ဗီဇပြောင်းမျိုးကွဲအိုမီခရွန် စုပေါင်းအားဖြင့် ကာကွယ်

 

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်  ပြန်လည်မြင့်တက်လာခဲ့ရာ နိုင်ငံအချို့၌ နေ့စဉ်ကူးစက်မှုများ စံချိန်တင်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများ၌ တွေ့ရှိနေရ သည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းခွဲအထိ  ပင် ရှိခဲ့ကြောင်း  သိရပြီး  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုတွင် ကမ္ဘာ့ ဒုတိယအများဆုံးဖြစ်သည့်   အိန္ဒိယနိုင်ငံတွင်   နေ့စဉ်  ရောဂါ ကူးစက်ခံရသူ  နှစ်သိန်းကျော်ရှိနေသည်။  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါကူးစက်မှု အရှိန်မပြေသေး သည်မှာလည်း ဂရုပြုဖွယ်ဖြစ်သည်။

 


မိမိတို့နိုင်ငံတွင်   ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ် ဆေးထိုးလုပ်ငန်းအနေဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ကြိမ်ရေ ပေါင်း သန်း ၄၀ ခန့် ထိုးနှံပေးပြီးဖြစ်သည်။ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၁၈ သန်းခန့်နှင့် တစ်ကြိမ်ထိုးနှံပြီးသူ ၃ ဒသမ ၇ သန်းခန့်ရှိနေသည်။ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် များဖြင့် ဝင်ရောက်လာသည့် မိမိနိုင်ငံသားများနှင့် နိုင်ငံခြားသား များအချို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ ကူးစက်ခံထားရသူ များ ပါဝင်လာသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ပြည်တွင်း ကူးစက်မှုများ   ဖြစ်ပေါ်လာနိုင်ခြေကို  မျှော်မှန်းကာ   ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

 


ကျန်းမာရေးဝန်ကြီးဌာနက   အိုမီခရွန်ရောဂါဖြစ်ပွားမှုများကို  မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး ကွာရန်တင်းစင်တာများ၊ ကုသရေးစင်တာများ      ကြိုတင်ပြင်ဆင်ခြင်း၊   အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ အခြားဆက်စပ် နေသည့်   ဝန်ကြီးဌာနများ၊  ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း  သတင်းထုတ်ပြန်ထားပြီး  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ပြည်သူများက လိုက်နာဆောင်ရွက်ကြရမည့်     အချက်များကို    ထုတ်ပြန်၍  နှိုးဆော်တိုက်တွန်းထားသည်။

 


မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဝင်ရောက် ချိန်တွင် ဗီဇပြောင်းမျိုးကွဲ ဒယ်လ်တာကူးစက်ပျံ့နှံ့ခဲ့ရာ ကူးစက် မှုမြန်ဆန်ပြီး ရောဂါပြင်းထန်သည့်အတွက်  ကုသမှု၊ အောက်ဆီ ဂျင်နှင့် ဆေးဝါး၊ ဆေးပစ္စည်းများလိုအပ်မှုတို့တွင် အခက်အခဲ အကျပ်အတည်းများ ရင်ဆိုင်ခဲ့ကြရသည်။ မြွေပူရာ ကင်းမှောင့် ဆိုသကဲ့သို့ နိုင်ငံအတွင်း သေရေးရှင်ရေး ကြုံတွေ့နေရချိန်တွင် အကြမ်းဖက်အဖျက်သမားတို့၏        နှောင့်ယှက်ဖျက်ဆီးမှု၊ တိုက်ခိုက်သတ်ဖြတ်မှုများကိုပါ  ခံခဲ့ကြရပြီး  စုပေါင်းဆောင်ရွက်မှု စွမ်းအားကြောင့်သာ အကျပ်အတည်းမှ ရုန်းထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒယ်လ်တာထက် ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါ ပြင်းထန်မှုမရှိဟုဆိုသည့်     အိုမီခရွန်ကိုမူ    အခက်အခဲမရှိ အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်မိသည်။ သို့ရာတွင် လူတစ်ဦးချင်းစီက မိမိကိုယ်ကို ကာကွယ်နိုင်ရန် လိုအပ်မည်ဖြစ် သည်။ 

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်း၊     ကိုဗစ်-၁၉    ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို  ဆက်လက်လိုက်နာခြင်းဖြင့်   မိမိကိုယ်တိုင် ကိုရော၊    မိသားစုနှင့်    ပတ်ဝန်းကျင်ကိုပါ   ကာကွယ်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။