ဘဝခရီးအတွက် ပညာရေးလမ်းတစ်သွယ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်လိုက် ပြီဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ဝင်ရောက်ဖြေဆိုသည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်း ရှိသည်။

နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲတို့၏ အစဉ်အလာအတိုင်းပင် အောင်သူထက် ကျရှုံးသူ ရာခိုင်နှုန်းကသာ ပို၍များနေမြဲ။ ယခုနှစ် အောင်ချက်ရာခိုင်နှုန်းအရဆိုပါက ဖြေဆိုသူ ၁၀၀ လျှင် ၃၂ ဦး ကျော်ကျော်ကသာ တက္ကသိုလ်ပညာရေးဆီသို့ တက်လှမ်းသင်ယူ နိုင်ကြမှာဖြစ်ပြီး ကျန်သည့် ၆၈ ရာခိုင်နှုန်းခန့်မှာမူ ကျောင်း သင်ခန်းစာများကို ပြန်လည်လေ့လာသင်ယူကြကာ လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ရန် ပြင်ဆင်ကြရ မည့်သူများ၊ တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်ကြိမ်နှင့်အထက် ကျရှုံး သောကြောင့် ပြင်ပမှဝင်ရောက်ဖြေဆိုကြရမည့်သူများ စသည်ဖြင့် အခြေခံပညာရေးခရီးကို ဆက်ကြရဦးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများ သို့မဟုတ် တက္ကသိုလ် ပညာရေးသို့ ဆက်လက်တက်လှမ်းသင်ယူနိုင်ရန် အခြေအနေ မပေးသူ၊ အခွင့်အလမ်းလွန်စွာနည်းပါးသူများ ပညာသင်ယူမှု အခွင့် အလမ်းမဆုံးရှုံးစေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာရေး ဆီသို့ မျက်နှာမူကြရန်၊ ကူးပြောင်းသင်ယူကြရန် တိုက်တွန်းလို သည်။ အသက်မွေးဝမ်းကျောင်းပညာနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘‘ကျွန်မတို့ လူငယ် တွေဟာ အသက်မွေးဝမ်းကျောင်းပညာတွေသင်ယူဖို့ စိတ်အား ထက်သန်စေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာသင်ယူထားတာဟာ တက္ကသိုလ်ကဘွဲ့လောက် တန်ဖိုးမရှိဘူးဆိုတဲ့ စိတ်ဓာတ်ကို လုံးလုံးမထားပါနဲ့။ ကျွန်မ ခဏခဏ သတိပေးပါ တယ်။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး၊ အချမ်းသာဆုံးဖြစ်တဲ့နိုင်ငံ တချို့ဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာဘက်က အင်မတန်မှ အားသန်ပါတယ်။ တက္ကသိုလ်ပညာနဲ့ ယှဉ်ရုံတင်မကဘူး တချို့ဆိုလို့ ရှိရင် တက္ကသိုလ်ပညာထက်တောင် သာနေတာကို တွေ့ရပါတယ်။ လက်တွေ့ကျကျ တန်ဖိုးထားတတ်တဲ့စိတ်ဓာတ်ပါပဲ။ ဂုဏ်ပကာသန ကို ကြည့်တာမဟုတ်ဘဲနဲ့ တကယ့်စစ်မှန်တဲ့တန်ဖိုးကို အလေးထား တာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အသက်မွေးဝမ်းကျောင်းပညာ ဘက်ကိုသွားဖို့ လူငယ်တွေကို ကျွန်မတိုက်တွန်းချင်ပါတယ်” ဟူ၍ ပြောကြားခဲ့ဖူးသည်။

ပညာသင်ကြားကြရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့၏ဘဝခရီး အတွက် မိမိတို့၏ စွမ်းရည်ကို မူလအခြေအနေထက် ပိုမြင့်မား လာအောင် မြှင့်တင်ကြ ရခြင်းဖြစ်သည်။ စဉ်းစားတွေးခေါ်မှု၊ တီထွင် ဖန်တီးမှု၊ ကျွမ်းကျင်မှု နှင့် ကိုယ်ကျင့်တရား စသည်တို့ကို သင်ယူ လေ့ကျင့်ခြင်းဖြင့် မိမိတို့၏ စွမ်းရည်ကို မြှင့်တင်ကြရခြင်းမှာ ပညာ သင်ကြားခြင်းပင်ဖြစ်သည်။ ထို့အပြင် တန်ဖိုးမြင့်သည့် လူ့စွမ်းအား အရင်းအမြစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတွန်းအားပေး သည့် စွမ်းအားတစ်ရပ်ပင်ဖြစ်ရာ နိုင်ငံအတွင်းရှိ အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိသူများကို ကျွမ်းကျင်အလုပ်သမားများအဖြစ် ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာသင်ယူမှု ရာခိုင်နှုန်း လွန်စွာနည်းပါးနေသကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နောက် တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူကာ အဆင့်မြင့် ပညာခရီးမပြီးဆုံးသူများ၊ ဘွဲ့ရပြီး လုပ်ငန်းခွင်မဝင်နိုင်သူများ အများ အပြားရှိနေကြသည်။ တစ်ဖန် တက္ကသိုလ်ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်ရာတွင်လည်း တိုက်ရိုက်မဝင်နိုင်ဘဲ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်ရခြင်းကဲ့သို့ ပြင်ဆင်ရခြင်းများလည်း ရှိနေသည်။ ကာလ၊ ဒေသတို့နှင့် ကိုက်ညီဆီလျော်ပြီး မိမိဝါသနာ နှင့်လည်းကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ကို ကျွမ်းကျင်သည်အထိ သင်ယူကြကာ လက်တွေ့ အသုံးချခြင်း ဖြင့်လည်း အောင်မြင်တိုးတက် ကြီးပွားနိုင်ကြသည်သာ ဖြစ်ပါ ကြောင်း။ ။