
ရန်ကုန် အောက်တိုဘာ ၁၈
မြန်မာ့လက်ရွေးစင် အနောက်တိုင်းလှေလှော် (Rowing) အားကစားသမားများသည် လာမည့် ၂၀၂၂ ခုနှစ် ဧပြီနှင့် မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် အင်းလျားကန်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိကြောင်း မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မတ် ၁ ရက်က စတင်ပြီး စခန်းဝင် လေ့ကျင့်နေတာပါ။ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသား သုံးပွဲ၊ အမျိုးသမီး သုံးပွဲ ဝင်ပြိုင်ဖို့ စာရင်းပေးသွင်းထား ပါတယ်။ ဒါပေမယ့်ရရှိတဲ့ လူအင်အား အခြေအနေအရ အပြောင်းအလဲတချို့ ရှိကောင်းရှိနိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီးကစားသမားများ နံနက်တစ်ချိန်၊ ညနေတစ်ချိန် အင်အားအပြည့်ဖြင့် လေ့ကျင့်နေပါတယ်” ဟု အနောက်တိုင်း လှေလှော်အဖွဲ့နည်းပြချုပ် ဦးကျော်ဝင်းက ပြောသည်။
မြန်မာ့လက်ရွေးစင် အနောက်တိုင်း လှေလှော်အသင်း သည် မီတာ ၂၀၀၀ ပြိုင်ပွဲ၌ အမျိုးသား တစ်ယောက်လှော်၊ နှစ်တက်လှော်၊ လေးတက်လှော် ပွဲစဉ်များနှင့် အမျိုးသမီး တစ်ယောက်လှော်၊ နှစ်ယောက်လှော်၊ နှစ်တက်လှော် ပွဲစဉ်များ၌ ပါဝင်ယှဉ်ပြိုင်ရန် နည်းပြ သုံးဦး၊ အမျိုးသား/ အမျိုးသမီး ခုနစ်ဦးစီ အင်အားဖြည့် လေ့ကျင့်နေခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အနောက်တိုင်းလှေလှော်အဖွဲ့သည် ၂၀၁၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သော အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီး နှစ်ယောက် လှော်နှင့် နှစ်တက်လှော်ပွဲစဉ်များ၌ ကြေးတံဆိပ်တစ်ခုစီ ဆွတ်ခူးရရှိခဲ့သည်။ (၃၁) ကြိမ်မြောက် ပြုလုပ်မည့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်း အားသာသော ရိုးရာလှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပခြင်း မရှိသဖြင့် အနောက်တိုင်းလှေ (Rowing) နှင့် ကနူး/ကယက်လှေပြိုင်ပွဲ များ၌သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာကာစိုး