
နေပြည်တော် အောက်တိုဘာ ၂၇
ဗိုလ်တထောင်မြို့နယ်၊ (၉) ရပ်ကွက်၊ (၄၈) လမ်း အလယ်ဘလောက်ရှိ ကမ္ဘောဇ ဘဏ်ခွဲ၌ အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းက FF/6532 Fielder (အဖြူရောင်) ယာဉ်ဖြင့် Mask တပ်ဆင်ထားသည့် အမျိုးသား လေးဦးက ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်အတွင်းတွင် အသင့်စောင့်နေသော ကျား ၁ ဦးနှင့် ပေါင်း၍ ငွေကျပ်သိန်း ၃၀၀၀ ကျော်ခန့်နှင့် ဖုန်း ငါးလုံးအား ယူဆောင်ပြီး ပြန်လည် ထွက်ခွာသွားသည့် ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဓားပြတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့် တွင် ဓားပြတိုက်ရာတွင် အသုံးပြုသည့် FF/6532 Fielder (အဖြူရောင်) ယာဉ်မောင်း ဖြစ်သူ ဝင်းမော်ဦး (၄၃) နှစ်အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆-လမ်းထိပ်၌ ကားငှားရမ်းခ ရရှိငွေကျပ် ၂ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အောက်တိုဘာ ၂၃ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ (၉)ရပ်ကွက်၊ အိမ်ကြီးလမ်း နေအိမ်၌ ရဲနိုင်ဦး (၂၉) နှစ်အား နေအိမ်ဧည့်ခန်း မျက်နှာကြက်အပေါ်တွင်
သိမ်းဆည်းထားသော ငွေကျပ် ၁,၆၀၃ သိန်း နှင့်လည်းကောင်း၊ လမ်းမတော်မြို့နယ်၊ (၄) ရပ်ကွက်ရှိ Amico Del Myanmar Hotel ၌ ဟန်ဝင်းထွဋ် (၂၁) နှစ်အား ငွေကျပ် ၃၂၅,၀၀၀ နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
တရားခံ ဟန်ဝင်းထွဋ်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ တာဝတိံသာလမ်းရှိ Ocean Super Market ဓာတ်လှေကားအပေါ် အဖုံးအတွင်း၌ ငွေကျပ်သိန်း ၄၀၀ ခန့်ကို လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ (၆) လမ်း၌ ဒိုပေါက် (ခ) အောင်ဟိန်း (၂၅)နှစ် ကိုလည်းကောင်း၊ ပုဇွန်တောင်မြို့ နယ်၊ (၂) ရပ်ကွက်၊ (၅၇) လမ်းရှိ တရားခံ ဟန်ဝင်းထွဋ်၏ နေအိမ်မှ CZ 75 ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် သုံးတောင့်နှင့် လက်လုပ်မိုင်း တစ်လုံးကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့ နယ်၊ ပုလဲမြို့သစ်ရှိ “လှိုင်ထိပ်တင်” လက်ဖက်ရည်ဆိုင်၌ သန်းနိုင် (၄၃) နှစ်အား ငွေကျပ် ၈၈၀,၀၀၀ နှင့်လည်းကောင်း၊ ညောင်တုန်း မြို့နယ်၊ ကျုံတမာအုပ်စု၊ ဖောင်ရိုးချောင်းကျေးရွာရှိ “ကေခိုင်ဦး” တည်းခိုခန်း၌ အောင်ကိုလတ် (ခ) အရှည်ကြီး (၂၆) နှစ်နှင့် ကျော်ကျော် နိုင် (ခ) ဆံရှည် (၂၆) နှစ်တို့ နှစ်ဦးအား ငွေကျပ် ၁,၉၉၅,၀၀၀ နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
တရားခံ ရဲနိုင်ဦး၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ (၉) ရပ်ကွက်၊ အိမ်ကြီးလမ်းနေအိမ်၌ ၎င်း၏ မိခင်ဖြစ်သူ တင်တင်မူ (ခ) အေးအေးမူ ကို ဖမ်းဆီးရမိခဲ့သည်။
တရားခံ တင်တင်မူ (ခ) အေးအေးမူ၏ ထွက်ဆိုချက်အရ ဗဟန်း မြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ Delta Plaza၊ အမှတ် (၀၀၄) နေအိမ်၌ ငွေကျပ်သိန်း ၄၄၀ နှင့် ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း၊ အမှတ် (၁၁၈/ဒီ) ရှိ “မြောင်းမြဒေါ်ချို” မုန့်ဟင်းခါးဆိုင်၌ ငွေကျပ်သိန်း ၁၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
တရားခံ ဒိုပေါက် (ခ)အောင်ဟိန်း ၏ ထွက်ဆိုချက်အရ အောက်တို ဘာလ ၂၅ ရက်တွင် ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ ဝဏ္ဏအောင် (၁၈) နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ဝဏ္ဏအောင်၏ ထွက်ဆိုချက် အရ ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ်၊ ယမုံနာ (၁)ရပ်ကွက်၊ အောင်မေတ္တာ ကမ်းနားလမ်း၊ အိမ်အမှတ် (၃၃၆) မှ လက်လုပ်ဗုံး နှစ်လုံး သိမ်းဆည်း ရမိခဲ့သည်။
ထို့ပြင် တရားခံ အောင်ကိုလတ် (ခ) အရှည်ကြီး နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်၊ ပန်းခြံ(၄)၊ ရတနာသိင်္ဂါပတ်လမ်း၊ အမှတ်(၁၇၅/ခ) ၌ ငွေကျပ် ၇၅ သိန်းနှင့် ကျော်ကျော်နိုင် နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ် (၂၇၂/ခ) ၌ ငွေကျပ် ၃၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သည်။
တရားခံ ကျော်ကျော်နိုင်(ခ) ဆံရှည်၏ ထွက်ဆိုချက်အရ အောက်တို ဘာ ၂၆ ရက်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀) ရပ်ကွက်၊ မကွေး ၆ လမ်း၊ အိမ်အမှတ် ၈၂ ၌ အာကာမင်း (၂၃) နှစ်ကို ငွေကျပ် ၁၁ သိန်းဖြင့် ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဟန်ဝင်းထွဋ်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၇ ရက်တွင် လသာမြို့နယ်၊ ၂၃ လမ်း၌ နေဆန်း (ခ) နေသူရိန်ထက် (၃၂) နှစ်ကို ငွေကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း၊ ကိုဖြိုး (ခ)အေးချမ်း ဖြိုး (၁၉) နှစ် အား ကော့မှူးမြို့နယ် “တို့လယ်တော” စားသောက်ဆိုင်၌ ငွေကျပ် ၁၆ သိန်းဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
လုပ်ကြံသတ်ဖြတ်ရန် ငှားရမ်း
လက်နက်/ခဲယမ်းရရှိမှုအနေဖြင့် တရားခံ ဟန်ဝင်းထွဋ် သည် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးသူ ဖမ်းဆီးရန်ကျန် ရေခဲ(STF အဖွဲ့ဝင်) အား ချိတ်ဆက်၍ အောက်တိုဘာလ ၉ ရက်တွင် CZ-75 ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၂၅ တောင့်တို့ကို ရွှေပြည်သာ မြို့နယ်ရှိ အပြစ်မဲ့ပြည်သူ တစ်ဦးအား လုပ်ကြံသတ်ဖြတ်ရန် ငှားရမ်း ခဲ့ကြောင်း သိရှိရသည်။
ယင်းသေနတ်အား တရားခံ ဒိုပေါက် (ခ) အောင်ဟိန်းက သင်္ဃန်း ကျွန်းမြို့နယ်၊ သုဝဏ္ဏလမ်း၊ ကားဂိတ်မှတ်တိုင်၌ သွားရောက်ယူဆောင်၍ ၎င်း၏ နေအိမ်၌ သိမ်းဆည်းထားပြီး ဘဏ်ဓားပြတိုက်မည့်နေ့တွင် ကျော်ကျော်နိုင်(ခ)ဆံရှည် အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဘဏ်ဓားပြတိုက်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အောက်တိုဘာ ၂၀ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၆ လမ်း၊ ၇ ထပ်တိုက်၊ ဒုတိယထပ်၊ ဝဲဘက်အခန်းတွင် လည်းကောင်း၊ အောက်တို ဘာ ၂၁ ရက်တွင် ဒေါပုံမြို့နယ်၊ ဗန္ဓုလလမ်းရှိ ပြင်ဆင်ဆဲ Ocean ကုန်တိုက် ၁၂ လွှာတွင် လည်းကောင်း တွေ့ဆုံခဲ့ပြီး သန်းနိုင် က တက္ကစီ ယာဉ်မောင်းအား ပြန်ပေးဆွဲထားရန်နှင့် ဟန်ဝင်းထွဋ် က ဘဏ်အတွင်း ဦးစွာဝင်ရောက်၍ အခြေအနေကြည့်ရန်၊ ဒိုပေါက် (ခ) အောင်ဟိန်း က ဝင်/ထွက် တံခါးအဖွင့်/အပိတ် ဆောင်ရွက်ရန်၊ ကျော်ကျော်နိုင် (ခ)ဆံရှည် က ဝန်ထမ်းများ၏ ဖုန်းသိမ်းဆည်းရန်၊ အောင်ကိုလတ်(ခ)အရှည်ကြီး က သေနတ်ဖြင့် ခြိမ်းခြောက်ရန်၊ နေဆန်း(ခ)နေသူရိန်ထက် က တက္ကစီယာဉ်အား မောင်းနှင်ပို့ဆောင်ရန်နှင့် ရဲနိုင်ဦး က ၃၈ လမ်း တွင် လာရောက်ကြိုရန်နှင့် လုံခြုံရေးအဖွဲ့ဝင်များအား အာရုံလွှဲရန် ဝဏ္ဏအောင် အား ပုဇွန်တောင်မြို့နယ်ရဲစခန်းနှင့် နီးသော မီးပွိုင့် နှစ်ခုအား ဖောက်ခွဲရန် စေခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများသည် အောက်တိုဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် ပြန်ပေးဆွဲထားသည့် တက္ကစီယာဉ်ဖြင့် Ocean ကုန်တိုက်မှ ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းရှိ ကမ္ဘောဇဘဏ်သို့ ရောက်ရှိခဲ့ပြီး ဟန်ဝင်းထွဋ် မှာ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် အောင်ကိုလတ် (ခ)အရှည်ကြီး ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း။
ငွေများ ရွှေ့ပြောင်းတင်ဆောင်
ထို့နောက် တရားခံ ဒိုပေါက် (ခ) အောင်ဟိန်း၊ ကျော်ကျော်နိုင် (ခ) ဆံရှည်၊ အောင်ကိုလတ်(ခ)အရှည်ကြီး နှင့် ကိုဖြိုး(ခ)အေးချမ်းဖြိုး တို့ လေးဦးသည် ဘဏ်အတွင်းသို့ ဝင်ရောက်၍ ဓားပြတိုက်ကာ ငွေစက္ကူ များ ထည့်ထားသည့် ခရီးဆောင် ကျောပိုးအိတ် သုံးလုံး၊ ဆာလာအိတ် တစ်လုံး တို့ကို ယူဆောင်၍ ဘဏ်မှ ၄၈ လမ်း၊ ကမ်းနားလမ်း အတိုင်း နေဆန်း (ခ) နေသူရိန်ထက် မောင်းနှင်သော FF/6532 Fielder (အဖြူရောင်) ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ၎င်းယာဉ်အား ၃၈ လမ်းတွင် ထားခဲ့ကာ တရားခံများသည် ငွေများအား အသင့်စောင့်ဆိုင်းနေသော ရဲနိုင်ဦး မောင်းနှင်သည့် YGN 1F/4068 Caldina (အဖြူရောင်)ယာဉ်ဖြင့် ရွှေ့ပြောင်းတင်ဆောင်ခဲ့ပြီး Ocean Center သို့ သွားရောက်ခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံများအနေဖြင့် ဓားပြတိုက်ရာတွင် ရရှိသော ငွေများအား Ocean Center ရှိ ဓာတ်လှေကား၏ မျက်နှာကြက်ပေါ်တွင် ငွေကျပ် သိန်း ၄၀၀ ထားရှိပြီး ရဲနိုင်ဦး၏ မိခင် တင်တင်မူ(ခ)အေးအေးမူ ထံတွင် ငွေကျပ် ၂၁၄၃ သိန်းအား အပ်နှံကာ ကျန်ငွေများအား အသီးသီး ခွဲဝေယူခဲ့ကြောင်း ဖော်ထုတ်သိရသည်။
ဖမ်းဆီးရမိတရားခံများအနက် ဟန်ဝင်းထွဋ် နှင့် ဒိုပေါက်(ခ)အောင်ဟိန်း တို့သည် မြဝတီမြို့အနီး KNLA တပ်မဟာ (၇) ၌ အကြမ်း ဖက် ဖောက်ခွဲရေးသင်တန်းအား ဧပြီလတွင် တက်ရောက်ခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံများက ပုဇွန်တောင်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များအတွင်း အကြမ်းဖက်ဆောင်ရွက် မှုအနေဖြင့်-
တရားခံ ဒိုပေါက် (ခ) အောင်ဟိန်း သည် ကျော်ကျော်နိုင် ထံမှ ငွေကျပ် ၁၅၀၀၀ ရယူ၍ ဇူလိုင် ၁၂ ရက်တွင် ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ (၇)ရပ်ကွက်၊ ရစဖရုံးရှေ့တွင် လက်လုပ်ဗုံး တစ်လုံး အား ဖောက်ခွဲခဲ့ကြောင်း။
တရားခံ ဒိုပေါက် (ခ) အောင်ဟိန်း သည် ကျော်ကျော်နိုင် ထံမှ ငွေကျပ် နှစ်သောင်း ရယူ၍ ဩဂုတ် ၁၁ ရက်တွင် ရွှေပြည်သာမြို့နယ် (၈) ရပ်ကွက် ရုပ်ရှင်ရုံအနောက်ဘက်လမ်း အုတ်တံတိုင်းအနီးတွင် လက်လုပ်ဗုံးတစ်လုံးအား ဖောက်ခွဲခဲ့ကြောင်း။
တရားခံ ဒိုပေါက် (ခ) အောင်ဟိန်း သည် ကျော်ကျော်နိုင် ထံမှ ငွေကျပ် ၃၀၀၀၀ ရယူ၍ ဩဂုတ် ၂၅ ရက်တွင် လှိုင်သာယာမြို့နယ် (၁၈)ရပ်ကွက် ရစဖရုံးနှင့် လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင်ရှေ့ ကားလမ်းမပေါ်တွင် လက်လုပ်ဗုံးတစ်လုံးစီအား ဖောက်ခွဲခဲ့ကြောင်း။
တရားခံ အောင်ကိုလတ် သည် ဩဂုတ် ၁၇ ရက်တွင် ရွှေပြည်သာ မြို့နယ် ၃ ထပ် သံလမ်းဘေး သောက်ရေကန်အနီး အမှိုက်ပုံးတွင် လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့ကြောင်း။
တရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက်ရာတွင် ရရှိသော ငွေကြေးများအနက် တစ်ဝက်ခန့်အား အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော NUG နှင့် ချိတ်ဆက်ပြီး လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများ ဝယ်ယူကာ ရန်ကုန်မြို့တွင်းရှိ PDF အဖွဲ့များ အား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ ပေးသွားရန်နှင့် ကျန်တစ်ဝက်အား ကိုယ်ကျိုးအတွက် ခွဲဝေသုံးစွဲရန် ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် တရားခံ အမျိုးသား ၁၁ ဦး၊ အမျိုး သမီး တစ်ဦး၊ ပေါင်း ၁၂ ဦး၊ ဓားပြတိုက်ရာတွင် အသုံးပြုသည့် CZ 75 D အမျိုးအစား ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်သုံးတောင့်၊ လက်လုပ်မိုင်း သုံးလုံး၊ မော်တော်ယာဉ် နှစ်စီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် နှစ်စီးနှင့်အတူ ဓားပြတိုက်ယူဆောင်သွားခဲ့သော ငွေကျပ် ၂၈၁၄ သိန်းကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ယခုကဲ့သို့ ဘဏ်ဓားပြတိုက်မှုအား အချိန်တိုအတွင်း ဖော်ထုတ်နိုင် ခဲ့ခြင်းမှာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူ များ၏ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက် မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရ သည်။
သတင်းစဉ်