
ONE Fight Night-6 ပြိုင်ပွဲကို မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပရာ မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ပထမအချီမှာပင် အနိုင်ရခဲ့သည်။
အောင်လအန်ဆန်သည်Catchweight စိန်ခေါ် ပွဲအဖြစ် ဘရာဇီးနိုင်ငံသား ဂယ်လ်ဗိုနှင့် ထိုးသတ် ခဲ့ရာ ပထမအချီ ၁ မိနစ် ၂၉ စက္ကန့်မှာပင် အနိုင် ရခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ် အတွင်း ပထမဆုံးထိုးသတ်သည့်ပွဲတွင် အနိုင်ရခဲ့ပြီး ပထမအချီ မိနစ်အနည်းငယ်မှာပင် ပွဲသိမ်းနိုင်ခဲ့ ခြင်းဖြစ်သည်။ ပထမအချီအစတွင် နှစ်ဦးစလုံး အကဲစမ်းခဲ့သော်လည်း ဂယ်လ်ဗိုက ချုပ်ကွက်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ အောင်လအန်ဆန် သည် ဂယ်လ်ဗို၏ ချုပ်ကွက်ကို ရုန်းထွက်နိုင် ခဲ့သလို တံတောင်ရိုက်ချက်ကြောင့်လည်း အထိနာစေခဲ့သည်။ ဂယ်လ်ဗို ကြမ်းပြင်ပေါ်သို့ လဲအကျတွင် အောင်လအန်ဆန်က လက်သီး ချက်များ တရစပ်ပစ်သွင်းကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုပွဲ အနိုင်ရခဲ့သဖြင့် ၎င်းလက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်ရန် နီးစပ်လာခဲ့သည်။ အောင်လအန်ဆန်သည် ယခုပွဲအနိုင်ရခဲ့သဖြင့် ONE Championship အမှုဆောင်အရာရှိချုပ် ချက်သရီ ရွေးချယ်ချီးမြှင့်သည့် အပိုဆုကြေး ဒေါ်လာ ငါးသောင်းကိုလည်း ရရှိခဲ့သည်။ အောင်လအန်ဆန်သည် MMA ကစားသမား ဘဝ စုစုပေါင်း ၄၃ ပွဲထိုးသတ်ထားရာ ၂၉ ပွဲနိုင်၊ ၁၃ ပွဲရှုံးနိမ့်ထားပြီး တစ်ပွဲကိုမူ အနိုင်အရှုံး သတ်မှတ်ခြင်းမရှိကြောင်း သိရသည်။ အောင်လအန်ဆန်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံသား အိုကာမီနှင့် ထိုးသတ်ရာ ပထမအချီမှာပင် အနိုင်ရခဲ့သလို ယခုပွဲတွင်လည်း ထပ်မံအနိုင်ရခဲ့ရာ နှစ်လ အတွင်းထိုးသတ်သည့် နှစ်ပွဲစလုံး ပထမအချီ နှစ်မိနစ်မပြည့်မီမှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယခုပြိုင်ပွဲတွင် တွဲဆိုင်းရှစ်ပွဲ ထည့်သွင်း ကျင်းပခဲ့ပြီး ချန်ပီယံစိန်ခေါ်ပွဲ သုံးပွဲအထိ ပါဝင် ခဲ့သည်။ အဓိကတွဲဆိုင်းအဖြစ် Featherweight Kickboxing World Championship တွင် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသား ဆူပါဘွန်နှင့် အဇာဘိုင်ဂျန်/ဘီလာရုစ်နိုင်ငံသား အလာ ဇော့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ယင်းပြိုင်ပွဲ တွင် ဒုတိယအချီ၌ အလာဇော့ဗ်က အလဲထိုး အနိုင်ယူပြီး ချန်ပီယံသစ်ဖြစ်လာခဲ့သည်။
ရဲရင့်လွင်
ဓာတ်ပုံ-ONE