ဗိုလ်ချုပ်စကား နားမှာကြားသော်ငြားလည်း

Type

 

ပြည်ထောင်စုသားတစ်ဦး

 

တစ်နေ့က စာအုပ်တွေရှင်းရင်း စာအုပ်ပုံတွေကြားက ဗိုလ်ချုပ်အောင်ဆန်း   အတ္ထုပ္ပတ္တိစာအုပ်အချို့ ထွက်လာသည်။ အချို့ဗိုလ်ချုပ်စာအုပ်တွေက ၈၈ မတိုင်ခင် စာရေးသူလူငယ်ဘဝက ရန်ကုန်မြို့လယ် လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေက ဝယ်ခဲ့တဲ့စာအုပ်တွေ။  “အောင်သန်း၏   အောင်ဆန်း”၊ “မေ့ပျောက်၍ မရသောအောင်ဆန်း”၊ “ဗမာ့နိုင်ငံရေးသုခမိန်”  စတဲ့စာအုပ်တွေဆို   တစ်အုပ်မှ ငွေကျပ် ၂၀ ထဲ။

 

မုန့်ဖိုးလေးတွေစုပြီး လက်လှမ်းမီတဲ့စာအုပ် တွေကို  အပိုင်ဝယ်ဖတ်ရှု၊  မဝယ်နိုင်တဲ့ စာအုပ် တွေကျတော့ စာအုပ်အငှားဆိုင်မှာ ငှားရမ်းဖတ်ရှုခဲ့ ရသည်။ “အောင်ဆန်းမိသားစု” စာအုပ်နှင့် ရဲဘော် သုံးကျိပ်ဝင်    ဗိုလ်မင်းခေါင်ရေးတဲ့     “ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်”စာအုပ်တို့ဆိုလျှင် အကြိမ်ကြိမ်အခါခါ  ငှားရမ်းဖတ်ရှုဖြစ်ခဲ့သည်။ သို့ကလို    ဖတ်ရှုရင်းဖြင့်     ဗိုလ်ချုပ်၏ဘဝနှင့် မိန့်ခွန်းများကို အလွတ်ရလုနီးနီးဖြစ်ရသည်။
ဆိုရလျှင်  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်     မိမိနုငယ်စဉ်ဘဝ ကတည်းက ကိုယ့်ရဲ့အိုင်ဒေါ ဖြစ်လို့နေသည်။ သို့ရာ တွင် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းမှာတော့ ဗိုလ်ချုပ်စာအုပ်များကို ယခင်ကလို အကြိမ်ကြိမ် အထပ်ထပ်  ပြန်မဖတ်ဖြစ်တော့။  ကိုယ့်ထက် ဗိုလ်ချုပ်ကို ချစ်ကြခင်ကြ၊ ကြည်ညိုလေးစားကြ သူတွေ များလာသကိုး။

 


ဗိုလ်ချုပ်ရုပ်တုများက မြို့တိုင်းမှာနေရာယူ လာသည်။ ပန်းခြံများမှာလည်း     ဗိုလ်ချုပ်၊ ဟိုမှာလည်း ဗိုလ်ချုပ်၊ ဒီမှာလည်းဗိုလ်ချုပ်။ မြို့နယ် တစ်ခုမှာဆို ပန်းခြံတစ်ခုတည်းမှာပင်  ဗိုလ်ချုပ် ရုပ်တုက နှစ်ရုပ်။ ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်တွေ၊ နံပြားတွေ ခေတ်စားလာသည်။

 


ဗိုလ်ချုပ်၏မိန့်ခွန်းများလည်း   တစ်ခေတ် ပြန်လည်သက်ဝင်လာသည်။ သို့ရာတွင် ထိုထိုသော မိန့်ခွန်းများထဲမှ ဗိုလ်ချုပ်၏ဒီမိုကရေစီဝါဒအပေါ် ရပ်တည်ချက်သဘောထား  အမြင်များကိုသာ အဓိကဦးစားပေး    ကောက်နုတ်ဖော်ပြခဲ့ကြသည်။ ဗိုလ်ချုပ်ကို  တစ်မျိုးသားလုံး၏အမျိုးသားခေါင်းဆောင်ကြီးထက်  ဒီမိုကရေစီဘက်တော်သား၊ ဒီမိုကရေစီ၏ သင်္ကေတအဖြစ်သာ ဖော်ကျူးလို ကြ၍ဖြစ်သည်။

 


နိုင်ငံ့လွတ်လပ်ရေး၊ အမျိုးသားကြီးပွားတိုး တက်ရေး၊ ဂိုဏ်းဂဏစိတ်ပပျောက်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့အတွက် အခါအားလျော်စွာ တစ်နိုင်ငံလုံးလှည့်လည်ဟောပြော       သတိပေးခဲ့ သော၊  မထောက်မညှာတမ်း    ထောက်ပြဝေဖန် ပြောဆိုခဲ့သော မိန့်ခွန်းအများစုကမူ ကျမ်းအိပ်များ သဖွယ် မြန်မာ့သမိုင်းထဲတွင် အိပ်ပျော်နေခဲ့ရပေသည်။

 


“မြန်မာပြည်အရေး ညီညွတ်ရေး”


ကျွန်တော်တို့ မြန်မာပြည်ရဲ့အရေးဟာ မြန်မာ ပြည်သူပြည်သားတွေ၊       ခေါင်းဆောင်တဲ့လူတွေ ညီညွတ်စွာလုပ်တတ်ရမယ်။            လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနဲ့    ပြီးမြောက်နိုင်မယ်။ ရာထူး ဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲ ချိန် မီးငြိမ်းရုံလောက် တတ်နိုင်အောင် ညီညွတ်ရေး မျိုးဆိုရင်တော့ ဘယ်နည်းနဲ့မှဖြစ်မှာ မဟုတ်ဘူး။


(၁၉၄၅ ခုနှစ်၊ ဩဂုတ်လ၊ စတုတ္ထအကြိမ်မြောက်
 နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမှ)


“တကယ့်ဒီမိုကရေစီ”


တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘော တရားအရ ပြည်သူတွေ အကျိုးအတွက်၊ ပြည်သူ တွေက တင်မြှောက်တဲ့ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။
အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွား ရေးအဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေအနေအထိ  မြှင့်တင်နိုင်အောင်ကြိုးစားပေးမှ၊ ဆောင်ရွက်ပေးမှ       တကယ့်ဒီမိုကရေစီအဆင့် တက်လှမ်းနိုင်မယ်။


(၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်၊ ဂျူဗလီဟော၊
ပဏာမပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ)

 


“နိုင်ငံရေး၊ စီးပွားရေး”


    ကျွန်ုပ်တို့နိုင်ငံရေးရောဂါမှာ ဆေးချက်မှန်ပြီဖြစ် သော်လည်း စီးပွားရေးက ကုသရန် ကျန်နေသေး သည်။    စီးပွားရေးမကောင်းသမျှကာလပတ်လုံး ကျွန်ုပ်တို့မြန်မြန်ဖြစ်စေချင်သော         ငြိမ်းချမ်း သာယာရေး မရနိုင်။


    (၁၉၄၇ ခုနှစ်၊ မတ်လ ၁၁ ရက်၊ မြန်မာပြည်
    အင်္ဂလိပ်ကုန်သည်များအသင်း နှစ်ပတ်လည်
အစည်းအဝေးမိန့်ခွန်းမှ)

 


“တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ”


တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ ငွေရေးကြေးရေး လိုတယ်။ ဒီငွေရေးကြေးရေးဟာ တိုင်းသူပြည်သား တွေထံမှ ကောက်ခံတဲ့အခွန်တော်တွေပဲ။ ဒီအခွန် တွေကောက်တာဟာ မှန်သလား၊ မှားသလား။


(၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊တောင်သူ
လယ်သမားညီလာခံမိန့်ခွန်းမှ)


“အမတော်ကြေးဆိုတာ”


အမတော်ကြေးဆိုတာ အစိုးရကထုတ်ပေးတာ မဟုတ်ဘူး။ တိုင်းပြည်အခွန်တော်ကထုတ်ပေးတာ။ အမတော်ကြေး ပြန်မပေးနိုင်လျှင် အမတော်ကြေး နည်းလျှင်နည်းသလောက် ငွေထုတ်မပေးနိုင်မှာဘဲ။ အမတော်ကြေးဟာ ဘယ်သူ့ငွေလဲ။ တိုင်းပြည်ငွေ။


    (၁၉၄၇ ခုနှစ်၊ မေ ၁၈ ရက်၊ နှစ်သစ်ကူး
      မိန့်ခွန်းမှ)


“လွတ်လပ်သည့်လူမျိုးမှတ်ကျောက်”


အခွန်ဘဏ္ဍာကိုကြည့်ကာ ပျူငှာစွာပေးဆောင် ခြင်းသည်ပင်   လွတ်လပ်သောလူမျိုးအဖြစ်ကို ထင်ရှားစေသည့် မှတ်ကျောက်ဖြစ်တယ်။


“အခွန်မပေးဘဲနေရင်”


အခွန်ဘဏ္ဍာကို တိုင်းသူပြည်သားတို့မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးကိုအစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲဖျက်ဆီးခြင်းပဲ။ မိမိတိုင်းပြည်၏  အခွန်ဘဏ္ဍာငွေကို အားမကိုးဘဲ နိုင်ငံခြားသားတို့၏ထောက်ပံ့ချေးငှားမှုကို အားကိုး အားထားပြုနေသမျှ ကာလပတ်လုံး မည်သည့်နိုင်ငံမျှ တကယ့်လွတ်လပ်ရေးကိုမရနိုင်ဘူး။

 


“တိုင်းပြည်ရန်သူ”


အခွန်တော်မဆောင်စေရအောင် ဆင်ခြေဆင် လက်အမျိုးမျိုးနဲ့သော်လည်းကောင်း၊ ခြိမ်းခြောက်ခြင်းနဲ့သော်လည်းကောင်း သွေးဆောင်နေသူတို့ကို မြန်မာလူမျိုး၏ရန်သူဟု မှတ်တမ်းတင်ရမယ်။


(၁၉၄၇ ခုနှစ်၊ မတ်လ ၂၁ ရက် 
အသံလွှင့်မိန့်ခွန်းမှ)


“မမိုက်ကြနဲ့”


လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်တဲ့ မြန်မာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် လွတ်လပ်တဲ့ မြန်မာပြည်ဟာ လွတ်လပ် ရေးအရသာကို   ကျပ်ပြည့်တင်းပြည့်   ခံစားရမှာ မဟုတ်ဘူး။


(၁၉၄၇ ခုနှစ်၊ မတ်လ၊ အသံလွှင့်မိန့်ခွန်းမှ)

 


“တော်လှန်ရေးတဲ့လား”


ကိုယ့်အချင်းချင်း   သတ်ဖြတ်လုယက်။ သူပုန် ထ၊ မီးနဲ့ရှို့၊ ဒီလိုလုပ်နေတာဟာ ဘာတော်လှန်ရေး လဲ။ ဒါတော်လှန်ရေးတဲ့လား။ နယ်ချဲ့သမားအကြိုက် လုပ်နေတာပဲ။

 


“စစ်တပ်နဲ့နှိမ်တန်နှိမ်မည်”


ကွန်မြူနစ်တွေက သူပုန်ထ၊ ဓားပြတိုက်လုပ် နေကြတယ်။ ဒီလိုထကြွမှုကိုငြိမ်အောင် စစ်တပ်နှင့် နှိမ်တန်လျှင်နှိမ်မည်။


    (၁၉၄၇ ခုနှစ်၊ဧပြီ ၉ ရက်၊ ပျဉ်းမနားမြို့
    ဗုဒ္ဓကျောင်းဝိုင်းအတွင်း လူထုတရားပွဲ
            ဟောပြောချက်မှ)

 


“လွတ်လွတ်လပ်လပ်အဖြစ်ပဲ လိုချင်တယ်”


လူထုဟာ နေ့အတိုက်ခံရမလား၊ ညအတိုက်ခံ ရမလားဆိုပြီး     မသေချာမရေရာတဲ့   အဖြစ်ကို မလိုချင်ဘူး။   လွတ်လွတ်လပ်လပ်သွားလာနေထိုင် ရတဲ့ အဖြစ်ကိုသာ လိုချင်ကြတယ်။    


(၁၉၄၇ ခုနှစ်၊ ဧပြီ ၅ ရက်နေ့ ည
     အသံလွှင့်မိန့်ခွန်းမှ)

 


“ဟိုဟာမြှောက်ပေး ဒီဟာမြှောက်ပေး”


မသိနားမလည်တဲ့နောက်လိုက်တွေကို ဟိုဟာ မြှောက်ပေး၊  ဒီဟာမြှောက်ပေးလုပ်မယ်။ ကိုယ် ကိုယ်တိုင်ကတော့ အနစ်နာခံကြမှာမဟုတ်ဘူး။ အဲဒီလိုဖြစ်ရက်နဲ့ ဒီကွန်မြူနစ်တွေ ခွတုတ်နေတာ ကို ခံကြမယ်ဆိုရင်လည်း ဒါဆိုရင်သဘောပဲ။


    (၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်
    အသံလွှင့်မိန့်ခွန်းမှ)

 


“လက်ကိုင်တုတ်မလုပ်ကြနဲ့”


ကွန်မြူနစ်ပါတီ  ကောင်းစားရေးအတွက် လက်ကိုင်တုတ်လုပ်ခြင်းကို  တို့မထောက်ခံနိုင်။ ငါတို့သည် လူထုတိုက်ပွဲ၌ ပါဝင်ခဲ့တယ်။ ရှေ့တွင် လည်း ဆက်လက်ပါဝင်ရန်ဖြစ်တယ်။ ပါတီတစ်ခု နာမည်ရဖို့ ငါတို့အားမပေး။

 


“နှောင့်ယှက်တာကို မခံဘူး”


သူတို့နှောင့်ယှက်မှုကြောင့်  လွတ်လပ်ရေး နှောင့်နှေးပြီးလာတယ်။ သူတို့က ပါတီရေးပထမ၊ လွတ်လပ်ရေးဒုတိယလုပ်နေတယ်။ တို့က ဒါကို ကြည့်မနေနိုင်ဘူး။   တိုင်းပြည်လွတ်လပ်ရေး အရင်လုပ်ရမယ်။


    (၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်
    ပြည်သူ့ရဲဘော်များအား
ပြောကြားသည့်မိန့်ခွန်းမှ)

 


ဖော်ပြပါ ဗိုလ်ချုပ်၏  မိန့်ခွန်းများ ဆိုပါလျှင် ယခုခေတ်မျိုးဆက်သစ်များမဆိုထားဘိ မိမိတို့ ခေတ်ပြိုင်  မျိုးဆက်အများစုပင်လျှင်   တော်ရုံ တန်ရုံကြားဖူး၊ ဖတ်ဖူးကြလိမ့်မည် မဟုတ်ချေ။

 


ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းဖြစ်သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်  ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့သော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေး ရှင်းလင်းပွဲမိန့်ခွန်းကမူ မြန်မာပြည်သူတိုင်းခေတ် အဆက်ဆက် နားထဲစွဲမြဲနေသည့်အပြောင်မြောက် ဆုံး သမိုင်းဝင်မိန့်ခွန်းတစ်ခုဖြစ်ခဲ့လေသည်။  

 


“လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ရှင်းပြခဲ့ချင် တယ်။ ခင်ဗျားတို့စိတ်ထဲမှာ လွတ်လပ်ရေးရတော့ မယ်ဆိုရင် စိတ်ကူးက ဘယ့်နှယ်စိတ်ကူးကြသလဲ။ ပဒေသာပင်   နေ့ချင်းညချင်းပေါက်တော့မလို ခင်ဗျားတို့က ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန်ခေတ်တုန်းက      လွတ်လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြသလဲဆိုရင်   ဟင်္သာတနယ်ဘက်မှာ တွေ့ခဲ့တယ်။ လွတ်လပ်ရေးရတယ်ဆိုပြီး လူတကာ တွေသွားတဲ့လမ်းပေါ်မှာ   ဆေးလှန်းတယ်။ အဲဒါ လွတ်လပ်ရေးမဟုတ်ဘူး။ အဲဒီဟာက လမ်းသွား လမ်းလာလုပ်တဲ့လူတွေကို နှောင့်ယှက်ရာရောက် တယ်။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ကိုယ်တစ် ယောက်ကောင်းစားဖို့ဖြစ်စေ၊     လူတစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ တခြားသူတွေရဲ့အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်ကျိုး အတွက်လုပ်နိုင်တာ လွတ်လပ်ရေးပဲ။ ကိုယ့်စီးပွား ရေးလုပ်တဲ့နေရာမှာ အခြားလူတွေရဲ့ အနှောင့် အယှက်မရှိစေရဘူး။    

 


တခြားလူတွေရဲ့အကျိုးကိုလည်း မထိခိုက်ဘူး။ တိုင်းပြည်ကိုလည်း မထိခိုက်ဘူးဆိုရင် လွတ်လွတ် လပ်လပ်လုပ်နိုင်တဲ့   အခြေအနေမျိုးရှိရမယ်။ အဲဒီ တော့  တခြားလူတွေကို နှောင့်ယှက်တဲ့ လွတ်လပ် ရေးဟာ   လွတ်လပ်ရေးမဟုတ်ဘူး။   အဲဒါကို ရမ်းကားမှုလို့ခေါ်တယ်။ အဲဒီတော့ လွတ်လပ်ရေး ဆိုတာ        စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့သဘောဖြစ်တယ်။ လွတ်လပ်ရေးရ တဲ့အခါ တိုင်းပြည်မှာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်။   စည်းနဲ့ကမ်းနဲ့လုပ်ကြမှ    လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။

 


တိုင်းပြည်ထူထောင်ဖို့ဆိုတာ လွတ်လပ်တဲ့ တိုင်းပြည်ဖြစ်ငြားသော်လည်း အလုပ်လုပ်ရတယ် ဆိုတာ ခင်ဗျားတို့သိစေချင်တယ်။     အဲဒီတော့ ပဒေသာပင်  မြေကပေါက်မလာနိုင်ဘူး။ ကျွန်တော် တို့အလုပ်လုပ်မှ  ပေါက်မယ်ဆိုတာ  ခင်ဗျားတို့ နားလည်စေချင်တယ်။ လွတ်လပ်ရေးရပင်ရငြား သော်လည်း   တိုင်းသူပြည်သား   လူအများအပေါ် ကျရောက်လာမယ့် တာဝန်တွေကို ကျွန်တော်တို့မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့ လွတ်လပ် ရေးဟာ ဒီနေ့ရပြီး နက်ဖြန်ခါ တခြားလက် ပြန်ပါ သွားမယ်ဆိုတာ ခင်ဗျားတို့သိစေချင်တယ်။ အဲဒီလို လွတ်လပ်ရေးရတဲ့အခါမှာ   စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ်နှစ်ဆယ်လောက်ကြာမယ်။

 


မြန်မာတွေရဲ့စိတ်ဓာတ်ထက်မြက်တယ်ဆိုတာ တလွဲမှာ ဆံပင်ကောင်းနေတာပဲ။ တကယ့်နေရာ ကျတော့  အသုံးမကျဘူး။ မြန်မာပြည်လွတ်လပ်ရေးလုပ်တဲ့နေရာမှာ  အသုံးမကျဘူး။  မြန်မာ၊ မြန်မာချင်းချဖို့ လုပ်ချင်တယ်။ ပြန်လည်ထူထောင် ရေးလုပ်တဲ့နေရာမှာ အသုံးမချချင်ဘူး။ ဒါတွေလုပ် ချင်လျှင် ဘယ်တော့မှအကျိုးခံစားခွင့်ရှိမှာမဟုတ် ဘူး။ ဒီတိုင်းပြည်  ပြန်လည်မထူထောင်နိုင်ဘူး။ နာလန်မထူနိုင်ဘူး။
တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက် ပြီး    ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေမှာ အင်မတန်ပဲဆိုးနေတယ်။ ကျွန်တော်တို့ တိုင်းပြည် ဟာ ဒီကမ္ဘာစစ်ကြီးပြီးတဲ့ နောက်ကမ္ဘာ ပေါ်မှာရှိတဲ့  နိုင်ငံတွေထဲမှာ ကျွန်တော်တို့ တိုင်းပြည်လို “မိအေး နှစ်ခါနာ” ရှိတဲ့ တိုင်းပြည်မျိုး မရှိသေးဘူး။ ဂျပန်ဝင် လာတော့လည်း စစ်မြေပြင် ဖြစ်တယ်။ အင်္ဂလိပ်  ပြန်ဝင်လာတော့လည်း   စစ်မြေပြင်ဖြစ်တယ်။ အဲဒီလို မိအေးနှစ်ခါနာဖြစ်တဲ့  မြန်မာပြည်ဟာ အင်မတန်ပဲ စီးပွားရေးမှာပျက်စီးတယ်။

 


ကျွန်တော်တို့တိုင်းပြည်မှာ     ကျပ်တယ် ကျပ်တယ်နဲ့ ပြောနေကြတယ်။ လူတွေက ဗုံးပေါ လအော သုံးစွဲနေကြတုန်းပဲ။ ကျွန်တော်တို့မြန်မာ တွေမှာ ဆီမရှိလို့ မစားနိုင်ဘူးလို့ ပြောကြတယ်။ ဆီမရှိလို့ မစားနိုင်တာ မှန်ပါတယ်။ သို့သော်လည်းပဲ ဒီဆီကို ဘာအတွက်သုံးနေကြသလဲ။ ဗုံးပေါလအော သုံးသလား မသုံးဘူးလားဆိုတာ ဈေးတွေသွား ကြည့်ပါ။ အိမ်တွေသွားကြည့်ပါ  သိနိုင်ပါတယ်။ တခြားနိုင်ငံကိုသွားကြည့်ရင်    ဆီကိုဒီလိုဗုံးပေါ လအောသုံးသလား   မသုံးဘူးလားဆိုတာ  သွား ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ စိတ်ထဲမှာ တော့ ဘာမှအရေးမကြီးဘူးလို့ထင်တယ်။ ခင်ဗျား တို့ ဆီတွေ ဗုံးပေါလအော သုံးသည့်အတွက်ကြောင့် ကုလားပြည်က နှစ်စဉ်ဆီတွေအမြောက်အမြား သွင်းနေရတယ်။ အဲဒါဈေးကြီးတဲ့ အကြောင်းတစ်ရပ်ပဲ။

 


ပြီးတော့ ငရုတ်၊ ကြက်သွန်ကိုကြည့်ပါ။ မြန်မာ ပြည်မှာ ကိုယ့်ဘာသာကိုယ်စိုက်လို့ မရဘူးလား။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်မှာစိုက်ထားတယ်။ အိမ်ရာကွက်လပ်ရှိတဲ့နေရာမှာ     ရှိတဲ့လူတွေက စိုက်ကြပါလား။ ဒီလိုတော့မစိုက်ကြဘူး။ ဈေးမှာ ဝယ်စားတော့ အဲဒီငရုတ်၊ ကြက်သွန်တွေ ဘယ်က လာသလဲ။ အိန္ဒိယပြည်က လာတယ်။ အိန္ဒိယပြည် ကလာတော့  အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးနေရတယ်။   ဒီတိုင်းပြည်မှာရနိုင်တဲ့    ပစ္စည်းကို တခြားနိုင်ငံက ဝယ်ရတဲ့အတွက် ဈေးတွေကြီးတယ် ဆိုတာဟာ အခုလို အကြောင်းမျိုးတွေကြောင့်ပဲ။

 


အဲဒီလိုပဲ ဆန်စားတဲ့နေရာမှာ ဆရာဝန်တွေနဲ့ အာဟာရဓာတ်ကိုနားလည်တဲ့လူတွေက  လိုက် ကြည့်မယ်ဆိုရင်   ကျွန်တော်တို့    တိုင်းပြည်မှာ အာဟာရဓာတ်တွေဟာ   တခြားနိုင်ငံတွေထက် ပိုများတယ်။    ကျွန်တော်တို့ပြည်မှာ   ဆန်က လုံလောက်တယ်။  ပိုနေတယ်။       နိုင်ငံခြားကို တင်ရောင်းရတယ်။ နိုင်ငံခြားတင်ရောင်းရပေမယ့် စစ်မဖြစ်ခင်ကလောက် ပိုပိုလျှံလျှံမရှိဘူး။ အဲဒီမှာ ကျွန်တော်တို့လူမျိုးတွေစားတာက    ရှေးကထက် လျှော့မစားဘူး။  အရင်ကလိုပဲ   ဗုံးပေါလအော  စားတုန်းပဲ။ ကျွန်တော်တို့တိုင်းပြည်က ဝင်ကုန်၊ ထွက် ကုန်မှာ ထွက်ကုန်က အရင်စစ်မဖြစ်ခင်က ဝင်ကုန်ထက်များတယ်။  အဲဒီအထဲမှာ  ဆန်ကုန်ကူး တဲ့အတွက် အများဆုံးအမြတ်ရတယ်။ ဆန်ကိုသာ လျှင် အများဆုံးအားထားရတယ်။ မြန်မာတွေရဲ့ အသက် သခင်ဖြစ်တဲ့ကိစ္စမှာ   စစ်ဖြစ်ပြီးပျက်စီးနေ တဲ့ အတွက်ကတစ်ကြောင်း၊ နွားတွေလုယူသွားတာ က တစ်ကြောင်း၊ သူခိုးဓားပြ သောင်းကျန်းမှုကြောင့် တစ်ကြောင်း၊ လယ်ယာတွေကို  ရှေးကလောက် မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်ရတဲ့အထဲမှာ ခင်ဗျားတို့ က ဗုံးပေါလအော စားတုန်းပဲ။  ဆန်လုတဲ့လူကလည်း လုတုန်းပဲ။   အဲဒီလိုဖြစ်နေတာကို  ခင်ဗျားတို့က ကျပ်တယ်ကျပ်တယ်နဲ့ ဘာအံ့ဩစရာရှိသလဲ။ ကျပ်မှာပဲလို့ပြောချင်တယ်။

 


တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်နေတဲ့ ကိစ္စတွေ၊ ဆူဆူပူပူဖြစ်နေတဲ့ကိစ္စတွေ တိုင်းပြည်အတွက် အကျိုးရှိသလား မရှိဘူးလားဆိုတာ ခင်ဗျားတို့ ပြန်စဉ်းစားကြည့်ပါ။ ခင်ဗျားတို့ အကျိုးကိုထိသလား၊ မထိဘူးလားဆိုတာ ခင်ဗျားတို့က ဘယ်လမ်းက မှန်တယ်ဆိုတာ   ခင်ဗျားတို့စဉ်းစားကြည့်။   ဆူပူ သောင်းကျန်းမှုတွေကို  ဗမာပြည်ချစ်တဲ့သူတွေ မှန်သမျှ  ဝိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။   ဘယ်သူ့ ကိုမှ အားပေးဖို့မလိုဘူး။

 


ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် ရနိုင် တဲ့ စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်း ထားပါ။ လွတ်လပ်ရေးကိုလိုချင်ရင် ရနိုင်လောက် တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက်လည်းပဲ ရှေ့ကို လွတ်လပ်ရေးအရသာကိုခံစားချင်တယ်ဆိုရင် အလုပ်လုပ်ဖို့ စည်းကမ်းရှိကြဖို့  အခုကတည်းက  ခင်ဗျားတို့ရဲ့အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေပြင်ဖို့ လိုပြီလို့ ကျွန်တော်ပြောခဲ့မယ်။”

 


ဗိုလ်ချုပ်၏  ဆိုခဲ့ပါနောက်ဆုံးမှာတမ်းသည် မြန်မာအများစု၏   အရိုးစွဲနေသော    ဓလေ့ဆိုး၊ အကျင့်ဆိုးများကိုမထောက်မညှာတမ်း ဘွင်းဘွင်း ရှင်းရှင်း ထောက်ပြဝေဖန် ပြောဆိုခဲ့သော နာမည် ကျော် မိန့်ခွန်းတစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက် လူကြိုက်များ ရေပန်းစားခဲ့သည်။ အာဇာနည်နေ့ နီးကပ်လာပြီဆိုလျှင်ဖြင့် တစ်နှစ်တစ်ခါ ပြန်လည် ကြားလာရစမြဲ။ ဆိုက်ကားဆရာကအစ ခရီးသည် စောင့်ရင်း အသံအကျယ်ကြီး ဖွင့်တတ်သည်။

 


သို့တစေ အာဇာနည်နေ့လွန်လေသော် မြန်မာ ပြည်သူအများစုသည် အလင်္ကာကျော်စွာ ဆရာကြီး ဦးဘဂျမ်း၏ ကာတွန်းထဲကသို့နှယ် “အားလုံး ... သတိ ... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ... တိုင်းပြည်အတွက် အသက်စွန့်၍သွားကြသော ... ခေါင်းဆောင်ကြီးများအား ... တစ်နှစ်တစ်ကြိမ်... သတိရသောအားဖြင့် ...အလေး ... ပြု”


“နေမြဲ၊ နေမြဲဆိုတာက ... နေမြဲ ... စားမြဲ ... ခိုးမြဲ ...ရမ်းမြဲ ...ဆော်မြဲ...ညာမြဲ ... မိုက်မြဲ ... လူပါး ဝမြဲ... ဖင်ခေါင်းကျယ်မြဲ ... ညစ်ပတ်မြဲ... ပြန်ပြီး ... ညစ်ပတ်ကြပေတော့”  ဟူသည့်အတိုင်း အားလုံး နေမြဲ။    ။