
ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှ မန်ယူနှင့် စပိန်ကလပ် ရီးရဲ ဘက်တစ်အသင်းတို့ ပွဲစဉ်တွင် မန်ယူအသင်းက တိုက်စစ်ခြေစွမ်း ပြကာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး နောက်တစ်ဆင့် တက်လှမ်း နိုင်ရေး အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်ကိုအိုးထရက်ဖို့ဒ်ကွင်း၌ မတ် ၁၀ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည်။
မန်ယူ အသင်းသည် လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်မှု ကို ချေဖျက်ရန်အတွက် ဘက်တစ်အသင်းကို ပွဲစတင် ကတည်းက ဖိအားပေးနိုင်ခဲ့ သည်။ ဦးဆောင်ဂိုးကို ပွဲချိန် ခြောက်မိနစ်တွင် ရရှိခဲ့ပြီး တိုက်စစ်မှူး ရက်ဖို့ဒ်က သွင်းယူပေးခဲ့သည်။ ဘက် တစ်အသင်းက ပွဲချိန် ၃၂ မိနစ်တွင် ချေပဂိုးရရှိပြီး ပီရက်ဇ်က သွင်းယူပေးခဲ့ သည်။
မန်ယူအတွက် ဒုတိယ ဂိုးနှင့် တတိယဂိုးကို ပွဲချိန် ၅၂ မိနစ်နှင့် ၅၈ မိနစ်တွင် အန်တိုနီနှင့် ဖာနန်ဒက်စ် တို့က သွင်းယူပေးသည်။ မန်ယူအသင်းအတွက် အနိုင် သေချာစေမည့် စတုတ္ထဂိုးကို ဝက်စ်ဟော့က သွင်းယူပေး နိုင်ခဲ့သည်။ ယခုပွဲတွင် မန်ယူတို့ ရရှိလာသည့် အပိုင် အခွင့်အရေးများ ဂိုးအဖြစ် ပြောင်းလဲနိုင်ပါက ယခု ထက် ဂိုးပိုပြတ်ဖွယ်ရှိသည်။
ယခုပွဲစဉ်တွင် တစ်ဂိုး သွင်းယူနိုင်ခဲ့သော ရက်ဖို့ဒ် သည် ယခုနှစ် ယူရိုပါလိဂ် ပြိုင်ပွဲတွင် သွင်းဂိုးငါးဂိုး အထိ ရှိလာပြီဖြစ်သည်။ မန်ယူနှင့် ဘက်တစ်အသင်း တို့၏ ဒုတိယအကျော့ ပွဲစဉ် ကို မတ် ၁၇ ရက်တွင် ဘက် တစ် အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ဇော်ဇော်