
ရန်ကုန် ဩဂုတ် ၁၀
ဗီယက်နမ် ယူ - ၁၉ ဖိတ်ခေါ် ပြိုင်ပွဲတတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၁၁ ရက် (ယနေ့) ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာလုပွဲအဖြစ် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တတိယနေရာလုပွဲ အဖြစ် ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ ဗိုလ်လုပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
တတိယနေရာလုပွဲကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းသည် အုပ်စုပွဲတွေ့ဆုံစဉ်က ထိုင်းအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကစားမည့် ဗီယက်နမ်နှင့် မလေးရှားအသင်းသည် အုပ်စုပွဲ တွေ့ဆုံစဉ်က ဗီယက်နမ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုပွဲတွေ့ဆုံရာတွင် ထိုင်းကိုအရေးနိမ့်ခဲ့ သော်လည်း ဂိုးသွင်းခွင့်များရခဲ့ပြီး အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။
အုပ်စုပွဲစဉ်များအပြီးတွင် အိမ်ရှင်ဗီယက်နမ်အသင်းက ရမှတ် ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက ရမှတ်လေးမှတ်ရရှိကာ ဗိုလ်လုပွဲတက်ရောက်ခွင့်ရခဲ့ပြီး ထိုင်းအသင်းက ရမှတ်လေးမှတ်ဖြင့် အုပ်စုတတိယ၊ မြန်မာအသင်းက သုံးပွဲစလုံးရှုံးပြီး အမှတ်မရဘဲ အုပ်စုအောက်ဆုံးတွင်ရပ်တည်ကာ တတိယနေရာလုပွဲ ကစားရမည် ဖြစ်သည်။ မလေးရှားနှင့် ထိုင်းအသင်းသည် ရမှတ်တူသော်လည်း မလေးရှားအသင်းက ဂိုးကွာခြားချက်အသာဖြင့် ဒုတိယနေရာရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်