ဘာစီလိုနာနှင့် အေစီမီလန်တို့ နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လင်ဂတ်ကို ခေါ်ယူလို

 

ဘာစီလိုနာအသင်းနှင့် အေစီမီလန်အသင်းတို့သည် လာမည့်နွေရာသီတွင်  မန်ယူအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာဖွယ်ရှိနေသည့် အင်္ဂလန်ကွင်းလယ် ကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လင်ဂတ်သည် ပြီးခဲ့သည့်လက အိုးထရက်ဖို့ဒ်၌ စာချုပ်သက်တမ်း တိုးရန်  ကမ်းလှမ်းခဲ့သော်လည်း   ပယ်ချထားသူ ဖြစ်သည်။ 

 


အသက် (၂၈ နှစ်)အရွယ်ရှိ အင်္ဂလန်ကွင်းလယ် ကစားသမား လင်ဂတ်သည် လာမည့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရရှိရန်အတွက် စိတ်အားထက်သန်နေသူဖြစ်ရာ    ၎င်းအနေဖြင့် အိုးထရက်ဖို့ဒ်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိပါက အသင်း ပြောင်းရွှေ့ဖွယ်ရှိနေခြင်း ဖြစ်သည်။ လင်ဂတ်သည် ယခုနှစ်ရာသီတွင် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့သည့် ကာရာဘောင်ဖလားပြိုင်ပွဲ၌ ပွဲထွက် ခွင့် တစ်ကြိမ်သာရရှိထားပြီး ကလပ်နှင့် နိုင်ငံအသင်း အတွက် ပွဲချိန်အများစုကို အရန်ခုံတွင် ကုန်ဆုံးစေခဲ့သည်။  

 


နည်းပြ ဆိုးလ်ရှားသည် လင်ဂတ်ကို အိုးထရက်ဖို့ဒ် တွင်သာ ဆက်လက်ရှိနေစေလိုသော်လည်း မန်ယူ အသင်းအနေဖြင့် အဆိုပါ ကစားသမားကို တိုးမြှင့် ကမ်းလှမ်းသွားမည်လား သို့မဟုတ် ဇန်နဝါရီ အပြောင်း အရွှေ့တွင် ရောင်းထုတ်သွားမည်လားဆိုသည်မှာ ကစား သမား၏  ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေသည်။ 

 


လင်ဂတ်သည် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ပြင်ပ ကလပ်များနှင့် ဆွေးနွေးနိုင်မည်ဖြစ်ပြီး နာမည်ကြီး ဘာစီလိုနာနှင့် အေစီမီလန်အသင်းတို့က အလွတ် ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် စိတ်အားထက်သန် နေသည်။ ထို့ကြောင့် လင်ဂတ်အနေဖြင့် အိုးထရက်ဖို့ဒ် တွင် သက်တမ်းတိုးစာချုပ်  ချုပ်ဆိုသွားမည်လား သို့မဟုတ် အသင်းပြောင်းရွှေ့သွားမည်လားဆိုသည် ကို စောင့်ကြည့်ရမည် ဖြစ်သည်။

 


လင်ဂတ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ၂၁၆ ပွဲပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူ ပေးထားသည်။  ဆိုးလ်ရှား၏ မန်ယူအသင်းသည် အောက်တိုဘာ ၁၆ ရက်တွင် လက်စတာအသင်းနှင့် ပရီမီယာ လိဂ်ပွဲစဉ် (၈) ကို   ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မန်ယူအသင်းသည် ပရီမီယာလိဂ်ပွဲစဉ် (၇) အပြီးတွင် ရမှတ် ၁၄ မှတ်ဖြင့် အဆင့် (၄) နေရာ တွင်  ရပ်တည်နေသည်။                    

အောင်ဇော်