ဘရာဇီးခရီးသည်တင်လေယာဉ်ပျက်ကျ၊ အသက်ရှင်လွတ်မြောက်သူမရှိ

 

ရီယိုဒီဂျနေယိုး  ဩဂုတ် ၁၀
ဘရာဇီးနိုင်ငံ၌  ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသည့်  လူ ၆၀ ကျော်လုံး သေဆုံးသွားခဲ့သည်ဟု  အာဏာပိုင်များ က ပြောသည်။  
အဆိုပါ ခရီးသည်တင်လေယာဉ်သည် ဩဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က ဆော်ပိုလိုမြို့ ၈၀ ကီလိုမီတာအကွာရှိ    လူနေရပ်ကွက်တစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။   အဆိုပါ   လေယာဉ်မှာ  အေတီအာ-၇၂  အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ် တွင် ခရီးသည် ၅၇ ဦးနှင့် လေယာဉ်အမှူထမ်း  လေးဦး   လိုက်ပါလာကြောင်း  ဗိုးပတ်စ်လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောသည်။
 လူနေအိမ်ပတ်ဝန်းကျင်အနီးတွင် လေယာဉ် အပျက်အစီးများ ပြန့်ကျဲနေသည်ကို  ဗီဒီယိုမှတ်တမ်း တွင် တွေ့ရှိရသည်။  အဆိုပါလေယာဉ်သည်  ပါရန်နာ ပြည်နယ်မှ  ဆော်ပိုလိုရှိ    ဂါရူလပ်စ်အပြည်ပြည်  ဆိုင်ရာလေဆိပ်သို့      ဦးတည်ပျံသန်းလာသည့် လေယာဉ်ဖြစ်သည်။  
လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူများ အတွက်   ဝမ်းနည်းကြောင်း သမ္မတ လူဝစ်အင်နာစီယို လူလာဒါဆယ်လ်ဗားက ပြောကြားခဲ့သည်။ လေယာဉ် ပျက်ကျရာနေရာတွင်    နေထိုင်ကြသည့်ဒေသခံများ တွင် ထိခိုက်ဒဏ်ရာရရှိမှုသတင်းများ   မရရှိသေးဟု   ဒေသခံမီဒီယာများက ပြောသည်။
အင်န်အိတ်ချ်ကေ