ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)မှ ဖိတ်ခေါ်ပါသည်

Type
7

 

သီသီသောင်း

အထိမ်းအမှတ်ပြတိုက်ဟူသည် နိုင်ငံ့သမိုင်းကြောင်း တွင် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကို လှုံ့ဆော်ပေးသည့်၊  ထူးခြားထင်ရှားသည့် အရေးပါ သော လူပုဂ္ဂိုလ်များ၊  သမိုင်းဝင်ဖြစ်ရပ်ဖြစ်ပွားခဲ့ သည့်   အဖြစ်အပျက်၊ နေရာ၊ အဆောက်အအုံကို အများပြည်သူတို့        အမြဲအမှတ်ရနိုင်စေရန် တည်ဆောက်ထားသော ပြတိုက်အမျိုးအစားပင် ဖြစ်ပါသည်။
 ထိုနိုင်ငံ့သူရဲကောင်းတို့၏       မေ့မရဖွယ် အမှတ်တရများကို မမေ့မလျော့ဘဲ  အမြဲမှတ်မိ စေရန်၊  ထိုသူတို့၏ သမိုင်းဂုဏ်ရောင်ပြောင်မြောက် သည့် ကြိုးပမ်းမှုများကို ဂုဏ်ပြုရန်၊ လာရောက် လေ့လာသူ ဧည့်ပရိသတ်များမှ    မိမိနိုင်ငံ၏ မော်ကွန်းတင်သည့် ရာဇဝင်သမိုင်းကြောင်းများကို ပိုမိုနားလည်သိရှိလာစေရန်အတွက် ပြည်သူလူထု အား အသိပညာပေးနိုင်ရန် ရည်ရွယ်၍   အထိမ်း အမှတ်ပြတိုက် (Memorial Museum)တည်ဆောက် ထားခြင်း ဖြစ်ပါသည်။
အထိမ်းအမှတ်ပြတိုက်များ ထွန်းကားလာခြင်း သည်  နိုင်ငံ့သူရဲကောင်းများ၏ ဘဝဖြစ်စဉ်များနှင့် ထိုသူတို့၏အရေးပါမှုကို တစ်ကမ္ဘာလုံးက သိရှိနိုင် သည့်  စုပေါင်းဝိသေသလက္ခဏာ  (collective identity) နှင့် စဉ်ဆက်မပြတ် ရှင်သန်လာစေခြင်း (continuity) ပင်ဖြစ်သည်။ ထိုပြတိုက်များသည် ထင်ရှားကျော်ကြားသော   ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အောက်မေ့ဖွယ် အမှတ်ရစရာများကို ဂုဏ်ပြုရန်နှင့် ထိုသူတို့ကို ကိုယ်စားပြုသည့်  သမိုင်းတစ်ခေတ် ရေစီးကြောင်းကို နက်နဲစွာ နားလည်သဘောပေါက် ရန် သိလိုသူများအတွက် လေ့လာရာနေရာများ ဖြစ်လာပါသည်။ ဆိုရလျှင် ထိုသူတို့သေဆုံးပြီးနောက် အထိမ်းအမှတ်ပြတိုက်အဖြစ် ထိန်းသိမ်းထားသော ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး၏ အိမ်သည် ထိုသူတို့နေထိုင်ခဲ့သည့် လူနေမှုဘဝနှင့် ထိုသူတို့၏ ရာဇဝင်တွင်သည့် သမိုင်းကြောင်းဆိုင်ရာ အချက် အလက်  မှတ်တမ်းများကို    အများပြည်သူတို့ နှလုံးသားဆီ ထိုးထွင်းသိမြင်မှု  ပေးစွမ်းစေနိုင်ပါ သည်။
အထိမ်းအမှတ်ပြတိုက်များ၏ ပြတိုက်ပညာ ပေးရေးမှာ ဘက်စုံကျယ်ပြန့်ပြီး နိုင်ငံ့သူရဲကောင်း များ၏ သမိုင်းကြောင်းများ၊ နိုင်ငံ့ခေါင်းဆောင်များ အား အမှတ်ရမှုများကို ထိန်းသိမ်းရုံသာမက ထိုသူတို့ ၏ လုပ်ဆောင်ချက်များနှင့် ထိုသူတို့ရပ်တည်ခဲ့သည့် တန်ဖိုးများအပေါ် နိုင်ငံသားတို့၏ ရောင်ပြန်ဟပ် စေမှုများအပြင် ထိုသူတို့၏ ကြိုးပမ်းမှုများမှတစ်ဆင့်၊ ရာဇဝင်သမိုင်း မော်ကွန်းထိုးနိုင်သည့် အမှတ်တရ များ၊  မျိုးချစ်စိတ်ဓာတ်နှင့်   ခေါင်းဆောင်မှု၏ အရေးပါမှုကို လူ့အဖွဲ့အစည်းအတွင်း ပိုမိုကျယ်ပြန့် စွာ နားလည်သဘောပေါက်လာစေရန် ပြတိုက် ပညာပေးခြင်း အခန်းကဏ္ဍသည်  အရေးကြီးလှ ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည်   အထိမ်း အမှတ်ပြတိုက် အမျိုးအစားတွင်ပါဝင်ပြီး  မြန်မာ နိုင်ငံ၏   လွတ်လပ်ရေးဗိသုကာကြီး   ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ  ၁၉  ရက်နေ့အထိ  နေထိုင်ခဲ့သည့်နေအိမ်အား အထိမ်းအမှတ်ပြတိုက်အဖြစ်  ဖွင့်လှစ်ခင်းကျင်း ပြသထားခြင်းပင်ဖြစ်ပါသည်။ ပြတိုက်၏ တည်နေရာ မှာ အမှတ်-၂၅၊  ဗိုလ်ချို(၁)ရပ်ကွက်၊   ဗိုလ်ချုပ် ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊   ဗဟန်း မြို့နယ်၊   ရန်ကုန်မြို့၌တည်ရှိပြီး ၂ ဒသမ ၄၂၃ ဧကကျယ်ဝန်းသည့် ဘဲဥပုံသဏ္ဌာန်(Oval Shape) မြေကွက်ပေါ်ရှိ ၁၈ပေမြင့်သော ကုန်းမြင့်ပေါ်တွင် ၂၀ ရာစု ဥရောပပုံစံ ဗိသုကာလက်ရာဒီဇိုင်းများဖြင့် ၁၉၂၀-၁၉၂၁   ခုနှစ်ခန့်တွင်    တည်ဆောက်ထား သည့် အဆောက်အအုံ ဖြစ်ပါသည်၊။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၉  ရက်နေ့တွင်  ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ထံမှ  ပရိဘောဂ ပစ္စည်း ၅၃ မျိုးနှင့် အခြားအသုံးအဆောင်ပစ္စည်း များကို စုဆောင်းရရှိခဲ့သည်။ ထို့နောက်  ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်ကိုယ်တိုင်  ပစ္စည်းများကို မူလပုံစံအတိုင်း နေရာချ ခင်းကျင်းပေးခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဖြစ် စတင်ဖွင့်လှစ်ပြသခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို စတင်လေ့လာရသော်
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်           အဝင်မှ ကုန်းတစ်လျှောက်    တက်လမ်းအတိုင်းတက်လျှင် ကုန်းပေါ်တွင် ဆောက်လုပ်ထားသော နှစ်ထပ်အိမ် အဆောက်အအုံသို့တက်ရမည့် အမိုးမိုးထားသည့် အုတ်လှေကားသို့ ရောက်ပါသည်။ အုတ်လှေကား ၏ထိပ် စင်္ကြံလမ်း၏ ညာဘက်နံရံတွင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သမိုင်းကြောင်းကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့်     ရှင်းလင်းပြသထားပြီး စင်္ကြံလမ်း၏   ဘယ်ဘက်နံရံပေါ်တွင်    နေအိမ် အောက်ထပ်နှင့် အပေါ်ထပ်ဖွဲ့စည်းပုံ (Floor Plan) ရှိပါသည်။
ထမင်းစားခန်း
ပထမဦးဆုံး   ထမင်းစားခန်းသို့ ဝင်ရောက် လေ့လာသောအခါ ဗိုလ်ချုပ်၏ ဇာတာ၊ ဗိုလ်ချုပ် ငယ်ဘဝက နေထိုင်ခဲ့သော နတ်မောက်မြို့မှ နေအိမ် ပုံစံငယ်၊ ဘုံဘေဘားမား အိမ် ထောင်ပရိဘောဂတိုက် ရန်ကုန်မြို့တံဆိပ်ပါ        အပိုင်းသုံးဆက်ဒီဇိုင်း ကျွန်းထမင်းစားပွဲခုံအရှည်နှင့် ကျွန်းကုလားထိုင် ၁၀ လုံး၊ စတုရန်းပုံ  နှစ်ထပ်ဗီရိုထဲတွင် ဗိုလ်ချုပ် မိသားစုအသုံးပြုခဲ့သော      မူရင်းပန်းကန်လုံး၊ ပန်းကန်ပြား၊ ကရား၊   ငွေဖြင့်ပြုလုပ်ထားသည့် ဇွန်းခက်ရင်းများ၊ Made in England တံဆိပ်ပါ ပန်းကန်များ စသည့် ထမင်းစားခန်းသုံးပစ္စည်းများ ထည့်သွင်းပြသထားပါသည်။
ထို့ပြင် ထမင်းစားခန်းအဝင်ဝ၌ ဖြုတ်၍ တပ်၍ ရသော    ကျွန်းလင်ပန်းအရှင်   တွဲလျက်ပါရှိပြီး အောက်တွင် ရွေ့လျားနိုင်သည့်    ဘီးလေးလုံးပါ ကျွန်းသုံးဆင့်ပစ္စည်းတင်စင်ကို    တွေ့ရှိရမည် ဖြစ်သည်။ ၎င်းတွန်းလှည်းဖြင့် စားသောက်ဖွယ်ရာ များကို စားဖိုဆောင်မှသယ်ဆောင်လာပြီး တည်ခင်း ဧည့်ခံခဲ့သည်ဟု ခန့်မှန်းရပါသည်။ ပန်းကန်များ တစ်ချပ်နှင့်တစ်ချပ်ကြားတွင် မကွဲစေရန် ကြားခံ ထည့်ထားသည့် ၁၉၅၈-၁၉၅၉ ခုနှစ်ထုတ် သတင်း စာများကို တွေ့ရှိရခြင်းဖြင့်    ထိုခေတ်ကာလ၏ နိုင်ငံရေး အခြေအနေပုံရိပ်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။
စားပွဲပေါ်တွင် “ကြည် ပဲပြုတ်နှင့်နံပြားရရင် စားချင်တယ်”ဟု  ဗိုလ်ချုပ် လက်မှတ်ရေးထိုးထား သည့်စာနှင့်အတူ ပဲပြုတ်နှင့်နံပြား ပြင်ဆင်ထားပုံ ကိုလည်း   တွေ့မြင်ရမည်ဖြစ်ပါသည်။  ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊   မိသားစုဘဝ၊ နိုင်ငံ့ ခေါင်းဆောင်ဘဝစသဖြင့် ဗိုလ်ချုပ်၏ ဘဝဖြစ်စဉ် များကို  မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ရှင်းလင်း ပြသထားပါသည်။
ဤနေရာတွင်    ဗိုလ်ချုပ်မွေးဖွားသည်မှ ကျဆုံး သည့်အချိန်ထိ  ဘဝဖြစ်စဉ်အကျဉ်းချုပ်ကို ဖော်ပြ ရသော်-
“မြန်မာ့လွတ်လပ်ရေးဖခင်ကြီး       ဗိုလ်ချုပ် အောင်ဆန်းကို  ခရစ်သက္ကရာဇ်   ၁၉၁၅  ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် စနေနေ့) နံနက် သုံးချက်တီး အချိန်တွင်   မကွေးတိုင်း   နတ်မောက်မြို့ မြို့သူကြီး အိမ်၌ သန့်စင်ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာ တွင် ထိန်လင်းဟု အမည်ရေးသော်လည်း အစ်ကို ဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်း ဟု ခေါ်တွင်ပါသည်။
၁၉၂၂ (အသက် ခုနစ်နှစ်)တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံတွင် မူလတန်းပညာ စတင်သင်ကြားခဲ့ပြီး ၁၉၃၂  တွင် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်း အောင်ကာ ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် ခုံအမှတ် ၅၆ ဖြင့် ဝိဇ္ဇာတန်း အောင်မြင်ခဲ့ပြီး ဥပဒေပညာကို ဆည်းပူးလိုသော ကြောင့် ၁၉၃၇-၁၉၃၈ တွင်    ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားခဲ့ပါသည်။
၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်   ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှ လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ    ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ်မှလည်းကောင်း နုတ်ထွက်ကာ   တို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်အဖြစ် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့သည်။
၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့  ညနေ စောင်း ၅ နာရီတွင် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီယူရန်   သခင်အောင်ဆန်းနှင့်   သခင်လှမြိုင်တို့သည် နော်ဝေပိုင် ဟိုင်လီ (Hai Lee)သင်္ဘောဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ  အမွိုင်သို့ ထွက်ခွာသည်။
၁၉၄၁ ခုနှစ်    ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ် နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်း ၍ ဗိုလ်တေဇ အမည်ကို ခံယူသည်။
၁၉၄၂  ခုနှစ်   စက်တင်ဘာ  ၆  ရက်    နေ့လယ် ၂   နာရီတွင်      ဂျပန်ခေတ်  ဆေးရုံကြီးအရှေ့ဘက်   အစွန်ဆုံးခန်းမဆောင်တွင်     ဒေါ်ခင်ကြည်နှင့်  လက်ထပ်မင်္ဂလာပွဲကျင်းပကာ သားသမီးလေးဦး ထွန်းကားခဲ့ပါသည်။  
၁၉၄၃ ခုနှစ်    သြဂုတ်လ   ၁   ရက်နေ့တွင် ဒေါက်တာဘမော်အစိုးရအဖွဲ့၌ စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလ  ၂၆ ရက်နေ့တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိ ရာထူးကို လက်ခံသည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇      ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးစီးကာ ဗိုလ်ချုပ် အောင်ဆန်းနှင့်      ဗြိတိသျှအစိုးရဝန်ကြီးချုပ် မစ္စတာအက်တလီတို့   ဘိလပ်၌   အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုသည်။    
၁၉၄၇ ခုနှစ်   ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား    သွေးစည်းညီညွတ်ရေးအတွက် ပင်လုံသဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး  လက်မှတ် ရေးထိုးသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင်    ရန်ကုန် မြို့တော်ခန်းမ၌    လူထုအစည်းအဝေးကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်းက လက်ရှိ   တိုင်းပြုပြည်ပြု လွှတ်တော်ပုံသဏ္ဌာန်နှင့် လွတ်လပ်ရေး တစ်နှစ် အတွင်းရစေရန် အာမခံကြောင်း မိန့်ခွန်းပြောကြား သည်။ (ဤမိန့်ခွန်းသည် ဗိုလ်ချုပ်၏ နောက်ဆုံး မိန့်ခွန်းဖြစ်သည်။)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့ အတွင်းဝန်များရုံး၌   ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ    အစည်းအဝေးပြုလုပ် နေစဉ် ဂဠုန်ဦးစော၏နောက်လိုက်  လူသတ်သမား များ လက်ချက်ဖြင့်  ဗိုလ်ချုပ်အောင်ဆန်း၊   သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊  ဦးဘဝင်း၊   မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့ ကျဆုံးသည်။’’
ထမင်းစားခန်းတွင်     အထက်ပါအကြောင်း အချက်များကိုလေ့လာပြီးသော်
ဧည့်ခန်း
ဗိုလ်ချုပ်နေအိမ်၏ဧည့်ခန်းသို့   ရောက်ရှိရာ ပန်းချီဆရာကြီး ဦးငွေကိုင် ရေးဆွဲခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း စိုက်ပျိုးရေးပြုလုပ်နေဟန်    “အိမ် နောက်ဖေးဈေးဆိုင်တည်” ဆီဆေးပန်းချီကားကြီး၊ ဗိုလ်ချုပ်ကိုယ်တစ်ပိုင်းပုံ      ပလာစတာရုပ်တု၊ ဗိုလ်ချုပ်အသုံးပြုခဲ့သော စားပွဲနှင့် ထိုင်ခုံဆက်တီ များ၊ တင်ခုံပေါ်တွင်   ဗိုလ်ချုပ်နားထောင်ခဲ့သည့် (Philip) အမျိုးအစားရေဒီယို၊   ဗိုလ်ချုပ်စာဖတ် နေဟန် ဆီလီကွန်ရုပ်တုကို ဗိုလ်ချုပ်အပန်းဖြေစဉ် အသုံးပြုသော နှစ်ဆင့်ပါစာအုပ်တင်ခုံ၊ လောင်းကုတ် ဝတ်ဆင်ထားသည့်      ဗိုလ်ချုပ်အောင်ဆန်းပုံတူ မတ်ရပ်ပန်းချီကား နောက်ခံထားကာ ဗိုလ်ချုပ် ကတော်  ဒေါ်ခင်ကြည်၊    သားဦး အောင်ဆန်းဦး၊ သားလတ် အောင်ဆန်းလင်းတို့  ရိုက်ထားသော မိသားစုဓာတ်ပုံတို့ကို ပြသထားပါသည်။
ဧည့်ခန်းမှအထွက်   လှေကား၏ဘေးတွင် ဗိုလ်ချုပ်အောင်ဆန်း  ဖိနပ်ထိုင်စီးရာတွင်  အသုံး ပြုခဲ့သည့် ကုလားထိုင်ကိုလည်း ပြသထားပါသည်။ ဧည့်ခန်းထောင့်တွင် ဗိုလ်ချုပ်နှင့်အဖွဲ့ အောင်ဆန်း- အက်တလီစာချုပ်ချုပ်ဆိုရန်   လန်ဒန်သို့အသွား အိန္ဒိယနိုင်ငံသို့ဝင်ရောက်၍   နိုင်ငံရေးကိစ္စများ ဆွေးနွေးစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟလ်လာ မစ္စတာနေရူးက        ဗိုလ်ချုပ်အောင်ဆန်းအား ၅-၁-၁၉၄၇   ရက်တွင်   လက်ဆောင်ပေးအပ်ခဲ့သော  သက္ကလပ်လောင်းကုတ်အင်္ကျီကို  မတ်ရပ်မှန်ဗီရို အတွင်း   ပြသထားပြီး    ၎င်းကုတ်အင်္ကျီပေါ်ရှိ ကြယ်သီးတွင် အိန္ဒိယဆေးပညာဆိုင်ရာ ဌာနအမည် နှင့် GRJ စာလုံးအမှတ်အသားပါရှိကာ ကုတ်အင်္ကျီ သက်တမ်းမှာ ၇၇ နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။
ဗိုလ်ချုပ်ဇနီးမောင်နှံအိပ်ခန်း
အပေါ်ထပ်သို့ လှေကားမှ ဆက်လက်တက်လာ ရာတွင် လှေကားထိပ်ဘယ်ဘက် ဗိုလ်ချုပ်  ဇနီး မောင်နှံအိပ်ခန်းတွင် မှန်တင်ခုံတစ်ခု၊ ကျွန်းသားနှင့် ပြုလုပ်ထားသော လေးဆင့် မှန်ဗီရိုတစ်လုံးထဲတွင် ဗိုလ်ချုပ်ဝတ်ဆင်အသုံးပြုခဲ့သော အဝတ်အစား၊ စစ်ယူနီဖောင်း၊     အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်တို့  ဇနီးမောင်နှံအိပ်သော    ကျွန်းခုတင် နှင့် မွေ့ရာ၊  ခေါင်းအုံးနှစ်လုံး၊   ခြင်ထောင်တို့ကို ပုံစံမပျက် ခင်းကျင်းပြသထားပြီး ခုတင်ခြေရင်းတွင် အဝတ်လှန်းစင်တစ်ခုကို တွေ့ရပါသည်။
၎င်းနှင့်ကပ်၍ ဗီရိုတွင်    နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေဖြင့်   နိုင်ငံ့ကိစ္စများအတွက် အရေးပေါ်ခရီးထွက်ရာတွင် ယူဆောင်ရမည့် အဝတ် အစား အသုံးအဆောင်များ အဆင်သင့်ထည့်ထား သည့် သားရေသေတ္တာနှင့်    ၎င်းသေတ္တာတွင်းရှိ စစ်အင်္ကျီနှစ်ထည်၊ ပိုးအင်္ကျီတစ်ထည်၊ စွပ်ကျယ် လက်စက နှစ်ထည်၊ ပိုးပုဆိုး သုံးထည်၊ အတွင်းခံ ဘောင်းဘီတို ခုနစ်ထည်၊ ဘောင်းဘီတို နှစ်ထည်၊ အိပ်ရာခင်းတစ်ထည်၊ စောင်တစ်ထည်၊ ချည်သား စပို့ရှပ်အင်္ကျီနှစ်ထည်၊       စွပ်ကျယ်တစ်ထည်၊ လက်ကိုင်ပဝါတစ်ထည်စသည်တို့တွေ့ရပြီး ထူးခြား ချက်အနေဖြင့် အချို့သော  အဝတ်အစား၊  အသုံး အဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏အမည် အတိုကောက် AS ဆိုသည့် စာလုံး ရေးထိုးထားသည့် အဝတ်အထည်များကိုလည်း တွေ့ရပေသည်။
ဘုရားဆောင်
ဗိုလ်ချုပ်ပြတိုက်၏ သက်တမ်းသည် နှစ်ပေါင်း ရာကျော်နေပြီဖြစ်သဖြင့် ပြတိုက် ရေရှည်တည်တံ့ စေရန်နှင့် ပြတိုက်၏ကြံ့ခိုင်မှုအတွက် ဘုရားဆောင် ပေါ်သို့ အများပြည်သူတို့ တက်ရောက်ခွင့်မပြုနိုင် ပါသဖြင့်   အခန်းထောင့်တွင်  အပေါ်ထပ်ဘုရား ဆောင်သို့တက်သည့် လှေကားဘေးရှိ ဘုတ်ပြား ပေါ်တွင် ဗိုလ်ချုပ်နတ်မောက်မြို့၌ နေထိုင်ခဲ့စဉ်က ကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်ပုံ၊ ဗိုလ်ချုပ်၏ ဘုရားဆောင်မှ ဘုရားစင်ပုံ၊ ဘုရားဆောင် ပြတင်း ပေါက်မှ ဖူးမြင်ရသော ရွှေကြက်ယက်ဘုရားရှုခင်း ပုံနှင့် ရွှေတိဂုံဘုရားရှုခင်းပုံများအား ကြည်ညိုဖွယ် ပြသထားပါသည်။
စာကြည့်ခန်း
စာကြည့်ခန်းသို့   ဆက်လက်လေ့လာလျှင် ဗိုလ်ချုပ်စာရေးသော စာရေးစားပွဲခုံနှင့်   ထိုင်ခုံ တစ်လုံးစီ ခင်းကျင်းပြသထားရာ   စားပွဲခုံကြီး၏ ဘေးတစ်ဖက်စီတွင်  စာအုပ်တင်စင်   အလွတ် တစ်လုံးစီ  ရှိပါသည်။   စားပွဲခုံ၏  ရှေ့တွင်လည်း ထိုင်ခုံနှစ်လုံး ချထားပါသည်။
စာကြည့်စားပွဲခုံ၏ဘေးနံရံတွင်    အဆင့် လေးဆင့်ပါရှိသော စာအုပ်ဗီရိုကြီးထဲ၌ စွယ်စုံကျမ်း များ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ၊ နိုင်ငံရေး ဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပထဝီဝင် ဆိုင်ရာ စာအုပ်များ ပြသထားရာ  အများဆုံးမှာ နိုင်ငံရေးဆိုင်ရာ စာအုပ်များဖြစ်ပြီး အင်္ဂလိပ်ဘာသာ  ၂၃၉ အုပ်၊ မြန်မာဘာသာနှစ်အုပ် စုစုပေါင်း ပြတိုက် စာရင်းအရ ဗိုလ်ချုပ်ဖတ်ရှုလေ့လာခဲ့သောစာအုပ်  ၂၄၁ အုပ် တွေ့ရပေသည်။  
မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ် နှစ်အုပ်မှာ သုသောဘိသရာဇဝင်နှင့် မဏိကုဏ္ဍလ ဝတ္ထုတို့ဖြစ်ပြီး အင်္ဂလိပ်ဘာသာစာအုပ်များအနက်  ၁၈၉၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေထားသည့် With the Jungle Folk စာအုပ်သည် အစောဆုံးပုံနှိပ် ထုတ်ဝေသည့် စာအုပ်ဖြစ်ပြီး မြန်မာ့ကျေးလက်နေ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအကြောင်း သရုပ် ဖော် ရေးသားထားခြင်းဖြစ်သည်။  ဗိုလ်ချုပ်ကျဆုံး ချိန်တွင်   အသက် ၃၂ နှစ်သာ ရှိသေးသော်လည်း ဗိုလ်ချုပ်ဖတ်ခဲ့သည့် စာအုပ်များမှာ အင်္ဂလိပ်ဘာသာ ဖြင့် အများအပြားတွေ့ရှိရပြီး ဘာသာရပ်စုံ လေ့လာ ဖတ်ရှုခဲ့သည်ကို တွေ့ရှိရသဖြင့် ဗိုလ်ချုပ်၏ စာဖတ် အားကောင်းမှုကို   ယနေ့လူငယ်များ    အားကျ အတုယူဖွယ် ဖြစ်ပါသည်။
ကလေးများအိပ်ခန်း
ကလေးများအိပ်ခန်းနံရံ၏      ထောင့်တွင် ကိုယ်လုံးပေါ်မှန်၊         အဝတ်လှန်းစင်တစ်ခု၊ အောင်ဆန်းလင်း အဝတ်အစားများထည့်ထားသော ဗီရိုတစ်လုံးတို့ရှိပါသည်။ ထို့နောက်   စိန့်ပေါလ် ကျောင်း  (ယခု အထက(၆) ဗိုလ်တထောင်)တွင် ဒုတိယတန်းတက်နေသည့်    အောင်ဆန်းလင်း၏ ကျောင်းသင်ခန်းစာ ဖတ်စာအုပ်များနှင့် လေ့ကျင့် ခန်းစာအုပ်များကိုပြသထားရာ ထိုခေတ်၏ ဒုတိယ တန်းတွင် သင်ကြားသော သမိုင်း၊ ပထဝီ၊ သင်္ချာ၊ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းနှင့်   ပညာရေးစနစ် အဆင့်မြင့်မားမှု၊ စနစ်ကျမှုကိုလည်း တွေ့မြင်နိုင် ပေသည်။
ထိုစဉ်က အသုံးပြုခဲ့သည့် စီးကရက်ဘူးခွံများကို ကလေးများကစားရန် ကစားစရာကတ်လေးများ (Playing Card) ပြုလုပ်ပေးထားသည့်ကတ်များ ကိုလည်း ပြသထားပြီး  အချို့ကတ်များတွင် ကလေး များ၏နာမည်  အတိုကောက်စာလုံးများဖြစ်သည့် ASL, ASU ဟု ရေးထိုးထားသည်ကို တွေ့မြင်ရပါ သည်။ ထို့ပြင် အောင်ဆန်းလင်းရေနစ်သေဆုံးသည့် ၁၆-၁-၁၉၅၃ ရက်နေ့တွင်  စာသင်ကြားခဲ့သည့် လက်ရေးမူကို မြန်မာ၊ အင်္ဂလိပ်  နှစ်ဘာသာဖြင့် မှန်ဗီရိုဖြင့် ထည့်သွင်းပြသထားပါသည်။
၎င်းအိပ်ခန်းအလယ်တွင်    အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့အိပ်သည့် ခုတင်သုံးလုံးကို  မွေ့ရာ၊ ခေါင်းအုံး၊   ခြင်ထောင် များဖြင့် ခင်းကျင်း ပြသထားပါသည်။ ဤအခန်းတွင် ဗိုလ်ချုပ်ပြတိုက်သမိုင်းကြောင်း၊     ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ မိသားစုဘဝ၊  နိုင်ငံ့ ခေါင်းဆောင်ဘဝ စသဖြင့် ဗိုလ်ချုပ်၏   ဘဝဖြစ်စဉ် များကို         မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် လည်းကောင်း၊  မိန့်ခွန်းများ၊   လက်ရေးမူများ၊ ဗိုလ်ချုပ်ပုံဖြင့် ထုတ်ဝေထားသော ငွေစက္ကူပုံများ ကိုလည်းကောင်း  Touch Screen တွင်ထည့်သွင်း၍ Digital နည်းဖြင့် ပြသထားပါသည်။
အထူးအစည်းအဝေးခန်း
ကလေးများ၏ အိပ်ခန်းမှထွက်လျှင်   အထူး အစည်းအဝေးခန်းသို့ ရောက်ရှိပါသည်။ အစည်း အဝေးခန်းမတွင် လက်တင်ကျောမှီ ပက်လက်ထိုင်ခုံ နှင့် စာအုပ်တင်ခုံတစ်လုံးရှိပြီး အလယ်တွင် စားပွဲ ဝိုင်းနှင့်  ထိုင်ခုံလေးလုံးကို    ခင်းကျင်းထားပြီး စားပွဲဝိုင်း၏ အနောက်ဘက်နံရံပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်      ရေးသားဖော်ပြထားပါသည်။    ဗိုလ်ချုပ်အသက်ရှင်စဉ်ကာလ   ဤအိမ်ကြီးတွင် မြန်မာနိုင်ငံ၏   လွတ်လပ်ရေးအတွက် သမိုင်းဝင် အရေးကြီးသည့်အစည်းအဝေးများ ကျင်းပခဲ့ကြောင်း  မြန်မာ့ရက်စဉ်သမိုင်းတွင် လေ့လာရပေသည်။
ကလေးများအိပ်ခန်း၊  စာကြည့်ခန်း၊   အထူး အစည်းအဝေးခန်းတို့တွင် သန့်စင်ခန်း၊ ရေချိုးခန်း တွဲလျက်ပါရှိပါသည်။ ချက်ပြုတ်ရန် မီးဖိုချောင်ကို အောက်ထပ်အိမ်မကြီး၏    မြောက်ဘက်တွင် ဆောက်လုပ်ထားပါသည်။
နေအိမ်၏ အနောက်ဘက်ပတ်လမ်းအတိုင်း ဆက်လျှောက်ပါက   စိုက်ပျိုးရေးပြုလုပ်နေဟန် ဗိုလ်ချုပ်ရုပ်တုနှင့်  သီးပင်စားပင်များ  ဝေဆာနေ သော ဗိုလ်ချုပ်စိုက်ခင်းကို တွေ့ရမည်ဖြစ်ပါသည်။ စိုက်ခင်းဘေးပတ်လမ်းအတိုင်း       ကြည့်ပါက ဗိုလ်ချုပ်၏ ဒုတိယသား အောင်ဆန်းလင်း ရေနစ် ကွယ်လွန်ခဲ့သော     ရေကန်ကို      တွေ့ရသည်။ ၎င်းရေကန်ရှေ့တွင်  “၁၉၅၃ ခုနှစ် ဇန်နဝါရီလ  ၁၆ ရက်နေ့တွင်  ဒုတိယသား  အောင်ဆန်းလင်း  ရေနစ် ၍    ကွယ်လွန်ခဲ့သည့်ရေကန်” ဟု    ရှင်းလင်းဖော်ပြ ထားသည့် ဆိုင်းဘုတ်ကို တွေ့ရမည်ဖြစ်ပါသည်။
ဗိုလ်ချုပ်အသုံးပြုသွားခဲ့သည့် မော်တော်ကား
၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်  ဗိုလ်ချုပ်ကျဆုံး သည်အထိ  အသုံးပြုသွားခဲ့သည့်  အင်္ဂလန်နိုင်ငံ ထုတ်   Wolseley    အမျိုးအစား   မော်တော်ကားကို ကားဂိုဒေါင်အတွင်း မှန်ဖြင့်ကာရံပြသထားပါသည်။  Wolseley Motors Limited ကုမ္ပဏီကို  ၁၉၀၁ ခုနှစ်တွင်   စတင်တည်ထောင်ခဲ့ပြီး   ဇိမ်ခံကား ထုတ်လုပ်ခြင်းဖြင့် ကားဈေးကွက်ကို လွှမ်းမိုးထား သော  ကုမ္ပဏီတစ်ခုဖြစ်သည်။  မူလစီးနေသော ဂျစ်ကား အမှတ်(၆၆)အစား ပြောင်းလဲပေးအပ် ခြင်း ဖြစ်သည်။
 (၇၇) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲခင်းကျင်းပြသရေး
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ်တွင် (၇၇) နှစ် မြောက် ရှိခဲ့ပြီဖြစ်သည်။ ယခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင်    အများပြည်သူ   လာရောက် လေ့လာနိုင်ရေးအတွက်   ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို      ထိန်းသိမ်းဆောင်ရွက် မှုများ     ပြုလုပ်ပြီးဖြစ်သလို    အထူးပြပွဲခင်းကျင်း ပြသရေး (Special Exhibition) ကိုလည်း နည်းလမ်း နှစ်သွယ်ဖြင့် ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
    (၁)    ပုံမှန်ခင်းကျင်းပြသခြင်းပြကွက်  (Tra-ditional Exhibition)အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်    အတက်လမ်းနှင့် အဆင်းလမ်းတွင်     ယခင်နှစ်များကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏    အသုံးအဆောင် များနှင့်  လက်ရေးမူများအား  စတစ်ကာ ဗီနိုင်းဘုတ်ပြားများဖြင့်    ပြသမည့်ပြကွက် ကို ခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
    (၂)      အိုင်တီနည်းပညာဖြင့် ခင်းကျင်းမှု ပြကွက် (Digital Exhibition) အနေဖြင့်
    (က)    အိုင်တီနည်းပညာဖြင့်   ဗိုလ်ချုပ် အောင်ဆန်းနေအိမ်      ဗိသုကာ ဒီဇိုင်းနှင့်     မြေယာရှုခင်းများအား  Animation   Video Clip   ပြကွက်၊
    (ခ)     3D Holographic Fan ဖြင့်   ဗိုလ်ချုပ် အောင်ဆန်း၏မိန့်ခွန်းများပြကွက်၊
    (ဂ)     အိုင်တီနည်းပညာဖြင့် Offline Web
        Page  ဖြင့်   ပြသမည့်ပြကွက်တွင် ဗိုလ်ချုပ်အောင်ဆန်း   ပြတိုက်သို့ အများပြည်သူတို့     လာရောက် လေ့လာစဉ် သတိမမူမိသည့်(Hiding Objects)     ပြသပစ္စည်းများကို    ဓာတ်ပုံရိုက်ကူး      ပြသထားသည့် ပြကွက်၊     အိုင်တီနည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်း    နေအိမ်  ဗိသုကာဒီဇိုင်းနှင့် မြေယာရှုခင်းများ အား  Virtual  Tour ပြကွက်၊ အိုင်တီ နည်းပညာဖြင့်   နှစ်အလိုက်   အထူး ပြပွဲ    ခင်းကျင်းပြသသည့်     ဓာတ်ပုံ မှတ်တမ်းများ ပြကွက်၊
    (ဃ)    အိုင်တီနည်းပညာဖြင့်       ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့်       ဗိုလ်ချုပ် အောင်ဆန်းဘဝအကြောင်း   ဗဟု သုတရရှိစေရန်  ဉာဏ်စမ်းမေးခွန်း လွှာဖြေဆို၍    ဆုလက်ဆောင်များ ပေးခြင်းအပါအဝင် စသည့် အိုင်တီ နည်းပညာဖြင့် ခင်းကျင်းမှု ပြကွက် များကို ခင်းကျင်းပြသပါမည်။
အိုင်တီနည်းပညာဖြင့်   ခင်းကျင်းမှုပြကွက် (Digital  Exhibition)   ဖန်တီးမှုအတွက်    55" Interactive Touch Screen ခြောက်လုံးကို  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က    ပံ့ပိုးကူညီထားပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ     ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (နေပြည်တော်)မှ ပံ့ပိုးကူညီမှုနှင့် Myanmar ICT solution Co.,ltd တို့ ပူးပေါင်းကူညီဆောင်ရွက် ပေးကြပါသည်။
 ယခုနှစ် (၇၇)နှစ်မြောက်      အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)  အထူးပြပွဲ ခင်းကျင်းပြသခြင်း(Special Exhibition)သည် ယခင်နှစ်များနှင့်မတူ နည်းပညာအသုံးပြု ခင်းကျင်း ပြသထားရာ  ပြည်သူများ လာရောက်လေ့လာပြီး လျှင် ဗိုလ်ချုပ်အောင်ဆန်းဘဝဖြစ်စဉ်နှင့် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၏ လေ့လာသိရှိဖွယ် ဗဟုသုတ များကို   သိရှိနိုင်ပြီး    လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏   တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို   ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာပေမည် ဖြစ်ပေရာ (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသော အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ လာရောက်လေ့လာပါရန် ဖိတ်ခေါ်အပ်ပါသည်။