ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း

Type

ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည်အထိ (တေဇောဓာတ် လောင်ကျွမ်းခြင်း) စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။                                                                                                                                                                                                       (စာတည်း)

 

ဆရာကြည်

======

 

 

အနတ္တလက္ခဏသုတ်ဟောချိန်
အန္တစုံ၊ တန်ခိုးဟုန်နှင့်၊ 
ကိုးဂုဏ်ရောင်ဆိုင်၊ ဘဝဂ်တိုင်အောင်
ပျံ့လှိုင်ကျော်ကြား၊ မြတ်ဘုရား၏  
တရားလေးတန်၊ သစ္စာမှန်ကို 
နာခံပြီးလစ်၊ ဆင်းရဲဖြစ်ဖို့
အသစ်တဏှာ၊ မဖြစ်သာအောင်
ရှစ်ဖြာမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်  
ပြည်တွင်နိဗ္ဗာန်၊ ရောက်အောင်ဆန့်မှ
ဧကန်ဒုက္ခ ၊ ကင်းကြရမည် 
မချငါတို့ကျင့်ဖွယ်ကို။
အနတ္တလက္ခဏသုတ်ကို ဆက်လက်ဟောကြား
ဘုရားရှင်သည် ဤမိဂဒါဝုန်တောတွင် ပထမ ဝါကပ်သည်။ နောက်တစ်နေ့တွင် ဓမ္မစကြာတရား ကို အကျယ်ဆက်ဟောပါသည်။ သက္ကရာဇ် ၁၀၃ ခု၊ ဘီစီ ၅၈၉ ခုနှစ်ဖြစ်ပါသည်။ ဝါဆိုလပြည့်ကျော် ၁  ရက်နေ့မှစ၍   ဟောကြားခဲ့ပါသည်။    ပဉ္စဝဂ္ဂီ လေးဦးဖြစ်သည့် ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ တို့သည်  တစ်ရက်ခြားစီ   အသီးသီးသောတာပန် ဖြစ်သွားကြပါသည်။   ထို့အပြင်   “ဧဟိ   ဘိက္ခု” ရဟန်းများလည်း   ဖြစ်ကြလေသည်။   သက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် ဘုရား ရှင်သည်  အနတ္တလက္ခဏသုတ်ကို    ဆက်လက် ဟောကြားပါသည်။ ပဉ္စဝဂ္ဂီငါးပါးလုံးသည် ရဟန္တာ ဖြစ်ကြလေသည်။ 
ထိုအချိန်တွင် လောက၌ ရဟန္တာငါးဦးရှိသွား ပါသည်။ အနတ္တလက္ခဏသုတ်သည် ပထမဦးဆုံး ရဟန္တာဖြစ်သော တရားတော်မြတ်ဖြစ်ပေသည်။ 


ဘုရားရှင် မောနေယျအကျင့်ကို 
ဟောမြွက်ခြင်း


သုဒ္ဓေါဒနမင်းကြီး၏ဆရာဖြစ်သော ကာဠဒေ ဝိလရသေ့သည်  ဘုရားအလောင်း   မွေးဖွားစဉ်က ဘုရားဖြစ်မည်ဖြစ်၍ သူ၏တူတော်သော “နာဠက” လုလင်အား တောထွက်ရဟန်းပြုရန် တိုက်တွန်းခဲ့ သည်။ ၎င်းကလည်း   ဘုရားအဖြစ်  သွားစောင့်ရန် တောထွက်ရဟန်းပြု၍  နေလေသည်။ ၎င်းသည် အကျင့်မြတ်တို့ကျင့်ပြီး စောင့်နေသည့်ဘုရားဖြစ်၍ ဓမ္မစကြာတရားကို   ဟောကြားရာ၌   နာရသော နတ်တစ်ပါးက    “နဠက”    အား   ဘုရားပွင့်ပြီ ဖြစ်ကြောင်း ပြောကြားလေသည်။ 
“နာဠက”သည် ဘုရားရှိရာ မိဂဒါဝုန်တောသို့ ကြွသွားလေသည်။    ၎င်းသည်     ဘုရားရှင်အား “မောနေယျအကျင့်ကို          ဟောကြားပေးရန် တောင်းပန်လျှောက်ထားလေသည်။ ထိုအခါ ဘုရား ရှင်က “မောနေယျအကျင့်ကိုကျင့်နိုင်သည့်  ပါရမီ ဖြည့်ဖူးသူသာလျှင် ကျင့်နိုင်၏။   ကျင့်ရန်   အလွန် ခက်ခဲကြောင်း၊   ခဲယဉ်းကြောင်း  တရားဖြစ်ကြောင်း ဖြစ်ပေသည်။ “နာဠက” က ကျင့်လိုပါက ဘုရားရှင်မှ ဟောကြား၍   မှတ်လေရန်  တိုက်တွန်းလေသည်။ ဂါထာ   (၂၂)    ဂါထာဖြင့်    မောနေယျကျင့်စဉ်ကို ဟောကြားခဲ့ပါသည်။  ဘုရားရှင်ဟောကြားပြီးသော် “နာဠက”သည်   ၎င်း၏စိတ်သန္တာန်၌    အောက်ပါ အကြောင်းသုံးချက်ကို စဉ်းစားဖြစ်ပေါ်၏။ 


(၁) ဘုရားရှင်အား နောက်တစ်ကြိမ်   ဖူးမြော်ရန် ကောင်းလေစွဟုလည်းကောင်း၊ 
(၂) သူသည်   ဘုရားရှင်၏    တရားတော်ကို နောက်တစ်ကြိမ်နာရပါမူ         ကောင်းလေစွဟု                  လည်းကောင်း၊
(၃) သူသည်   ဘုရားရှင်အား    နောက်တစ်ဖန် မောနေယျအကျင့်ကို   လျှောက်ရမူ   ကောင်းလေစွ ဟူ၍လည်းကောင်း ဤလိုအင်ဆန္ဒမျိုး သူတစ်ကြိမ် တစ်ခါမျှ အလျှင်းမဖြစ်ချေ။ ဤသို့အားဖြင့်  “နာဠက”   သည်  ဘုရားထံမှခွဲခွာပြီး   တောင်ခြေရင်း   တော အတွင်းသို့   ဝင်ရောက်လေသည်။    တောအုပ်၌ တစ်ရက်နေသည်။ နှစ်ရက်မနေပါ။ သစ်တစ်ပင်ရင်း အောက်ရပ်သောအခါ တစ်ရက်သာနေသည်။ နှစ်ရက် မနေပါ။  ရွာတစ်ရွာရောက်လျှင်  တစ်ရက်သာနေ သည်။ နှစ်ရက်မနေဘဲ တစ်ရက်သာ ဆွမ်းခံကြွရောက် သည်။ ဤသို့  တောမှတောသို့၊   တောင်မှ တောင်သို့၊ တစ်ရွာမှ တစ်ရွာသို့     ပြောင်းရွှေ့လှည့်လည်ပြီး မောနေယျအကျင့်ကို ကျင့်သည်။  ထိုသို့ကျင့်ရာတွင်  ခုနစ်လမျှကြာလျှင် ရဟန္တာအဖြစ်သို့ရောက်လေသည်။ 


ထို့နောက်   “နာဠက”    ထေရ်သည်    ရဟန္တာ ဖြစ်ပြန်ပြီး၍   သူသည်  အာယုသင်္ခါရကုန်သည် သိသဖြင့် ၎င်းသည်  ရေချိုးသင်းပိုင်၊  ကိုယ်ရုံ၊  ဒုကုဋ်၊ ခါးပန်းတို့ကို  သေသပ်စွာဝတ်ဆင်ပြီး   ဘုရားရှိရာ မျက်နှာမူ၍ ရာဇဂြိုဟ်ပြည်ရောက်ခဲ့သည်။ ဘုရားရှင် အား ထိခြင်းငါးပါး ထိခြင်းဖြင့်ကန်တော့သည်။ ထိုသို့ ကန်တော့ရပ်နေရာမှ   “ဟိင်္ဂုလက”     ဆေးဒါန်းမြင်း သီလာကို မှီ၍ရပ်လျက်ပင် ပရိနိဗ္ဗာန်စံဝင်လေသည်။ 


ဘုရားရှင်သည်   ထိုအချိန်၌    ရဟန်းအပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည်မှ  ကြွလာပြီး   ထေရ်၏ ဈာပနအား   ကိုယ်တော်တိုင်စီမံကာ    ဓာတ်တော် များကောက်၍     စေတီတည်ထားလေသည်။  ထို့နောက်   ဘုရားရှင်သည်  ရာဇဂြိုဟ်ပြည်သို့  ပြန်ကြွတော်မူလေသည်။ 
ယင်းမောနေယျအကျင့်ကို    ကျင့်သူသည် ဘုရားတစ်ဆူတစ်ခါမှ   တစ်ဦးသာပေါ်ပေါက်ပါ သည်။ ဤသို့ကျင့်သည့်   သုံးမျိုးသုံးစားရှိပါသည်။ အောက်ပါအတိုင်း ဖြစ်ပါသည်။ 


(၁) ဤအကျင့်ကို    အထက်မြက်ဆုံးကျင့်သူ သည် ခုနစ်လဖြင့် အကျင့်ပြီးဆုံးပြီး ပရိနိဗ္ဗာန်ပြုရ လေသည်။ ဤသို့သောပုဂ္ဂိုလ်ကို “ဥက္ကဋ္ဌ်” ပုဂ္ဂိုလ် ခေါ်ပါသည်။
(၂) အလယ်အလတ်ကျင့်သူသည်    ခုနစ်နှစ် ကျင့်ပြီး ပရိနိဗ္ဗာန်စံတော်မူသည်။ ဤပုဂ္ဂိုလ်မျိုးကို “မဇ္ဈုံ” ဟုခေါ်သည်။ 
(၃) လျှော့ပေါ့ကျင့်ကြံသူသည်   ၁၆    နှစ်နှင့် ကျင့်ကြံပြီးဆုံးပြီး        ပရိနိဗ္ဗာန်စံရလေသည်။    ယင်းလိုပုဂ္ဂိုလ်မျိုးကို “မုဒု” ဟုခေါ်ပါသည်။ 
ယသသူဌေးသား ရဟန်းပြုခြင်း


ဘုရားရှင်သည်  ဓမ္မစကြာနှင့်   အနတ္တလက္ခဏ သုတ်တို့    ဟောကြားပြီးနောက်  မိဂဒါဝုန်တော၌ စံနေတော်မူသည်။ ထိုအချိန်၌ သေနနိဂုံးမှ ဘုရား ရှင်အား နို့ဃနာဆွမ်း လှူဒါန်းသော သူဌေးသမီး၏ သားငယ်သည်  ပြာသာဒ်သုံးဆောင်ဘုံအမြင့်တွင် လူသားတို့၏သဘာဝအတိုင်း  ချမ်းသာ၍  ကာမ ဂုဏ်ကို  အခြွေအရံများနှင့်  ပျော်ပါးစံနေတော်မူ သည်။ 


၎င်း “ယသ”လုလင်သည် တစ်နေ့သောအခါ၌ ယင်းကာမဂုဏ်ကို စံစားပျော်ပါးခြင်းဖြင့် အိပ်ပျော် သွားသည်။ ထိုသို့အိပ်ပျော်ပြီး ပစ္ဆိမယံအစ၌ နိုးလာ သောအခါ ဆီမီးရောင်အောက်တွင် အခြွေအရံများ သည် အိပ်ပျော်၍  ဟောက်သူက ဟောက်နေကြပါ သည်။ တချို့က ဖရိုဖရဲဆံပင်များ  လျှောကျနေကြ ပါသည်။ တချို့မှာ  ကိုယ်လုံးတီးကျွတ်၍    အဝတ် စလစ်ဖြင့်နေကြပါသည်။ ယင်းအဖြစ်ကို  “ယသ” လုလင်မြင်လေသော်  ကိလေသာကာမဂုဏ်တရား ကို ရွံရှာမုန်းတီးလေသည်။ “ဥပဒ္ဒုတံ   ဝတဘော ဥပဿဋ္ဌ” ဟူ၍        ဥဒါန်းကျူးရင့်လေသည်။ အဓိပ္ပာယ်မှာ “ဤခန္ဓာကိုယ်ကြီးသည် ကိလေသာ များဖြင့် ဖုံးလွှမ်း၍ ယင်းကိလေသာများ နှိပ်စက် ခြင်းကို  ခံနေရပါတကား”ဟု ဥဒါန်းကျူးရင့်ခြင်း ဖြစ်ပါသည်။   ၎င်းသည်   သံဝေဂရ၍    ခြေနင်းကို စီစဉ်ပြီးစီးပြီးလျှင်  မိဂဒါဝုန်တောသို့    သွားလေ သည်။ ဘုရားရှင်သည် မိုးသောက်ယံ၌   ကျောင်း တော်နှင့် မနီးမဝေးတွင်  လွင်တီးခေါင်၌    စင်္ကြံ လျှောက်တော်မူသည်။ 


ထိုအခါ၌  ဘုရားရှင်သည်  “ယသ”   လုလင် လာနေသည်ကို မြင်လေသော် စင်္ကြံလျှောက်ခြင်းကို ရပ်၍  သင့်တော်ရာနေရာတွင် နေတော်မူလေသည်။ “ယသ” လုလင်သည် သူရွတ်ဆိုနေသောဥဒါန်းဖြင့် ဘုရားရှင်နားသို့ ရောက်လေသည်။ ဘုရားရှင်သည် သူ့၌ရှိသော  အမြိုက်နိဗ္ဗာန်သည်    ကိလေသာတို့ မနှိပ်စက်၊  မညှဉ်းဆဲနိုင်ကြောင်းပြော၏။ “ယသ” လုလင်အားခေါ်၍ နေရာများပေးသည်။ ၎င်းအား ဘုရားရှင်က   တရားဟောမည်    ပြောလိုက်ရာ “ယသ” လုလင်သူဌေးသားသည် ရွှင်လန်းနှစ်သက် တော်မူ၏။ ဘုရားရှင်ထံသို့ သွား၍ ရိုသေစွာနေလေ သည်။                          

 


ဘုရားရှင်သည်  “ယသ”  လုလင်အား  (ဒါန ကထာ) ဒါနနှင့်  ပတ်သက်၍ဟောသည်။  (သီလ ကထာ) သီလနှင့်  ပတ်သက်၍ဟောသည်။ (သဂ္ဂ ကထာ)   နတ်ရွာသုဂတိနှင့်     ပတ်သက်၍ လည်းကောင်း၊   (မဂ္ဂကထာ)  မဂ်ဖိုလ်နိဗ္ဗာန်နှင့် ပတ်သက်၍လည်းကောင်း ဟော၏။ 
ဘုရားရှင်သည်        ထိုမှတစ်ဆင့်တက်၍ “ကာမာနံ အာဒီဝန”  ဟူသော ကာမဂုဏ်အပြစ်နှင့် စပ်လျဉ်းသည်များကို  ဟောပြန်သည်။   “နေက္ခမ္မ အာနိသံသ”  ဟူသော ကာမဂုဏ်တို့စွန့်၍ တော ထွက်ခြင်းအကြောင်းတို့ကို   ဟောပြလေသည်။ ယင်းတရားများ “ယသ” လုလင် နာကြားပြီးနောက် သောတာပန်ဖြစ်သွားလေသည်။ 


ထိုအချိန်၌  “ယသ”   လုလင်၏   မယ်တော် “သုဇာတာ”  သူဌေးမသည်  သူ့သားကို  သူ့သား နေသော   ပြာသာဒ်အဆောင်သို့  သွားကြည့်သည်။ သားကိုမတွေ့၍   သူ့ခင်ပွန်းသူဌေးကို    ယင်း အကြောင်းပြောပြပြီး     ပူဆွေးသောကရောက်နေ သည်။ ၎င်း၏ခင်ပွန်းလည်း အရှေ့နောက်  သူ့သား လုလင်   “ယသ”     သွားတတ်သောနေရာများကို မြင်းသည်တမန်လွှတ်၍ ရှာစေသည်။  


သူဌေး (ယသ၏ဖခင်)  သည် သားသွားရာကို လိုက်ရှာရာ   မိဂဒါဝုန်တောသို့   ရောက်သွားလေ သည်။  ဘုရားရှင်က   “ယသ”   ၏    ဖခင်သူဌေးကို မြင်လျှင်  ချက်ချင်းတွေ့ခွင့်မပြုဘဲ  တန်ခိုးတော် ဖြင့် “ယသ”ကို    ဖုံးကွယ်ထားလေသည်။     ပြီးမှ ဘုရားရှင်ထံသို့   ၎င်းသည်    သွားရောက်ဖူးမြော်၍ သူယခုလာရခြင်းအကြောင်းကို    ပြောပါသည်။   သားပျောက်၍   လိုက်ရှာခြင်းဖြစ်ကြောင်း တွေ့မိပါသလားဟု  ဘုရားရှင်အား   လျှောက်ထား လေသည်။  ဘုရားရှင်ကလည်း  အမှန်တိုင်းပြောပါ သည်။ “ယသ”  သည်   ဤနေရာတွင်   ရှိပါသည်။ ယင်းကိုတွေ့ရမည်ဖြစ်ကြောင်း    ပြောလိုက်လေ သည်။   ယင်းသို့   ဘုရားရှင်က    ပြောလိုက်လျှင်  “ယသ”၏ဖခင်သူဌေးသည်      ဝမ်းမြောက်၍    ဘုရားရှင်၏ခြေတော်ရင်းတွင် ထိုင်နေလေသည်။ 
ဘုရားရှင်သည် ဒါန စသောတရားကို ၎င်းအား ဟောသည်။  ၎င်းကလည်း   နှစ်သက်ဝမ်းမြောက်၍ ယနေ့မှစ၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပါ၏။           လျှောက်ထားပြီး သောတာပန်ဖြစ်သွားပါသည်။  ထို့အပြင်  သူ့အား ဥပါသကာဟု   မှတ်တော်မူပါဟု    လျှောက်ထားလေ သည်။  ၎င်းသည်    ပထမဆုံး     သရဏဂုံသုံးပါး တည်သော (တေဝါစိက) ဥပါသကာဖြစ်လေသည်။ ထိုသို့ ဘုရားရှင်ဟောကြားသောတရားများကို နာပြီး “ယသ”သည် ရဟန္တာအဖြစ်သို့  ဖြစ်သွားလေသည်။ ဤကဲ့သို့ဖြစ်သည်ကို ဘုရားရှင်သည်  သိ၍    “ယသ” ကို တန်ခိုးဖြင့်  ဖုံးကွယ်ထားသည်ကို ဖျက်သိမ်းလေ သည်။  
သူဌေးသည် သူ့သားအား အိမ်သို့ ခေါ်လေသည်။ ဘုရားရှင်က ယင်းသူဌေးအား  “ယသ”  ကို   မခေါ်ပါ လင့်၊  သင့်သားသည်  အာသဝေါကုန်ခန်း၍   ရဟန္တာ ဖြစ်သွားပြီး   ကာမဂုဏ်နှင့်    ပျော်စံရန်မသင့်ဟု မိန့်ကြားလေသည်။ သူဌေးလည်း ဝမ်းသာကြည်နူးပြီး ဘုရားရှင်နှင့် အရှင်ယသ   နံနက်   ဆွမ်းဖိတ်ကြား၍ အိမ်သို့ပြန်လေသည်။    သူဌေးပြန်သွားပြီးနောက် “ယသ” သည် ဘုရားရှင်အား   သူ့အားရဟန်းပြုတော် မူရန် လျှောက်ထားပါသည်။ ဘုရားကလည်း “ဧဟိ ဘိက္ခု” ခေါ်လိုက်သဖြင့်   “ယသ”   လည်း လူ့အသွင် ပျောက်၍ ရဟန်းအသွင်ဖြစ်သွားလေသည်။  ဘုရား ရှင်လည်း နံနက်၌   သူဌေးအိမ်သို့ကြွ၍   ဆွမ်းဘုဉ်း ပေးသည်။   တရားများကို   အစဉ်လိုက်ဟောကြား သည်။  ထိုအချိန်၌ “ယသ” ၏   မိခင်   သုဇာတာနှင့် သူ့ခင်ပွန်းတို့သည် သရဏဂုံတည်၍ သောတာပန်များ ဖြစ်သွားကြလေသည်။     


 “ယသ” မိတ်ဆွေ ၅၄ ဦး ရဟန်းပြုခြင်း


ဗာရာဏသီပြည်မှ  “ယသ”   မိတ်ဆွေ ပုဏ္ဏား လေးဦးဖြစ်သော ဝိမလ၊ သုဗာဟု၊ ပုဏ္ဏဇိ၊ မာဝံဟတ တို့သည် သူတို့မိတ်ဆွေ “ယသ” သည် သားမယားနှင့် စည်းစိမ်ဥစ္စာပစ္စည်းတို့ကိုစွန့်၍ ရဟန်းပြုသွားသည့် သတင်းကြားကြလေသည်။  ယင်းသို့  ရဟန်းဝတ်ခြင်း သည်  ထူးမြတ်သောအကျိုးရှိသောကြောင့်  ရဟန်း ပြုခြင်းဖြစ်ရမည်ဟု ၎င်းတို့လေးဦးသည် ထင်မြင်လာ ကြပါသည်။ သူတို့သည် “ယသ”ထံသို့သွား၍ ဘုရား ရှင်ထံ သူတို့အား ပို့ပေးရန်ပြောလေသည်။ “ယသ” ကလည်း သူ့မိတ်ဆွေလေးဦးအား ဘုရားထံသို့ ပို့ပေး ပါသည်။  


ဘုရားရှင်သည် ၎င်းတို့လေးဦးကိုလည်း အစဉ် အတိုင်းတရားများကို  ဟောကြားရာ  ၎င်းတို့လေးဦး သည် ရဟန္တာအဖြစ်သို့ ရောက်သွားလေသည်။ ဘုရား မှ “ဧဟိဘိက္ခု” ဟုဆိုပြီး၍  ၎င်းတို့သည် ရဟန်းများ ဖြစ်သွားလေသည်။ ထို့နောက် “ယသ”  ၏ လူ့ဘဝ သူ့မိတ်ဆွေ ၅၀ သည် ဗာရာဏသီမြို့အနီးရှိ  ဇနပုဒ် များ၌နေသော သူဌေးသားများဖြစ်ကြပါသည်။ ၎င်းတို့ သည် “ယသ”၏ သတင်းကြားရ၍   အားကျကြပြီး သူတို့၏စည်းစိမ်နှင့်    သားမယားတို့    စွန့်လွှတ်၍ ဘုရားရှင်ထံသို့   သွားကြပါသည်။ “ယသ” သည် ရဟန်းအကျိုးရှိသောကြောင့်    ယင်းသို့သားမယား   စွန့်လွှတ်၍ ရဟန်းပြုခြင်းသာဖြစ်မည်ဟု  စိတ်တွင် ဖြစ်ပေါ်ကြ၍     ယခုကဲ့သို့     ပြုလုပ်ခြင်းဖြစ်ကြပါ သည်။ 
ဘုရားရှင်သည် ၎င်းတို့ ၅၀ ကိုလည်း တရားကို အစဉ်အတိုင်းဟောကြားလိုက်ရာ ၎င်းတို့အားလုံး ရဟန္တာ ဖြစ်သွားကြလေသည်။ ဘုရားရှင်က “ဧဟိဘိက္ခု”  ခေါ်၍ ရဟန်းဖြစ်သွားလေသည်။ 
ရဟန္တာ ၆၀ တို့အား 
သာသနာပြုရန် စေလွှတ်ခြင်း


ဘုရားရှင်သည်   ပဉ္စဝဂ္ဂီငါးဦးအပြင်   အခြား ပုဂ္ဂိုလ်များအပါအဝင်  ခြောက်ကျိပ် (၆၀) တို့ကို ဝါတွင်းသုံးလပတ်လုံး  တရားရေအေးတိုက်ကျွေး ခဲ့ပါသည်။  ထို့အပြင်   ၎င်းတို့    ဆွေမျိုးညီအစ်ကို မောင်နှမတို့အားလည်း တရားဟောကြားခဲ့ပါသည်။   သီတင်းကျွတ်လပြည့်ကျော်တိုင်အောင် သီတင်း သုံးတော်မူခဲ့ပါသည်။ ထို့နောက် ၆၀ သော ရဟန္တာ တို့ကိုခေါ်၍ ဤသို့မိန့်မြွက်တော်မူခဲ့ပါသည်။ နတ် ၌ဖြစ်သော ကာမဂုဏ်၊ လူ၌ဖြစ်သော ကာမဂုဏ်နှင့်    နှစ်မျိုးသောကိလေသာတဏှာ လောဘချည်နှောင် ထားသောပုဂ္ဂိုလ်တို့ကို သင်တို့သည် ကျွတ်လွတ် အောင် တရားဟောကြားနိုင်ပေသည်။ 
သို့ဖြစ်ပါ၍  သင်တို့သည် မကျွတ်နိုင်ကြသော သတ္တဝါတို့၏   အကျိုးစီးပွားရှေးရှုပြီး  တစ်ပါးစီ ထိုထိုမြို့ရွာသို့ကြွ၍   တရားဟောရန်    စေလွှတ် သည်။ ဤ  ၆၀ သော  ရဟန္တာတို့သည်   ပေါင်း၍ မသွားကြရန်၊ လမ်းကြောင်းတစ်ခုတည်း ရဟန်း နှစ်ပါး မသွားကြရန်၊  ဝဋ်ဆင်းရဲမှ လွတ်ကင်းရန်နှင့် တရားပေးရန်    မှာကြား၍    စေလွှတ်လိုက်ပါသည်။ အစ    သီလတရား၊  အလယ်ကောင်းခြင်း သမထ၊ ဝိပဿနာ၊ အဆုံး၌ မဂ်ဖိုလ်တို့ကို ဟောကြားရန် မှာကြားလိုက်ပါသည်။ 
ထို့အပြင် ထိုထိုမြို့ရွာများမှ မိမိတို့၏သာသနာ့ ဘောင်သို့ဝင်လိုသောပုဂ္ဂိုလ်တို့အားလည်း  ဘုရား ထံသို့ ခေါ်မလာဘဲ ထိုသူတို့၏ ဆံမုတ်ဆိတ်တို့ကို ပယ်၍     သင်္ကန်းဝတ်ရုံတော်    ဝတ်စေကာ ဆောင့်ကြောင့်ထိုင်ပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ရွတ်၍ ရဟန်းဘောင်သို့      သွတ်သွင်းစေနိုင်ကြောင်း ဘုရားက  မှာကြားလိုက်ပါသည်။   ဘုရားရှင်က လည်း ရသေ့တစ်ထောင်ကိုချွတ်ရန် တရားဟော ရန်   “ဥရုဝေလ”   တောအုပ်ရှိရာ   သေနနိဂုံးသို့ ကြွသွားမည်ဖြစ်ကြောင်း ပြောကြားလေသည်။ ဤသို့အားဖြင့် ဘုရားရှင်သည် ရဟန္တာ ၆၀ တို့အား တစ်ပါးစီ သာသနာပြုရန်နှင့် ရဟန်းဝတ်လိုသူများ ကိုလည်း သရဏဂုံသုံးပါးရွတ် ရဟန်းဝတ်ပေးရန် ခွင့်ပြုလိုက်ပါသည်။  


(ဆက်လက်ဖော်ပြပါမည်)