ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းသိမ်းကာကွယ်ရေး

 

 

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးသူ ၁၇၉၂၄ ဦးအနက် ရောဂါပိုးရှိကြောင်း တွေ့ရှိ သည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၄၄ ဦးရှိ၏။ ၂၄ နာရီ အတွင်း ကိုဗစ်ရောဂါကြောင့် တိမ်းပါးဆုံးရှုံးရသူ ၂၂ ဦးရှိ၏။ ကိုဗစ်စတင်ဝင်ရောက်ချိန်ကစ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း မှာ ရှစ်သောင်းရှစ်ထောင်နီးပါး ရှိသည်။ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူ ခြောက်သောင်းခုနစ်ထောင်ကျော် ရှိနေ သည်။ စစ်ဆေးသူဦးရေနှင့် ရောဂါပိုးတွေ့ရှိသည်ဟု ဓာတ်ခွဲ အတည်ပြုထားသူဦးရေအချိုးမှာ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၅ ရာခိုင်နှုန်းနီးပါးဖြစ်၏။ ထိုအချိုး ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက် သို့ရောက်အောင် အားလုံးသော ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထွေထွေအနေ အထားကို ဆန်းစစ်ပြီး ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်ရန်နှင့် လုံး၀ကင်းရှင်းရန်ကို အစွမ်းကုန်ကြိုးပမ်းနေကြခြင်းဖြစ်၏။
ကမ္ဘာတစ်ဝန်းရှိ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားနေသည့် အရှိန်နှုန်းက ဒုတိယလှိုင်း၊ တတိယလှိုင်းအဖြစ် တိုးမြင့်နေဆဲဖြစ် လေရာ မြန်မာပြည်သူတို့အနေဖြင့် မည်သို့မှ ပေါ့ပေါ့ဆဆနေရန် မသင့်ပါ။ ကမ္ဘာတစ်ခုလုံးအနေဖြင့် ၆၂ သန်းနီးပါးသောသူတို့တွင် ရောဂါပိုးကူးစက်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် ကိုဗစ် ကြောင့် သေဆုံးမှု ဦးရေသည် လူတစ်သန်းခွဲနီးပါး ဖြစ်နေပြီ။

ဤတွင် ရောဂါပိုး ကူးစက်ပြန့်ပွားနိုင်မှုသည် နေရာတိုင်းတွင် ဖြစ်နိုင်နေသည်ကို အချိန်ကြာလာသည်နှင့်အမျှ ပိုမိုသေချာလာနေ ကြောင်းကို အတွေ့အကြုံတို့က ဖော်ပြနေပေသည်။
အဓိကကျသည့်အချက်မှာ အပေါ်ယံကြည့်ကာမျှနှင့် မည်သူ့ ထံတွင် ရောဂါပိုးရှိနေသည်ကို မည်သို့မှ မသိနိုင်ပါ။ နှာခေါင်းတွင်း နှင့် အာခေါင်တို့ဖတ်ယူကာ ဓာတ်ခွဲစမ်းသပ်မကြည့်ဘဲ တစ်ဦး တစ်ယောက်၏ ကိုယ်တွင်း၌ ရောဂါပိုးရှိမရှိကို မပြောနိုင်ပါ။ မည်မျှပင် သေချာသည်ဟု ဆိုနေစေကာမူ ရောဂါပိုးရှိနေသူ၊ ထိုသူမှတစ်ဆင့် ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သည့်အတွက် မည်သူ နှင့်မဆို အတတ်နိုင်ဆုံး ခြောက်ပေခွာ ပြောဆိုဆက်ဆံခြင်းက လိုအပ်ချက် ဖြစ်ပါသည်။
ကာကွယ်ဆေးတို့ စတင်ပေါ်ပေါက်နေပြီဖြစ်ပြီး အဆုံးသတ် အတည်ပြုကာ မကြာခင်တွင် နိုင်ငံအနှံ့သို့ ဖြန့်ဝေထိုးနှံရန် အစီအစဉ်များ ရေးဆွဲနေသည်ကိုလည်း သိနေရပါသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံနိုင်ပြီဆိုသည်နှင့် ကမ္ဘာတစ်လွှား ပျံ့နှံ့နေခြင်း ကို များစွာထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

ကာကွယ်ဆေးထိုးနှံခြင်း၊ တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု နည်းလမ်းများကို လိုက်နာနေထိုင်ခြင်း၊ ကိုယ်ခံအားကောင်းရန် ဂရုစိုက်ခြင်းတို့ဖြင့် ကိုဗစ်ရောဂါပိုးကို အနိုင်ရမည်ဟုလည်း ယုံကြည်မျှော်လင့်နေကြပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်ကို လည်း စနစ်တကျ စီမံနေပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီအမံ အကူအညီဖြင့် ဆေးကို အချိုးကျရရှိနိုင်ရေးကို ညှိနှိုင်း ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဘတ်ဂျက်နှင့် ရန်ပုံငွေတို့ကို စတင်စီမံပြင်ဆင်နေပြီလည်း ဖြစ်ပါသည်။ သေချာလုံလောက်သော အကာအကွယ်ဖြစ်ရေး အတွက် ကြိုးပမ်းပြင်ဆင်နေသည်မှန်သော်လည်း အားလုံး အဆင်သင့်မဖြစ်သေးသည့်အခြေအနေတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ စည်းမျဉ်း စည်းကမ်းနှင့်ဥပဒေများကို လိုက်နာရင်း၊ အိမ်တွင်းနေ၊ လက်ဆေး၊ နှာခေါင်းစည်းတပ်ဆိုသည့် အခြေခံကာကွယ်ရေးနည်းလမ်းများ ကို မဖြစ်မနေ ကျင့်ဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း ။ ။