
ဗန်ကောက်မြို့၊ တိုကျိုမြို့နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး သုံးရုံးတို့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေး
================================================================
နေပြည်တော် အောက်တိုဘာ ၁၄
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးကြရာ ဗန်ကောက်မြို့ မြန်မာ သံရုံး၌ မဲဆန္ဒရှင် ၅၂၄ ဦး၊ တိုကျိုမြို့ မြန်မာသံရုံး ၌ မဲဆန္ဒရှင် ၅၇ ဦးနှင့် စင်ကာပူမြို့ မြန်မာသံရုံး ၌ မဲဆန္ဒရှင် ၁၂၄၃ ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေး
ယမန်နေ့တွင် ဒေသဆိုင်ရာစံတော်ချိန် နှင့်အညီ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည့် လန်ဒန် မြို့ မြန်မာသံရုံးမှ သတင်းပေးပို့ချက်အရ မဲဆန္ဒရှင် ၈၅ ဦး ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက် ပေးသူများအား သက်ဆိုင်ရာနိုင်ငံများက ချမှတ်ထားသော ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်းတို့ကို စနစ်တကျစီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ် တကျ ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
သို့ပါ၍ ယနေ့ မြန်မာသံရုံး သုံးရုံး၌ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသူ မဲဆန္ဒရှင် စုစုပေါင်း ၁၈၂၄ ဦးနှင့် ယမန်နေ့တွင် ဒေသဆိုင်ရာစံတော်ချိန်နှင့်အညီ ကြိုတင် ဆန္ဒမဲလာရောက်ပေးခဲ့ကြသူ မဲဆန္ဒရှင် ၈၅ ဦး ရှိသဖြင့် မဲဆန္ဒရှင် စုစုပေါင်း ၁၉၀၉ ဦး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်