
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှ နာမည်ကြီး ရီးရဲမက်ဒရစ်နှင့် ဘိုင်ယန် မြူးနစ် အသင်းပွဲစဉ်ကို မေ ၉ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ရီးရဲ မက်ဒရစ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး - သုံးဂိုးဖြင့် အနိုင် ရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို ရီးရဲမက်ဒရစ်အသင်းအိမ်ကွင်း ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၇၆၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ဘိုင်ယန်မြူးနစ် အသင်းသည် အယ်ဖွန်ဆိုဒေးဗီးစ်၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိရန် နီးစပ်မှုရှိခဲ့သော်လည်း ရီးရဲမက်ဒရစ် အသင်းမှ လူစားဝင်တိုက်စစ်ကစားသမား ဂျိုဆေလူ ၏ နောက်ကျသွင်းဂိုးနှစ်ဂိုးကြောင့် ရှုံးပွဲကြုံတွေ့ ခဲ့ရကာ ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့ရသည်။
ဆုဖလားမျှော်လင့်ချက်အဆုံးသတ်
ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား ကိန်းသည် ပြီးခဲ့သည့် နွေရာသီတွင် စပါးအသင်းမှ ပေါင် ၈၆ သန်းဖြင့် ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး အသင်းအတွက် ၄၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သော်လည်း ၎င်း၏ကစားသမားဘဝတစ်လျှောက် ပထမဆုံး ဆုဖလားဆွတ်ခူးနိုင်ရေး မျှော်လင့်ချက်လည်း အဆုံးသတ် သွားခဲ့ရပြီဖြစ်သည်။
ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည်
ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးကို ဒေးဗီးစ်က သွင်းယူ ပေးပြီး ရီးရဲမက်ဒရစ်အသင်းအတွက် သွင်းဂိုးများကို ဂျိုဆေလူ တစ်ဦးတည်းက သွင်းယူပေးခဲ့သည်။ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်း ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော ရီးရဲမက်ဒရစ်အသင်းသည် ဇွန် ၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ တွင် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အောင်ဇော်