အယ်နီညိုရာသီဥတုအခြေအနေနှင့် စိုက်ရေး ပျိုးရေးအတွက် ရေ

 

ယခုနှစ်ဒုတိယနှစ်ဝက်ကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား ကြသည်။ အယ်နီညိုသည် အစွန်းရောက်ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပြီး   ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရေပြင်တွင်   ရေများပုံမှန် မဟုတ်ဘဲ ပူနွေးလာသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ပင်လယ် ရေပြင်ပူနွေးလာခြင်းကြောင့်  ငါးများအုပ်စုလိုက် ပြောင်းရွှေ့သွား ကြသည်ကို  တွေ့ရှိကြရပြီး  လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်ကပင် ပီရူးမှ   ငါးဖမ်းသမားတံငါသည်များက   အယ်နီညိုဖြစ်စဉ်ကို သတိပြုမိခဲ့ကြသည်ဟုဆိုသည်။


အယ်နီညိုသည် ကမ္ဘာတစ်ဝန်းရာသီဥတုများအပေါ်တွင် သက်ရောက်မှုရှိခြင်းကြောင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထုတ် လုပ်ရေးတို့တွင်လည်း    ဆင့်ကဲသက်ရောက်မှုများဖြစ်ပေါ်စေ သည်။ အယ်နီညိုရာသီဥတုဖြစ်စဉ်ဟုဆိုလျှင် ပူပြင်းခြောက်သွေ့ သည့် အခြေအနေဟုပုံသေအားဖြင့် ဆိုနိုင်သည်။ အာရှတိုက်တွင် အပူလွန်ကဲခြင်း၊ ခြောက်သွေ့ခြင်းတို့ကြုံတွေ့နိုင်ပြီး အရှေ့တောင် အာရှဒေသတွင်လည်း ဖြစ်မြဲထက်ပို၍ပူစေသည်။ ယင်းအခြေ အနေက အဓိကကောက်ပဲသီးနှံဖြစ်သော ဂျုံ၊ စပါး၊ ပြောင်းနှင့် ဆီထွက်သီးနှံများ စသည်တို့စိုက်ပျိုးထုတ်လုပ်မှုကိုထိခိုက်စေသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခြင်းက ကမ္ဘာ့ကောက်ပဲ သီးနှံစျေးကွက်အတွင်း သီးနှံရောင်းလိုအားအပေါ်ထိခိုက်နိုင်ပြီး စားသုံးကုန်စျေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းမှုများ လည်း ထွက်ပေါ်လျက်ရှိသည်။


မြန်မာနိုင်ငံအနေဖြင့်မူ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၆ ရက်ခန့်မှစကာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ အယ်နီညိုရာသီဥတုအခြေအနေ တွင် မိုးရွာသွန်းရက် လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလ တွင် အအေးပေါ့ခြင်း၊ နွေရာသီတွင် ပို၍ပူပြင်း ခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ် ပြီး  အယ်နီညိုအားပြင်းမှု၊  ပျော့မှုအပေါ်မူတည်၍   အပူ လွန်ကဲခြင်း၊    အပူလှိုင်းဖြတ်ခြင်းတို့    ဖြစ်ပေါ်လာနိုင်သည်။ ရှေ့ဆက်၍လည်း နောက်နှစ်တွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှု နောက်ကျနိုင်သည့်အတွက် ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလရှည်တစ်ရပ်ကို     ဖြတ်သန်းကြရဖွယ်ရှိသည်။ ယင်းသို့သော အခြေအနေက စိုက်ပျိုးရေးအဓိကဖြစ်သော မိမိတို့ နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြရမည့်အခြေ အနေပင်ဖြစ်ရာ တောင်သူများကို အသိပညာပေးခြင်း၊ စိုက်ပျိုးရေ များ ကြိုတင်သိုလှောင်ရေး၊ ရေကို အလဟဿမဖြစ်စေဘဲ အလေ အလွင့်နည်းနည်းနှင့် အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်များ  ရှာဖွေရေး၊ အပူဒဏ် နှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်သည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ရာသီဥတုအခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် သီးထပ်ပုံစံ များ စိုက်ပျိုးရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် တောင်သူများက အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။


စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံအနေဖြင့် အယ်နီညိုအစွန်းရောက် ရာသီဥတုဖြစ်စဉ်     ဖြစ်ပေါ်နေသည့်ကာလအတွင်း      မိမိတို့၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမဖြစ်စေရန် ရေအရင်းအမြစ် စီမံခန့်ခွဲမှု ကောင်းစွာပြုလုပ်သွားကြရမည်ဖြစ်သည်။ ရှိရင်းစွဲ ရေအရင်းအမြစ်များကို မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ စိုက်ပျိုး ရေကို လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံသုံးစွဲခြင်းတို့ အပါအဝင်  စိုက်ပျိုးရေးအတွက်   အသက်သွေးကြောဖြစ်သည့် ရေကို ရွှေကဲ့သို့အလား  တန်ဖိုးထားကာ အယ်နီညိုရာသီကာလ ကို ကျော်ဖြတ်ကြရပါမည့်အကြောင်း။        ။