ဘူမိဖဿမုဒြာ ဗုဒ္ဓမြတ်စွာဘုရားကြီး တည်ထားကိုးကွယ်ရာတွင် ကုသိုလ်ပါဝင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ဗဟူနံ ဝတ အတ္ထာယ၊ ဥပ္ပဇ္ဇန္တိ တထာဂတာ။

မြတ်စွာဘုရားတို့သည် တစ်ဦးကောင်း၊ တစ်စုကောင်းအတွက် ပွင့်ပေါ်လာကြကုန်သည်မဟုတ်။ များစွာသော သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ ပွင့်တော်မူကြကုန်လေသည်။

ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်သည့်အချိန် မှစ၍ ပရိနိဗ္ဗာန်စံလွန်တော်မူချိန်အထိ ၄၅ ဝါပတ်လုံး လောက လူသားတို့၏ အကျိုးစီးပွားကို ဆောင်ကြဉ်းတော်မူခဲ့သည်။ ဗုဒ္ဓ ဟောကြားခဲ့သည့် တရားဓမ္မတို့သည် အမျိုးဇာတိ၊ အသားအရောင် မခွဲခြားဘဲ လူသားတိုင်းအတွက်ဖြစ်သည်။ ဗုဒ္ဓသည် ကိလေသာ ကင်း၍ သန့်ရှင်းဖြူစင်သည့်ပုဂ္ဂိုလ်၊ သစ္စာလေးပါး မြတ်တရား တို့ကို ဖော်ထုတ်ပြသခဲ့သည့် ပုဂ္ဂိုလ်၊ မွန်မြတ်သည့် လမ်းစဉ် (အရိယာမဂ်)ကို ညွှန်ပြခဲ့သည့်ပုဂ္ဂိုလ်၊ အဝိဇ္ဇာဖုံးလွှမ်းနေသည့် ကမ္ဘာကို အလင်းရောင်ပေး၍ ငြိမ်းချမ်းစေသည့်ပုဂ္ဂိုလ်၊ လူသား တို့၏ ကျေးဇူးရှင်လည်းဖြစ်သည်။

ဤသို့လျှင် အကြီးမြတ်ဆုံးသော မဟာလူသား ဗုဒ္ဓ၏ တရား ဓမ္မများသည် လူသားအားလုံးနှင့် သက်ဆိုင်သည့်အလျောက် ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီးချိန်ကာလမှစ၍ ဓာတ်တော်မွေတော်များနှင့် စေတီများ၊ ထူပါများ တည်ထားကိုးကွယ်ခဲ့ကြသကဲ့သို့ ဗုဒ္ဓ၏ ရုပ်ပွားဆင်းတုတော်များကိုလည်း တည်ထားကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်များနေထိုင်ရာ တိုင်းပြည်နိုင်ငံများတွင် ဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ကမ္ဘာ့နိုင်ငံ များတွင် တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကို လူအများစုက ကိုးကွယ်ယုံကြည်ကြသည့်အလျောက် စေတီ ပုထိုးနှင့် ဘုရားရုပ်ပွားတော်ကြီးများကို နိုင်ငံအနှံ့အပြားတွင် ဖူးမြင်ရသည့်နိုင်ငံ ဖြစ်သည်။

ခေတ်အဆက်ဆက် ဘုရားစေတီများ၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးများကို ကြည်ညိုသဒ္ဓါပွားဖွယ်ရာ တည်ထားခဲ့ကြသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူ ထားသည့်ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ဘုရားဒါယကာအဖြစ် ခံယူ၍ ကမ္ဘာပေါ်တွင် ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်နေရာတွင် တည်ထားကိုးကွယ်သွားမည်ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီး တည်ထားရခြင်းမှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည် ကို ကမ္ဘာသို့ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာစေရန်၊ ပြည်တွင်း ပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှု အထောက်အကူပြုရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက်များနှင့် ဖြစ်သည်။

ဘူမိဖဿမုဒြာဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားသည် ဒါနပါရမီ တော်ကို ဆင်ခြင်၍ သဗ္ဗညုတဉာဏ်ကိုရပြီးနောက် မဟာပထဝီ မြေကြီးကို လက်တော်ဖြင့် သက်သေညွှန်းသောပုံတော်ဖြစ်၏။ ဘူမိဖဿမုဒြာကို မာရ်နတ်ကို အောင်တော်မူသည့်ဟန်- မာရဝိဇယဟန်ဟူ၍လည်း ဖွင့်ဆိုကြသည်။ မဟာယာန ဗုဒ္ဓ ဘာသာကျမ်းအရမူ အက္ခောဘယမုဒြာဟု ခေါ်ဆိုသည်ဟူ၍လည်း မှတ်သားရသည်။ မြန်မာ့ရိုးရာ ရုပ်ပွားဆင်းတုတော်များ ထုလုပ် ကြရာတွင် အခြေခံအားဖြင့် မုဒြာ ၅၀ ခန့်ကို အသုံးပြုလေ့ရှိကြ သည်။ ဘူမိဖဿမုဒြာပုံတော်မှာ ထိုင်တော်မူဆင်းတုတော်၏ ဘယ်လက်ဖဝါးသည် ပက်လက်လှန်၍ တင်ပျဉ်ခွေပေါ်တွင် ထားရှိပြီး ညာလက်ဖဝါးမှာ ညာဘက်ဒူးပေါ်တွင် မှောက်လျက် ထားကာ လက်ချောင်းတော်များ အောက်ဘက်သို့ စိုက်နေသည့် လက်ဟန်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေး၊ ဒေသ တိုးတက်စည်ကားရေးတို့အတွက် ဘေးရန်အပေါင်း မကောင်းမှု တို့ကို အောင်မြင်သည့် နိမိတ်ပုံ၊ အေးချမ်းသာယာမည့် နိမိတ်ပုံ တို့ကို ဆောင်ကြဉ်းသည့် ဘူမိဖဿမုဒြာကျောက်ဆင်းတုတော် ကြီး တည်ထားကိုးကွယ်ရေးအတွက် ခုနစ်ရက်သားသမီးအပေါင်း သူတော်ကောင်းတို့က ဘုရားဒါယကာ ဒါယိကာမများအဖြစ် ခံယူကာ သဒ္ဓါတတ်စွမ်းသမျှ လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုး မျှော်၍ နှိုးဆော်အပ်ပါကြောင်း။ ။