ဘဝနှင့် ရင်း၍

Type

အေးငြိမ်းအောင်

‘‘ဘိုးဘိုး  မြို့ထဲက  ပြန်လာပြီ….မီးမီးအတွက် ဘာမုန့်ပါလာလဲ ဘိုးဘိုး’’
မူလတန်းကျောင်းအုပ်ဆရာကြီး    ဦးငြိမ်းမှာ မြို့ထဲသို့သွား၍    ပင်စင်ထုတ်ရာမှ    ပြန်အလာ မြေးမငယ်လေးက အိမ်ဝမှ ပြေးဆီးကြို နှုတ်ဆက် ရင်း  မုန့်ထုပ်ကို ပြေးယူနေသဖြင့် -
‘‘မီးငယ်ရယ်…. ဘိုးဘိုး အမောဖြေပါစေဦး…. ပင်စင်ထုတ်ရတာ အဆင်ပြေရဲ့လားအဖေ။ ကျွန်တော် ဂျူတီကျနေလို့ လိုက်မပို့နိုင်ပေမယ့် ကြားထားတဲ့ သတင်းတွေကြောင့် အဖေ့ကို စိတ်တွေပူနေတာ’’
‘‘အဖေလည်း   သွားသာသွားရတာ   အရင်လို စိတ်အေးလက်အေးနဲ့   လုပ်ဖော်ကိုင်ဖက်ဟောင်း တွေနဲ့ ဆုံရတဲ့အချိန် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ထက် ဘဏ်ကို အစောကြီးရောက်အောင်သွားပြီး မြန်မြန် ထုတ်နိုင်ဖို့ပဲ    စိတ်စောနေမိတာ။      သွားတဲ့လမ်း တစ်လျှောက်လုံးလည်း ဖြောင့်​ဖြောင့်တန်းတန်းမှ ရောက်နိုင်ပါ့မလား ရင်တမမနဲ့ပေါ့ သားရယ်….’’
‘‘ကျွန်တော့်    ဂျူတီလဲမရလို့သာ      အဖေ့ကို တစ်ယောက်တည်း   ခုချိန်မှာ    လွှတ်လိုက်ရတာ ခုဂျူတီပြီးလို့ အဖေ့နောက်လိုက်လာတော့မလို့’’
‘‘အိမ်က  စိတ်ပူနေကြမှာစိုးလို့  ခုဆို  စောစော ထုတ်ရတာနဲ့    အဖေအိမ်ပဲ      တန်းပြန်လာခဲ့တာ သားရဲ့….’’
‘‘ကျွန်တော်သာ  လိုက်လာရင်  လွဲတော့မလို့။ ကျွန်တော်က   ဒီအချိန်  အဖေပင်စင်ထုတ်လို့ရမှာ မဟုတ်သေးဘူး ထင်နေတာ။ ဒါနဲ့ အဖေတို့ဌာနက ငယ်သူငယ်ချင်းတွေနဲ့ရော ဆုံဖြစ်ခဲ့သေးလား’’
တပျော်တပါးလုပ်ကိုင်ခဲ့ကြ
‘‘ဒီတစ်ခေါက်တော့   မဆုံခဲ့ရပါဘူး  သားရယ်၊ အဖေတို့လို    သက်ကြီးရွယ်အို     ပင်စင်စားတွေက ပင်စင်သာ    ယူလိုက်ကြရပေမယ့်   ခုချိန်ထိ    ကိုယ် လုပ်ကိုင်ခဲ့တဲ့     ဌာနတွေကို   ချစ်ခင်မြတ်နိုးစိတ်၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် တန်ဖိုးထားခင်မင်တဲ့စိတ်ရှိတယ်သား၊  ပြန်ဆုံဖြစ်ကြရင်လည်း  အရင် လုပ်ငန်းခွင်ထဲမှာ တပျော်တပါးလုပ်ကိုင်ခဲ့ကြတာ တွေကို ပြန်ပြောကြရင်း လွမ်းတဲ့စိတ်တွေ ဖြေနေ ကြရတာကွယ့်….’’
‘‘အဖေတို့ကိုကြည့်ရတာ     မသိရင်    တကယ့်   ညီအစ်ကိုမောင်နှမရင်းချာတွေလိုပဲနော် ….’’
‘‘အဖေတို့ရဲ့   မိသားစုဝင်တွေလို့ပဲ      အဖေက သတ်မှတ်ထားတယ်သား ….’’
ဖခင်ဖြစ်သူ    ဦးငြိမ်းလိုပင်    သားဖြစ်သည့် ကိုငြိမ်းဦးသည်လည်း သူ့လုပ်ငန်းခွင်၊ သူ့လုပ်ဖော် ကိုင်ဖက်များကို ခင်တွယ်သံယောဇဉ်ကြီးသူဖြစ် သည်။ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်များလမ်းပေါ် ပြိုလဲပြီး သွားလာရေး ခက်ခဲနေချိန်တွင် သူတာဝန် ကျရာကျောင်းနှင့် မနီးမဝေးတွင်နေသည့် ကိုငြိမ်းဦး က အိမ်ပင်မပြန်တော့။ သွားလာရေးမလွယ်ကူသော အဝေးတွင်နေကြသည့်      လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား  သူကဒိုင်ခံတာဝန်ယူပေးခဲ့သည်။ သူတို့ ကျောင်းတွင်   မိဘမဲ့ကလေးငယ်   ရာကျော်ရှိနေ သဖြင့်  ကလေးများအတွက် စားရေးသောက်တာက အစ  နေမှု၊  ထိုင်မှုစသည့်  ကိစ္စမျိုးစုံကိုဆောင်ရွက် ပေးရန်        နေမကောင်းလျှင်ပင်     ခွင့်မယူဘဲ အနွေးထည်ဝတ်၊ ဆေးသောက်ပြီး တာဝန်ကျသည့်  လုပ်ငန်းခွင်တွင် ပျက်ရက်မရှိ ထမ်းဆောင်နေစမြဲ။
သားကို နားလည်ပေးပါ
‘‘အမေရယ်…. သားအလုပ်က သက်ရှိလူသား လေးတွေကို     တာဝန်ယူဆောင်ရွက်ပေးနေရတာ ဖြစ်လို့  သား သူတို့အနားမှာရှိနေမှ ဖြစ်မှာမလို့ပါ။ အိမ်မပြန်ဖြစ်တာကြာလည်း  သားကို  နားလည် ပေးပါနော်….’’
ကိုငြိမ်းဦးက အိမ်က မိဘနှစ်ပါး၊ ဇနီးသည်နှင့်  သားတို့ကို သူ့လုပ်ငန်းခွင်အကြောင်း ပြောပြထား သဖြင့် လွမ်းလျှင်မိသားစုက သူရှိရာသို့ လိုက်လာ တွေ့ကြရသည်။ ဖခင်ဖြစ်သူဦးငြိမ်းကိုယ်တိုင်က-
‘‘သား  ခုလို အလုပ်ကို ကိုယ်ရောစိတ်ပါနစ်ပြီး ကလေးတွေအပေါ်   မေတ္တာ၊      စေတနာပါထည့် လုပ်ပေးနေတာမြင်ရတော့ သိပ်ဝမ်းသာတယ်သား၊  သားကို  လိုအပ်နေတဲ့  ကလေးတွေအတွက်  သား ဘဝနဲ့    ရင်းနှီးပေးဆပ်ပေးခဲ့တဲ့      အချိန်တွေက ဘယ်တော့မှ    မေ့ပျောက်မသွားနိုင်မယ့်    အမှတ် တရတွေပဲပေါ့ကွယ်….’’
အားပေးနှစ်သိမ့်
‘‘သားအဖေတုန်းကလည်း  ပညာရေးဝန်ထမ်း အဖြစ်    နယ်အနှံ့   တာဝန်ထမ်းဆောင်ခဲ့တုန်းက ဘယ်လောက်ကြီးဝေးတဲ့ နယ်စွန်နယ်ဖျားဖြစ်ဖြစ်  သွားရောက်  တာဝန်ထမ်းဆောင်ပြီး  ကျောင်းသူ၊ ကျောင်းသားလေးတွေ    ပညာတတ်မြောက်ပြီး အနာဂတ်နိုင်ငံတော်ကြီးအတွက်   ခေါင်းဆောင် ကောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖြစ်လာရလေအောင် ကျရာတာဝန်ကို ဘယ်တော့မှ မငြင်းဘဲ   ကျေပွန်စွာထမ်းဆောင်ခဲ့တယ်။    ခုလို သူပင်စင်စားကြီးဘဝ ရောက်ရှိနေချိန်မှာ ဘယ်တုန်း က တပည့်က ဘယ်မှာဘယ်ရာထူးတွေနဲ့ စီးပွားရေး လုပ်တဲ့သူတွေဆိုလည်း ဘယ်လောက်အောင်မြင် ကြီးပွားချမ်းသာနေကြပြီး     နယ်ပယ်အလိုက် အရေးပါ    အရာရောက်သူတွေ    ဖြစ်နေပြီဆိုတဲ့ သတင်းကြားနေရတာနဲ့တင် ပီတိဖြစ်နေရှာတာ လေ။ ဘဝခရီးကို ရှုံးနိမ့်မှုတွေနဲ့ ဖြတ်သန်းနေကြ ရရှာတဲ့ တပည့်တွေအတွက်လည်း ဆုမွန်ကောင်း တွေတောင်းပေးရင်း      ပြန်နာလန်ထူနိုင်အောင် အောင်မြင်မှုတွေ     အသစ်တစ်ဖန်ပြန်ရနိုင်အောင် တိုက်တွန်း      အားပေးနှစ်သိမ့်ပေးနေရတာပေါ့            ကွယ် ….’’
‘‘အစ်ကို စိတ်ဖြောင့်ဖြောင့်နဲ့သာ လုပ်ပါ။ ကျွန်မ အနီးကပ်စောင့်ရှောက်ပေးနေလို့ အဖေနဲ့ အမေ့ ကျန်းမာရေးအတွက်လည်း မပူနဲ့နော်။ အစ်ကို့သား ကိုလည်း နားလည်အောင် ကျွန်မသေချာပြောပြ ထားပါတယ်။ သားမှာ ပြုစုစောင့်ရှောက်ပေးမယ့် အဘိုး၊   အဘွားနဲ့  အမေပါ   ရှိနေတာပဲလေ။  ဒီက ကလေးတွေထဲမှာ      နာဂစ်ကြောင့်      မိဘကို           ရုတ်တရက်   ဆုံးရှုံးသွားရရှာတဲ့    ကလေးတွေပါ ရောက်လာတယ်ကြားလို့    သူတို့လေးတွေ   စိတ် ဒဏ်ရာ သက်သာအောင်သာ သေချာဂရုစိုက်ပေး လိုက်ပါနော်….’’
မိဘနှစ်ပါးနှင့် ဇနီးသည်က နားလည်စာနာ တတ်ကြသူများဖြစ်၍ သူတို့ကျောင်းရောက်လာ သည်နှင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းကူပေးကြသည်။  သားကတော့   ကလေးပီပီ   ရွယ်တူလေးများနှင့် တွေ့သည်နှင့်   ကစားကြ၊     ဘောလုံးကန်ကြနှင့် အိမ်ပြန်ဖို့ခေါ်သည်ကိုပင် ပြန်မလိုက်ချင်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * 
မူလတန်းကျောင်းအုပ်ဆရာကြီး ဦးငြိမ်း၏သား ဆိုသည်ကို သိလိုက်ရသည်နှင့် ဖခင်ကြီး၏ တပည့်  ဟောင်းများက   သူ့အပေါ်   ညီအစ်ကိုရင်းချာလို တရင်းတနှီးဆက်ဆံကြသဖြင့် ပညာရေးဝန်ထမ်း တစ်ဦး၏ သားဖြစ်ခွင့်ရခြင်းကို ကိုငြိမ်းဦး ဂုဏ်ယူ နေမိသည်။ ဖခင်ဦးငြိမ်းက နိုင်ငံ့ဝန်ထမ်းဖြစ်သည့် သားဖြစ်သူကို-
‘‘သားအနေနဲ့   နိုင်ငံ့ဝန်ထမ်းပီပီ     ဝန်ထမ်း ကျင့်ဝတ်၊     စည်းကမ်းကို   ဘယ်တော့မှမဖောက် လေနဲ့ ငါ့သား၊ နာမည်ကောင်းတစ်လုံးရဖို့ နှစ်ပေါင်း များစွာ ရင်းနှီးတည်ဆောက်ယူကြရပေမယ့် အဲဒီ နာမည်ကောင်းကို     ဆက်ထိန်းသိမ်းမထားနိုင်ရင် တစ်ခဏအတွင်းမှာပဲ ပျက်စီးသွားတတ်တယ်….’’
‘‘သားမှာ    အဖေ့သွေးအပြည့်ပါဗျာ၊      ငွေနဲ့ ဂုဏ်သိက္ခာကို လုံးဝမလဲခဲ့တဲ့ အဖေ့လိုစိတ်မျိုး သားမှာလည်း ရှိပါတယ်။ ကိုယ်လုပ်ခဲ့မိတဲ့ အရိပ် မည်းကြီးက    ကိုယ့်ဘဝတစ်လျှောက်လုံး   နောက် ကနေ    တကောက်ကောက်လိုက်နေမှာမျိုး    သား ဘယ်တော့မှ  အဖြစ်မခံပါဘူး။  သားကို  စိတ်ချပါ အဖေ….’’
ကိုငြိမ်းဦးက  ဖခင်ဦးငြိမ်းလို   စိတ်မျိုးထပ်တူ ဖြစ်ခဲ့သော်လည်း         ခေတ်လူငယ်ဖြစ်နေသည့် ကိုငြိမ်းဦး၏သား ငြိမ်းချမ်းကတော့ ဖခင်နှင့် အဘိုး လို စိတ်မဟုတ်။
‘‘ဖေဖေရေ၊  ကိုကြီးငြိမ်းချမ်း အလုပ်မသွားဘဲ  သူငယ်ချင်းတွေ လာခေါ်တဲ့နောက် လိုက်သွားမလို့ တဲ့။   ကိုကြီး  ဖုန်းပြောနေတာ    ကြားလိုက်တယ် ဖေဖေ….’’
‘‘တယ်…ဒီကောင်မလေး၊  ဝင်ရှုပ်ပြန်ပြီ….’’
ငြိမ်းချမ်း ဒေါသဖြစ်သွားရကာ အသက်အရွယ် ကွာသည့် ညီမခေါင်းကို ထုသည်။
‘‘အား…နာတယ်… နာတယ်…၊   ဘိုးဘိုးရေ၊  မီးမီးကို ကိုကြီးအနိုင်ကျင့်နေတယ် ဘိုးဘိုး…….’’
ငြိမ်းချမ်းမှာ ညီမငယ်အော်သံကြောင့် စိုးရိမ် တကြီးပြေးလာကြသည့် အဘိုးနှင့် ဖခင်ကို-
‘‘ဘာမှမဟုတ်ပါဘူး…ဒီကောင်မလေး အလကား လျှောက်ပြောနေတာပါ….’’
‘‘ဒါဆို သား ခုဘယ်သွားမှာလဲ ဖေဖေကို ပြောပြ စမ်းပါဦး ….’’
ဖခင်အမေးကို ရုတ်တရက် ငြိမ်းချမ်း ပြန်မဖြေ နိုင်။
‘‘သား ဘယ်သွားမယ်ဆိုတာ ဘိုးဘိုးရော ဖေဖေ ပါ သိနေတယ်သား ….’’
တာဝန်မဲ့တဲ့သူ ဖြစ်သွားလိမ့်မယ်
‘‘ငါ့မြေးက ခုရေသန့်ကုမ္ပဏီမှာ အော်ဒါတွေ လက်ခံပေးပြီး   ရောင်းချဖို့  ချိတ်ဆက်ဆောင်ရွက် ပေးနေရတဲ့ နေရာမှာ တာဝန်ယူထားရတာနော်။ ဒါဆို  ငါ့မြေးမရှိရင်  အော်ဒါတွေ  ဘယ်သူလက်ခံ ပေးမလဲ။   လူဆိုတာ   ကိုယ်တာဝန်ယူထားရင် မျက်နှာလွှဲခဲပစ် ထားပစ်ခဲ့လို့ မသင့်တော်ဘူးလေ။   ရေလိုနေတဲ့သူတွေကို ဖြည့်ဆည်းပေးရတာ သား အလုပ်လုပ်နေရင်း  ကုသိုလ်ပါရနေတာလို့  ဘိုးဘိုး ပြောခဲ့ဖူးတယ်နော်၊ ယူတတ်ရင် ကုသိုလ်ဖြစ်ပေမယ့်  ခုလို ငါ့မြေးက တာဝန်ကို မျက်ကွယ်ပြုသွားခဲ့မယ် ဆိုရင် တာဝန်မဲ့တဲ့သူ ဖြစ်သွားလိမ့်မယ် ….’’
‘‘ကိုယ်တာဝန်ယူထားရတဲ့    အလုပ်အပေါ် အမြဲတာဝန်ကျေဖို့  သားကို ဖေဖေဆုံးမထားတယ် နော်။ ဒီအလုပ်က သားကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ် ချက်နဲ့ရွေးချယ်ခဲ့တဲ့ အလုပ်နော်။ သား ကုမ္ပဏီမှာ အလုပ်မဝင်ခင်တုန်းက ဘိုးဘိုးရော ဖေဖေပါ သားကို အတန်အတန်သတိပေးခဲ့တာ မှတ်မိလား။ သားတို့ အရွယ်က      စိတ်အပြောင်းအလဲ    မြန်တတ်လို့ သားကိုယ်သား ဒီအလုပ်ကို တကယ်စိတ်ပါဝင်စား ရဲ့လား၊     ရေရှည်လုပ်နိုင်ပါ့မလားဆိုတော့    သား ဘာပြောခဲ့လဲ….’’
‘‘သားအဲဒီတုန်းက     အလုပ်လုပ်ချင်တာပဲ သိတယ်။   သားနဲ့   ကိုက်ညီမယ့်  အလုပ်လို့လည်း ထင်ခဲ့မိလို့ပါ….’’
‘‘လောကမှာ  လူတိုင်း  လူတိုင်း  ကိုယ်ဆန္ဒနဲ့ ထပ်တူကျတဲ့ အလုပ်တွေကိုပဲ လုပ်နေကြရတယ်လို့  သား ထင်လား ….’’
‘‘အဲဒီလိုတော့ မဖြစ်နိုင်ဘူးဆိုတာ သားသိပါ တယ် ဖေဖေ ….’’
‘‘လူတိုင်း     ဆန္ဒနဲ့ဘဝ  ထပ်တူကျဖို့ဆိုတာ  ဘယ်လိုမှမဖြစ်နိုင်ကြဘူးဆိုတာ ငါ့မြေးသိနေတာ ပဲလေ။    ငါ့မြေးက   ငယ်သေးတော့   လူ့လောက အကြောင်း    ကောင်းကောင်းသိပ်မသိသေးဘူး။ ဘိုးဘိုးကတော့ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ ရတဲ့သူဆိုတော့ ကောင်းတဲ့အမွေတွေကိုပဲ ကမ္ဘာ မြေပေါ်မှာချန်ထားရစ်ခဲ့ချင်တယ်။ ဘိုးဘိုးကြုံခဲ့ရ တဲ့ ခေတ်တွေအကြောင်းကို သားငယ်ငယ်ကလေး တည်းက ပြောပြထားပြီးသားပဲလေ။ သားတို့လို လူငယ်လေးတွေကို    ကိုယ့်နိုင်ငံ၊      ကိုယ့်လူမျိုး အကြောင်း      ကိုယ်ကိုယ်တိုင်လည်း   သိအောင် လေ့လာဖတ်မှတ်စေချင်တယ်၊ စာပေဖတ်မှတ်ကြတဲ့ အခါမှာ  အမှားနဲ့အမှန်ကို  ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာလိမ့်မယ်။   ဒါကြောင့်  ငါ့မြေးကို  စာဖတ်တဲ့ အလေ့အကျင့် ငယ်စဉ်ကတည်းကရအောင် ဘိုးဘိုး ပျိုးထောင်ပေးခဲ့တာပါ….’’
 ပညာဗဟုသုတပြည့်စုံနေဖို့လို
‘‘ဒါမှ    သူများပါးစပ်မှာ    လမ်းမဆုံးတော့ဘဲ ဒါကအမှန်၊    ဒါကအမှားပါလားဆိုတာကို       သား ကောင်းကောင်း သိလာလိမ့်မယ်။ တချို့က မစူးစမ်း၊  မဆင်ခြင်ဘဲ လွယ်လွယ်နဲ့ ယုံတတ်ကြတော့ အမှား၊ အမှန်တောင် မဝေခွဲနိုင်ကြတော့ဘူး။ ဒီတော့ အသိ ဉာဏ်ပညာနဲ့    လေ့လာသုံးသပ်၊     ဆုံးဖြတ်နိုင်ဖို့ အတွက်      ပညာဗဟုသုတပြည့်စုံနေဖို့    လိုတယ် သား….’’


‘‘လူဆိုတာ    မိမိကိုယ်ပိုင်   လွတ်လပ်ခွင့်နဲ့ သူတစ်ပါးကို    နစ်နာဆုံးရှုံးမှု   မဖြစ်စေဘူးဆိုရင်  
ဆန္ဒရှိရာကို     လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ငါ့မြေး သိထားရမှာက ကိုယ့်ကြောင့် တစ်ပါးသူ ထိခိုက် နစ်နာဆုံးရှုံးမှု ဘယ်တော့မှမဖြစ်စေပါနဲ့။  ဝဋ်ဆိုတာ  လည်တတ်ပါတယ်ကွယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မလွဲမသွေ ပြန်ခံကြရမှာပါပဲ …’’
အဘိုးနှင့် ဖခင်ဖြစ်သူမှာ ငြိမ်းချမ်းနားလည် သဘောပေါက်လာအောင် အချိန်ယူ၍ ဝိုင်းပြောပြ ပေးကြရသည်။ ကုမ္ပဏီကလည်း  ဖုန်းတဂွမ်ဂွမ် ဆက်ခေါ်နေလေပြီ။
‘‘သူခေါ်နေတုန်းမှာ        သွားလိုက်ပါသား။ ကိုယ့်ကို လိုအပ်နေချိန်မှာ သွားပေးလိုက်ရင် နှစ်ဦး နှစ်ဖက်  အကျိုးရှိပါတယ်ကွယ်။  တချို့က  တလွဲ မာနထားတတ်ကြတယ်။        မထားသင့်တဲ့မာန ကြောင့် ကိုယ့်နေရာမှာ တခြားသူကို အစားထိုး လိုက်ပြီဆိုမှ ကိုယ်ကပြန်သွားချင်လည်း မဖြစ်နိုင် တော့ဘူးလေ။ ပစ္စည်းဆိုရင်တောင် ဝယ်ချင်တဲ့ သူက   သိပ်လိုချင်နေလို့   လာဝယ်တာတောင် တန်ဖိုးရှိနေတဲ့အချိန်မှာ    မရောင်းဘဲထားလိုက် တော့ အချိန်တွေကြာလာရင် တန်ဖိုးက ကျသွားမှာ ဖြစ်သလို   ရောင်းချင်ရင်တောင်  ဝယ်ချင်တဲ့သူ  မရှိတော့ဘူးဆိုရင်  ရောင်းထွက်မှာ မဟုတ်တော့ ပါဘူး။   ဒါကြောင့်    ခုချိန်မှာ   သားဆုံးဖြတ်ချက်က သိပ်အရေးကြီးပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတဲ့   သားက  စိတ်ကြိုက်ဆုံးဖြတ်နိုင်ပါတယ်။ သားယုံကြည်ပြီး လုပ်နေတာကို ဘိုးဘိုးနဲ့ ဖေဖေ က  အပြစ်မဆိုခဲ့သလို  သားဆန္ဒကိုလည်း ဘိုးဘိုး နဲ့ ဖေဖေက ဘယ်တုန်းကမှ  မကန့်ကွက်ခဲ့ဘူး နော်။   သားအနာဂတ်ကို   သားဘဝနဲ့   ရင်းပြီး ဆုံးဖြတ်ရမယ့်အချိန်မှာ   ကိုယ့်ဆုံးဖြတ်ချက် အတွက်   နောင်တစ်ချိန်မှာ    ကိုယ်ကိုယ်တိုင်    နောင်တမရနေဖို့ပဲ လိုပါတယ်ကွယ် ….’’
‘‘သားဘဝအတွက် ဘာကအရေးအကြီးဆုံးလဲ ဆိုတာ  သား  ခုသေသေချာချာ  သဘောပေါက် သွားပါပြီ….’’
ကုမ္ပဏီဝတ်စုံလေးကို ပြန်လဲဝတ်ပြီး အားမာန် အပြည့်ဖြင့် ပြုံးရွှင်စွာထွက်ခွာသွားသော ငြိမ်းချမ်း ၏  ကျောပြင်ကို  ငေးကြည့်ရင်း အဘိုးနှင့်  ဖခင် ဖြစ်သူတို့၏ရင်တွင်းမှ   စိုးရိမ်သောကများသည် လည်း လွင့်ပြယ်သွားကြရလေပြီဖြစ်သည်။