မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို နယ်ချဲ့ တို့၏လက်မှ ပြန်လည်ရယူခဲ့သည်မှာ ၇၄ နှစ်ပြည့်မြောက်တော့မည်။ လွတ်လပ်သည့် နိုင်ငံဘဝနှင့် ဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်း ၇၀ ကျော် ကာလသည် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းတည်ဆောက်နိုင်ခဲ့ မည်ဆိုပါက ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာဖြင့် ထိပ်တန်းသို့ တက်လှမ်းနိုင်သည့်နိုင်ငံအဆင့် ရောက်ရှိနိုင်ရန် လုံလောက်သည့် အချိန်ကာလ တစ်ရပ်ပင်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသားခေါင်းဆောင်များက ဆွေးနွေးခဲ့ကြရာတွင် လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန်၊ သမ္မတစနစ်ကို ကျင့်သုံးရန်၊ ဒိုမီနီယံကို လက်မခံဘဲ လုံးဝလွတ်လပ်သည့် နိုင်ငံအဖြစ် ရပ်တည်ရန်၊ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရန်ဟူသော အခြေခံမူ လေးရပ်ကို ချမှတ်ခဲ့သည်။ အချုပ် အခြာအာဏာ (Sovereign Power) နှင့် စပ်လျဉ်း၍ ဗိုလ်ချုပ် အောင်ဆန်းက ရှင်းလင်းပြောကြားခဲ့ရာတွင် ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်အစိုးရနှင့်အပြင်ပန်းအားဖြင့် လွတ်လပ်သော်လည်း နိုင်ငံကြီး တစ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု၊ ချုပ်ချယ်မှုကို အထူးတလည်ခံနေရသည့် နိုင်ငံမျိုးကို Vassal State ဟု ခေါ်ကြောင်း။ ကိုလိုနီကျွန်ကဲ့သို့ မဟုတ် သော်လည်း တပည့်နိုင်ငံ၊ ကျွန်နိုင်ငံသဘောမျိုးသာ ဖြစ်ကြောင်း။ နောက်တစ်မျိုးမှာ နိုင်ငံကြီး နှစ်နိုင်ငံကြား နယ်နိမိတ်ခြားပေးရုံ လောက်သာဖြစ်သည့် Buffer State ဖြစ်ကြောင်း။ မိမိတို့ လိုချင်သည် မှာ Vassal State လည်း မဟုတ်၊ Buffer State လည်း မဟုတ်။ ဆန်မရှိအစားကြီးပဲ ခေါ်ခေါ်လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတော်သည်သာ မိမိတို့ လိုချင်သည့် နိုင်ငံတော်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အကျယ်အဝန်း သည် အရှေ့တောင်အာရှတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကုန်းမြေတစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်မှုအရဆိုလျှင် အကြီးဆုံး သော နိုင်ငံဖြစ်သည်။ သမိုင်းတစ်လျှောက် ပတ်ဝန်းကျင်နိုင်ငံများနှင့် ယှဉ်ပြိုင်ရပ်တည်ခဲ့ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ၏ စုစည်းညီညွတ်မှု စွမ်းပကားဖြင့် နိုင်ငံကို ထူထောင်ခဲ့ကြခြင်းဖြစ် သည်။ အမြော်အမြင် ကြီးမား၍ ထက်မြက်သည့် ခေါင်းဆောင်၏ ဦးဆောင်မှုကို ရရှိသလို စည်းလုံးညီညွတ်မှုကိုပါ ရရှိသည်နှင့် မြန်မာ တို့၏ ဩဇာသည် ဒေသတွင်း နိုင်ငံများဆီသို့ ပျံ့နှံ့ခဲ့ကြောင်းကိုလည်း သမိုင်းတစ်လျှောက်တွင် တွေ့ရှိနိုင်သည်။ သို့ရာတွင် နှစ်ပေါင်း ထောင်ချီသည့် သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော စုစည်း ညီညွတ်မှုအချိန်ကာလတို့မှာ တိုတောင်းလှသည်ကိုလည်း တွေ့ရ မည်ဖြစ်သည်။
မျက်မှောက်ခေတ်တွင် နိုင်ငံတစ်နိုင်ငံကို ကျွန်ပြုသည့်ပုံစံမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစွမ်းအားများ ခိုင်မာတောင့်တင်းအောင် တည်ဆောက်ပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် အားထုတ်ကြိုးပမ်းကြရသည်။ နိုင်ငံတစ်နိုင်ငံတွင် စည်းလုံးညီညွတ်မှု ပြိုကွဲနေမည်၊ စီးပွားရေးအရ နိမ့်ကျနေမည်၊ စစ်ရေးအင်အားလည်း ချည့်နဲ့နေမည်ဆိုပါက အနိုင်ကျင့်ဗိုလ်ကျခံ ရသည့် နိုင်ငံဘဝသို့ ကျရောက်သွားရမည်ဖြစ်သည်။ ဘိုးဘွားတို့က နှစ်ပေါင်းထောင်နှင့်ချီ၍ တည်ဆောက်ခဲ့သည့်နိုင်ငံကို လုယက်ခဲ့သည့် နယ်ချဲ့တို့ထံမှ အသက်သွေးများစွာပေးဆပ်၍ ပြန်လည်ရယူခဲ့ပြီးသည့် နောက်တွင် အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုတို့ တည်တံ့ခိုင်မြဲရေး၊ တောင့်တင်းခိုင်မာသော စွမ်းအားများဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည် လာရေးတို့ကို ပစ္စုပ္ပန်မျိုးဆက်တို့က အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ထမ်းရွက်ကြရပါမည့်အကြောင်း ။ ။