးစေ ပုလိပ်များက နံပါတ်တုတ်နဲ့ ရက်ရက်စက်စက် ရိုက်နှက်လိုက်ကြတဲ့အတွက် ကျောင်းသူ ကျောင်းသားများ ဒဏ်ရာရရှိခဲ့ကြပြီး ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံး ကြွေလွင့်ခဲ့ရပါတော့တယ်။
၁၃၀၀ ပြည့်အရေးတော်ပုံနောက်ပိုင်းမှာတော့ အမျိုးသားလွတ်မြောက်ရေးကို အနု နည်းဖြင့် တောင်းယူ၍မရ၊ လက်နက်ကိုင် တိုက်ပွဲဝင်မှသာ ရနိုင်မည်ဟု မျိုးချစ်လူငယ် များအားလုံး သိမြင်လာခဲ့ကြပါတော့တယ်။ ဒါ့ကြောင့် ၁၃၀၀ ပြည့်အရေးတော်ပုံအတွင်း က ပါဝင်လှုပ်ရှားခဲ့တဲ့ တိုးတက်သော နိုင်ငံ ရေးအမြင်ရှိတဲ့ ကျောင်းသား ကျောင်းသူ အားလုံးဟာ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲများမှာ ဆက်လက် ပါဝင် ကြိုးပမ်းခဲ့ကြပါတော့တယ်။
သမိုင်းတွင် ပုံရိပ်တွေ
ထိုထိုသော အတိတ်ကြေးမုံပြင်ထက်က သမိုင်းတွင်ပုံရိပ်တွေဟာ ရန်ကုန် တက္ကသိုလ် ကြီးရဲ့ သမိုင်းအရောင်ကို ထွန်းပြောင်ခိုင်ခံ့ စေခဲ့ သော အဓိကအကြောင်းတရားများဖြစ်ခဲ့ တယ်လို့ ရဲရဲဝံ့ဝံ့ ဆိုလိုက်ချင်ပါတယ်။ “ရန်ကုန်ယူနီဗာစီတီ” ကနေ “ရန်ကုန် တက္ကသိုလ်” ဆိုတဲ့ အမျိုးသားတက္ကသိုလ် တစ်ခုဖြစ်လာဖို့၊ တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းတွေကို မြန်မာပီပီသသ အသုံး အနှုန်းတွေဖြစ်လာဖို့ ပညာလက်နက်နဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဆရာကြီး ဦးဖေ မောင်တင်ရဲ့ မြန်မာ့စိတ်ဓာတ်၊ မြန်မာ့စိတ် ရင်းနဲ့ အမျိုးသားဇာတိမာန်ကလည်း ရဲရဲ တောက် အံ့မခန်းပင်ဖြစ်ပါတယ်။
သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ်ကြီးဟာ မြန်မာ့ပညာရေး၊ မြန်မာ့နိုင်ငံရေး၏ မျက်နှာစာတစ်ခုဖြစ်တယ်လို့ ဆိုပါရစေ။ ပညာတတ် တက္ကသိုလ်ကျောင်းသားများနဲ့ မျိုးချစ်နိုင်ငံရေးသမား လူငယ်များရဲ့ ပေါင်းစည်းမှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ် နာခံမှုတွေဟာ ရာပြည့် ရန်ကုန်တက္ကသိုလ် ကြီးရဲ့ ရေသောက်မြစ်များ ဖြစ်တယ်ဆိုရင် မည်သူ ငြင်းနိုင်ပါမည်နည်း။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
----------------------------------
- အမည်ရင်း ဒေါက်တာ မြတ်ထူးကြွယ် ဖြစ်သည်။
- ၂၂-၄-၁၉၇၃ ရက်နေ့တွင် ဦးဖေကြည်၊ ဒေါ်ခင်မာကြည်တို့က ရန်ကုန်မြို့၌ ဖွားမြင်သည်။
၁၉၉၀ ပြည့်နှစ်တွင် ဒသမတန်းကို သိပ္ပံတွဲ၊ မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်ပြီး၊ ဝိဇ္ဇာတွဲသို့ ပြောင်းကာ မြန်မာစာအဓိကဖြင့် တက္ကသိုလ် တက်ခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် B.A(Hons:) ဘွဲ့ကို လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် M.A ဘွဲ့ကို လည်းကောင်း၊ ၂၀၀၁ ခုတွင် M.Res ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် Ph.d ဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် က ချီးမြှင့်သော တက္ကသိုလ် ကလောင်ရှင် ဆု၊ ၁၉၉၇ ခုနှစ်တွင် ပထမဆုံး ဆရာဇော်ဂျီ စာပေဆု၊ ၁၉၉၉ ခုနှစ်တွင် ယုဇနပညာသင် ဆု၊ ၂၀၀၇ ခုနှစ်တွင် “မြန်မာ့ သဘင်မှု အနုပညာနှင့် အသုံးတွင် စကားများ” စာအုပ်ဖြင့် မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဗိမာန်စာမူပထမဆု၊ ၂၀၀၈ ခုနှစ်တွင် “မြန်မာ့ရိုးရာဇာတ်ညွှန်း အနုပညာနှင့် သဘင်မှုလုပ်ငန်း သုံးအခေါ်အဝေါ်များ” စာအုပ်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေဗိမာန်စာမူ ပထမဆု တို့ကို ရရှိခဲ့သည်။
- ၁၉၉၇-၂၀၀၃ ခုနှစ် ရန်ကုန်စီးပွား ရေးတက္ကသိုလ်၊ မြန်မာစာဌာနတွင် နည်းပြအဖြစ် လည်းကောင်း၊ ၂၀၀၃-၂၀၀၅ ခုနှစ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် နည်းပြအဖြစ် လည်းကောင်း၊ ဒီဂရီကောလိပ် (ရန်ကုန်) ၌ပင် ၂၀၀၅-၂၀၀၉ ခုနှစ်အထိ လ/ထ ကထိကအဖြစ် လည်းကောင်း၊ ၂၀၀၉-၂၀၁၇ ခုနှစ်အထိ ကထိက အဖြစ်လည်းကောင်း၊ ၂၀၁၇-၂၀၁၉ ခုနှစ်အထိ တွဲဖက်ပါမောက္ခ အဖြစ် လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်။ ယခု လက်ရှိတွင်မူ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(စစ်ကိုင်း)၊ မြန်မာစာဌာန တွင် ပါမောက္ခရာထူးဖြင့် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
- Log in to post comments