
နေပြည်တော် ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲက အုတ်တွင်း မြို့နယ် ပေါက်တောကျေးရွာ အုပ်စု လက်ပံခုံကျေးရွာအနီး အုတ်တွင်း - ပေါက်ခေါင်းသွား ကားလမ်းတွင် ကောင်းပြည့်ထူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆၀ နှင့် မြန်မာငွေကျပ် ၂၃၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂နာရီခွဲတွင် အုတ်တွင်းမြို့ ကြက်သွန်ခင်း (၂) ရပ်ကွက်နေ ရန်နောင် ထွန်း(ခ)အကြီးကောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၀၊ မြန်မာ ငွေကျပ် ၃ ဒသမ ၄၉၆၅ သိန်းနှင့် နေအိမ်ခြံဝင်း အတွင်း HONDA STREAM အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကိုလည်းကောင်း၊ ထိုနေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ် (၂)ရပ်ကွက် အထက်ဗဟိုလမ်းတွင် စွမ်းရည်ထက်(ခ) ကိုရှီးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၈၀၀နှင့် အိုက်စ် သုည ဒသမ ၀၀၁၁ ကီလို တို့ကိုလည်းကောင်း။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခွဲ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင် ကျေးရွာအုပ်စု ဆန်နားကျေးရွာ နေ အိုက်နွန်း၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ၊ အိုက်စ် သုည ဒသမ ၀၃ ကီလို၊ အက်တက်ဆီဆေးပြား နှစ်ပြားနှင့် ARMELEGANT ANG – 5 တံဆိပ်ပါ သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် သုံးတောင့်၊ ပွိုင့် ၂၂ ပြောင်းချော သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် သုံး တောင့်တို့ကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မိုင်းဆတ်မြို့နယ် စတုံးကျေးရွာအုပ်စု လွယ်ပါရင်(၁) ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ် သွားလမ်းတွင် အိုက်ကွမ်(ခ) စိုင်းကောင် မောင်းနှင်ပြီး စိုင်းနော် လိုက်ပါလာသည့် VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ မော်တော် ယာဉ် အင်ဂျင်ခန်းအတွင်းမှ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀၀၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား