စာပေဂုဏ်ဆောင် ဆရာကြီး ဌေးမောင်

Type
1

နုနုယဉ် (စာပေဗိမာန်)

==========

မင်္ဂလာသတင်း
၁၇-၆-၂၀၂၁  ရက်ထုတ်  သတင်းစာများတွင်  မင်္ဂလာသတင်းတစ်ပုဒ်       ဖော်ပြပါရှိခဲ့သည်။ ထိုသတင်းမှာ ၂၀၂၀ ပြည့်နှစ်အတွက်မှ  စတင်၍ အမျိုးသားစာပေတစ်သက်တာဆု၊  အမျိုးသား စာပေဆုနှင့်  စာပေဗိမာန်စာမူဆု ချီးမြှင့်ငွေများကို တိုးမြှင့်ချီးမြှင့်သွားမည်ဆိုသည့် သတင်းဖြစ်သည်။
ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့်  မြန်မာ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးကို  အားပေး ချီးမြှင့်ရာရောက်စေရန်၊   စာပေပညာရှင်များအား  ဂုဏ်ပြုရာရောက်စေရန်၊   စာကောင်းပေမွန်များ  ထွန်းကားပြန့်ပွားစေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်အတွက်မှ စတင် ၍ အမျိုးသားစာပေတစ်သက်တာဆုကို    ငွေကျပ် သိန်း ၅၀ မှ   သိန်း ၁၀၀၊  အမျိုးသားစာပေဆုကို ငွေကျပ် ၂၅ သိန်းမှ  သိန်း ၃၀၊   စာပေဗိမာန်စာမူ ဆု ပထမဆုကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်း၊ ဒုတိယဆုကို   ငွေကျပ် ခုနစ်သိန်းမှ ၁၀ သိန်း၊ တတိယဆုကို ငွေကျပ် ငါးသိန်းမှ ခုနစ်သိန်း တိုးမြှင့် ပြင်ဆင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း   သတင်း ဖော်ပြခဲ့သည်။


ပြည်သူ့အတွက်      အကျိုးပြုစာပေများကို ရေးသားသော  စာရေးဆရာကြီးများကို  နှစ်စဉ် ရွေးချယ်ပြီး   အမျိုးသားစာပေဆု ချီးမြှင့်ခဲ့သည့် အပြင် ဘဝတစ်သက်တာ စာရေးခြင်းနှင့် ပညာ ရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပြီး    လေးစားထိုက်သော    စာပေ လက်ရာအများအပြားကို  ရေးသားပြုစုခဲ့သူ စာရေး ဆရာ၊  စာပေပညာရှင်များအား စိစစ်ရွေးချယ်ပြီး အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၂ ခုနှစ် မှစတင်၍ ၂၀၀၁ ခုနှစ်အတွက် ပထမဆုံးအကြိမ် အဖြစ် ချီးမြှင့်ခဲ့သည်။
စတင်ချီးမြှင့်ခဲ့သည့်  ၂၀၀၁ ခုနှစ်အတွက်မှ သည်  နောက်ဆုံးချီးမြှင့်ပြီးခဲ့သည့်  ၂၀၁၉ ခုနှစ် အတွက်အထိ        အမျိုးသားစာပေတစ်သက်တာ ဆုရ    ဆရာကြီး   ဆရာမကြီး စုစုပေါင်း ၃၁ ဦး ရှိပြီဖြစ်ပြီး ၁၁ ဦးမှာ ကွယ်လွန်သွားပြီ ဖြစ်သည်။
အမျိုးသားစာပေ  တစ်သက်တာဆု  စတင် ချီးမြှင့်စဉ်က ငွေကျပ်လေးသိန်း၊ ၂၀၀၆ ခုနှစ်အတွက် မှစ၍ ငွေကျပ် ခြောက်သိန်း၊ ၂၀၁၀ ပြည့်နှစ်အတွက် မှစ၍  ငွေကျပ်  ၁၀  သိန်း၊  ၂၀၁၂  ခုနှစ် အတွက်မှ စ၍ ငွေကျပ် ၁၅ သိန်း၊ ၂၀၁၃ ခုနှစ်အတွက်မှစ၍ ငွေကျပ် ၂၅ သိန်း၊   ၂၀၁၆ ခုနှစ်အတွက်မှစ၍ ငွေကျပ်သိန်း ၅၀ အဆင့်ဆင့်တိုးမြှင့်ခဲ့ရာ ယခုနှစ် စာဆိုတော်နေ့တွင် ချီးမြှင့်မည့် ၂၀၂၀ ပြည့်နှစ် အတွက်   အမျိုးသားစာပေ တစ်သက်တာဆုကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်တော့မည် ဖြစ်ပေသည်။ 


စာရေးဆရာ   ဆရာမကြီးများနှင့်   စာပေ ပညာရှင်ကြီးများသည်  ၎င်းတို့၏ ဘဝတစ်သက် တာ   စာပေရေးသားခြင်း၊ သုတေသနပြုခြင်းတို့ကို ဆုအစရှိသည့် အကျိုးတစ်စုံတစ်ရာ မျှော်ကိုး၍ မဟုတ်ဘဲ ၎င်းတို့၏စေတနာ၊ ဝါသနာ၊ ပညာတို့၏ နှိုးဆော်မှုကြောင့် စာပေတာဝန်၊ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။


သို့သော် နိုင်ငံတော်အစိုးရက ယခုကဲ့သို့ စာပေ ဆုငွေပမာဏတိုး၍    ချီးမြှင့်ဂုဏ်ပြုပေးခြင်းဖြင့် စာရေးဆရာများ မိမိကိုယ်ကိုယုံကြည်မှုတိုးလာ ပြီး  ထူးချွန်ပြောင်မြောက်သည့်  စာပေလက်ရာ ကောင်းများ  ပေါ်ထွန်းရန်  ကြီးမားသည့် တွန်းအား တစ်ရပ်၊ အထောက်အပံ့တစ်ရပ်ဖြစ်မည်မှာ    မုချ ဧကန် သေချာလှပေသည်။
၂၀၀၃ ခုနှစ်အတွက် တစ်သက်တာစာပေဆုရှင် 


၂၀၀၃  ခုနှစ်အတွက်     အမျိုးသားစာပေ တစ်သက်တာဆုကို   ဆရာကြီး  ဌေးမောင်အား ရွေးချယ်ချီးမြှင့်ခဲ့သည်။    
ဆရာဌေးမောင်ကို    ၁၉၂၇ ခုနှစ်   ဇန်နဝါရီ ၁၉ ရက်တွင် မကွေးတိုင်းဒေသကြီး  ချောက်မြို့၌ အဖ ကျောင်းဆရာ ဦးတိုင်းကျော်နှင့်  အမိ ဒေါ်ငွေခဲ တို့က မွေးဖွားခဲ့သည်။ မွေးချင်းခြောက်ယောက် အနက် ပဉ္စမမြောက်ဖြစ်သည်။ ငယ်စဉ်ကပင် ဖခင် ကွယ်လွန်ခဲ့သည်။ 
ဆရာကြီး ငယ်စဉ်က ချောက်မြို့ဘုန်းတော် ကြီး ဦးမေဓာကျောင်း၌ ပညာသင်ယူပြီး စစ်ကြို ခေတ်က အသက်ကိုးနှစ်အရွယ်ရောက်မှ ချောက် မြို့   အေးစေတီ  အထက်တန်းကျောင်း  (ဦးနန္ဒ အထက်တန်းကျောင်း)တွင်   ပညာသင်ယူသည်။  ခုနစ်တန်း အောင်မြင်ခဲ့သည်။ ၁၉၄၄ ခုနှစ် အကုန် ပိုင်းတွင်   ရေနံချောင်းမြို့၌   ဂျပန်စစ်တပ်က ဖွင့်လှစ်သော     ဆေခိယုခေါဂျောဟုခေါ်သည့်     အင်ဂျင်နီယာကျောင်း၌လည်း ပညာသင်ခဲ့သည်။


ဆရာကြီးသည် ထိုစစ်တွင်းကာလ ရေနံမြေ၌ အလုပ်လုပ်ရင်း မျိုးချစ်အမည်ရှိ လက်ရေးစာစောင် ကို စတင်ထုတ်ဝေခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အာရှ လူငယ်အဖွဲ့တွင်    ဉာဏဗလမှူးဖြစ်လာသည်။ ၁၉၄၅ ခုနှစ်  ဒီဇင်ဘာလတွင် ပြည်သူ့ရဲဘော်အဖွဲ့၌ တွဲဖက်အထွေထွေဌာနမှူး၊ နောင်တွင်  ဉာဏဗလ မှူးတာဝန်ကိုပါ   တွဲဖက်ယူပြီး  အလင်းရောင် စာစောင်ကို   ဦးစီးထုတ်ဝေသည်။    ဉာဏဗလ ပြိုင်ပွဲများ လုပ်ခဲ့သည်။ စာဆိုတော်နေ့အခမ်းအနား များ ကြီးမှူးကျင်းပခဲ့သည်။ လွတ်လပ်ရေးရပြီး နောက် ပြည်သူ့ရဲဘော်၌ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ် ဖဆပလဦးစီးအဖွဲ့ဝင်၊ ရေနံမြေ အစည်း အရုံးအမှုဆောင်  စသည်ဖြင့်  လူမှုရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။ 


၁၉၄၇ ခုနှစ်  ဧပြီ ၂၀ ရက်  ပြည်သူ့ရဲဘော် ဂျာနယ်တွင် ရေနံမြေက  ရဲဘော် ကလောင်အမည် ဖြင့် “ သင်းတို့လောက ” ဝတ္ထုတိုကို ပထမဆုံးပုံနှိပ် ဖော်ပြခြင်းခံရပြီး စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်       မေလထုတ်     ရှုမဝမဂ္ဂဇင်းပါ   “နု” ဝတ္ထုရှည်တွင် ဌေးမောင် ကလောင်အမည်ကို စတင်သုံးခဲ့သည်။ 
ဆရာကြီး ဌေးမောင်သည် ၁၉၅၂-၁၉၅၅ ခုနှစ် များတွင် သွေးသောက်မဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၅၆-၁၉၇၈ ခုနှစ်များတွင်    မြဝတီမဂ္ဂဇင်းအယ်ဒီတာ၊ ၁၉၈၀-၁၉၈၄ ခုနှစ်များတွင် သပြေမဂ္ဂဇင်းအယ်ဒီတာ၊ ၁၉၅၈-၁၉၉၃ ခုနှစ်များတွင် သိပ္ပံမဂ္ဂဇင်းအယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ အယ်ဒီတာအဖြစ် ၄၅ နှစ် ခန့်   ဆောင်ရွက်ခဲ့ရင်း   စာရေးဆရာအသင်း၊ စာပေပြန့်ပွားရေးအသင်းနှင့် စာပေလုပ်သားအဖွဲ့ တို့တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ မြဝတီမဂ္ဂဇင်းတွင်   တာဝန်ခံစာတည်းအဖြစ် ၂၄ နှစ်ခန့်    ဆောင်ရွက်ခဲ့စဉ်က   ကလေးဂျာနယ်၊ မြတ်လုလင်ရုပ်စုံတို့တွင်လည်း အယ်ဒီတာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။
၁၉၅၀ ပြည့်နှစ် ဧပြီလတွင်  ချောက်မြို့၌ ဒေါ်ငွေဆိုင်နှင့်     အိမ်ထောင်ပြုပြီးနောက်  သား ခြောက်ယောက်ထွန်းကားခဲ့သည်။ ၁၉၇၀ ပြည့် နှစ်တွင် ဆရာဇဝန ဦးဆောင်သော စာနယ်ဇင်းအဖွဲ့ နှင့်အတူ    ဩစတြေးလျနိုင်ငံ၊  ပါပူးဝါးနယူးဂီနီ နိုင်ငံတို့ကို လေ့လာရေးခရီး သွားရောက်ခဲ့သည်။
အသံဆူမှ စာရေးတတ်သူ


စာရေးဆရာအများစုမှာ တိတ်ဆိတ်ငြိမ်သက် နေချိန်တွင် ဈာန်ဝင်စားပြီး စာရေးတတ်ကြသည်။ အချို့သော စာရေးဆရာများဆိုလျှင် စာတစ်အုပ်၊ ဝတ္ထု တစ်အုပ်ရေးရန် ဟိုတယ်တွင် အခန်းငှားပြီး အခန်းအောင်း ရေးတတ်ကြသည်ဟု ကြားဖူးသည်။


ဆရာဌေးမောင်က ထိုသို့မဟုတ်။ အလုပ်များ ခြင်း၊ လူရှုပ်ခြင်း၊  ဆူညံခြင်းတို့မှာ ဆရာ့အတွက် အနှောင့်အယှက်မဖြစ်။ ဆရာသည် လုံးဝတိတ်ဆိတ် နေလျှင် စာရေး၍  မရပေ။  စက်သံတစ်ခုခုကို ကြားနေရမှ၊  လူသံ  သူသံ ကလေးသူငယ်များ ကစားအော်ဟစ် နေသံ၊ ယာဉ်များသွားလာနေသံ စသည်တို့ကို ကြားမြင်နေရင်းမှသာ စာရေးတတ် သည်။  ဆရာ၏  စာရေးသက်တစ်လျှောက်လုံး လူခြေတိတ် ညဉ့်နက်သန်းခေါင် လင်းအားကြီး၌ စာရေးသည်ဟူ၍   မရှိခဲ့ဖူးပေ။  စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော်လည်း  စာရေး ခြင်းကြောင့် အိပ်ပျက်ခြင်းဟူ၍ တစ်ခါမျှ မဖြစ်ဖူးပါ။ နေ့ပိုင်း၌ဖြစ်စေ၊  ညဦးပိုင်း၌ဖြစ်စေ  စာရေးစဉ် တိတ်ဆိတ်နေပါက      အသံမြည်လျှင်ပြီးရော သဘောဖြင့် ရေဒီယိုကို ဖွင့်ထားတတ်ပေသည်။


မဂ္ဂဇင်းလောကတွင်    အရေအတွက်ရော   အောင်မြင်မှုပါ   ကျေနပ်ဖွယ်ရာ  ဖြစ်သော်လည်း  လုံးချင်းစာအုပ်နှင့် စပ်လျဉ်း၍ ဆရာကြီးက   “ကိုယ် တိုင်က     လုံးချင်းစာအုပ်  စာရေးနည်းလှသဖြင့်       လုံးချင်းနယ်ပယ်နှင့်  အံဝင်ခွင်ကျ မဖြစ်ခြင်းလည်း  ဖြစ်တန်ရာသည်” ဟု  ကိုယ့်ကိုယ်ကိုယ်  စိတ်ချမ်း သာအောင်   ဖြေတွေးပြီး   ကျေနပ်ရောင့်ရဲနေ တတ်သည်။  
လုံးချင်းအုပ်ရေ    နည်းသော်လည်း   ဆရာကြီး ၏   ဘဝတစ်သက်တာလုံး   တိုင်းပြည်အကျိုးကို   စာပေနှင့်  သယ်ပိုးထမ်းရွက်ခဲ့သော ကျေးဇူးကို  ဂုဏ်ပြုသည့်အနေဖြင့်  နိုင်ငံတော်က ၂၀၁၂ ခုနှစ် တွင် စည်သူဘွဲ့ကို အပ်နှင်းခဲ့ပါသည်။   

  
ဆရာကြီး ဌေးမောင်၏ ကလောင်စွမ်းအား


ဆရာကြီး ဌေးမောင်သည် အသက် ၂၀ အရွယ် ၁၉၄၇ ခုနှစ်မှစတင်ကာ   ရေနံမြေက   ရဲဘော်၊  ရဲဘော် မောင်လှ၊ မောင်မြင့်ထူး၊  မောင်မြတ်စံ၊ စာရေးဆရာတစ်ဦး၊ အယ်ဒီတာ တစ်ဦး၊ စာဖတ်သူ တစ်ဦး၊ ဌေးမောင် စသည့် ကလောင်အမည်များစွာ ဖြင့်  ပင်ကိုရေးဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန်ဝတ္ထုတိုနှင့် ဆောင်းပါး၊ ကလေးပုံပြင် တို့အပြင် ဘာသာပြန်စာပေ စာတမ်းနှင့် စာနယ်ဇင်း သမိုင်း စာတမ်းတို့ကိုလည်း ရေးသားခဲ့ရာ စုစုပေါင်း ၁၀၀၀ ကျော်ရှိခဲ့သည်။
ပင်ကိုရေးဝတ္ထုရှည်များဖြစ်သည့် ချစ်သော ဒွေးမယ်နော် (၁၉၆၄)၊ စွန့်စားမှု (၁၉၆၄)၊ တိုက်ပွဲ ခေါ်သံ (၁၉၆၅)၊ နုမှသည် တိုက်ပွဲခေါ်သံ (၁၉၇၄)၊ နှင်းဖြူဖြူလွင် (၁၉၅၆)၊ ပန်းနွယ် ရွှေရည် မလူး တည့်၊ ဗိုလ်ယက္ခနှင့် လှမျိုးစစ် (၁၉၇၂)၊  သေမင်းကို  အန်တုသူ (၁၉၈၀)၊ အချစ်မှောင် (၁၉၆၀)၊ အရေး တော်ပုံ (၁၉၆၄)၊ တိုက်ပွဲခေါ်သံ(၁၉၆၅) တို့ ထွက်ရှိ ခဲ့သည်။ ဘာသာပြန် လက်ရာများအနက်  အချို့မှာ  စွန့်စွန့်စားစား  ဆော်လမွန်သိုက်၊ တာရာရှင်မ၊ လူဆိုးကြီး ဂျက်စီဂျိမ်း၊ သွေးဆိုး၊ အလန် ကွာတာ မိန်း၊ သူပုန်ကြီး ကီမာသီတို့ ဖြစ်သည်။


အရေးတော်ပုံစာအုပ်


၁၉၆၄ ခုနှစ်  ဒီဇင်ဘာလတွင်  “အရေးတော်ပုံ” ဝတ္ထုကို ထုတ်ဝေခဲ့သည်။  အရေးတော်ပုံမှာ ၁၃၀၀ ပြည့်  အရေးတော်ပုံဟု ထင်ရှားခဲ့သော စစ်ကြို ခေတ်က  ချောက်၊  ရေနံချောင်း  ရေနံမြေတွင် ဖြစ်ပွားခဲ့သည့်    သပိတ်တိုက်ပွဲအကြောင်းကို ရေးခြယ်တင်ပြထားခြင်း ဖြစ်သည်။
တိုင်းပြည်နှင့်   လူမျိုးအကျိုးကို    များစွာ ဖြစ်ထွန်းစေသော    လွတ်လပ်ရေးတိုက်ပွဲတွင် ဂုဏ်ရောင် ထွန်းပြောင်သည့် ၁၃၀၀ ပြည့် အရေး တော်ပုံအကြောင်းကို ရေနံမြေသား တစ်ယောက် အနေဖြင့် ဆရာကြီးက ရေးသားခဲ့ခြင်းဖြစ်သည်။


ဆရာဌေးမောင်၏      အရေးတော်ပုံဝတ္ထု ဖတ်ပြီးနောက် စာဖတ်သူများထံမှ မိမိတို့၏ရင်ထဲ တွင် ပျိုးတွယ်စပြုနေသော နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားစိတ်ဓာတ်ကို  ခိုင်မာအောင် ရေလောင်း ပေးလိုက်သလိုဖြစ်ကြောင်း၊ အလုပ်သမားများ၏ ဘဝနစ်နာမှု၊  ထိုနစ်နာမှုမှ ပေါက်ဖွားလာသော  ဒေါသ၊     ၎င်းဒေါသနှင့်အတူ    ခိုင်မာလာသော ယုံကြည်ချက်၊  အဆိုပါ   ယုံကြည်ချက်ကြောင့် မိုင်လေးရာ   ချီတက်ပွဲတွင်  သေသေကျေကျေ ရဲရင့်ခဲ့သော သတ္တိများမှာ အရေးတော်ပုံကိုဖတ်ရင်း ရင်ထဲတွင် တဟုန်းဟုန်း  ပေါ်ပေါက်လာကြောင်း၊ 
                                   

P စာမျက်နှာ ၈ မှ
အလုပ်သမားများနှင့်အတူ ငတ် ငတ်ချင်း၊ ဆင်းရဲ ဆင်းရဲချင်း၊ အေးတူပူမျှ ကိုယ်တိုင်ပါဝင် လိုက်ပါပြီး ချီတက်နေရသလို ထင်မြင်လာစေကြောင်း ဆရာ ကြီးထံသို့ ချီးကျူးစာများ ရေးသားပေးပို့ကြသည်။ 
အရေးတော်ပုံဝတ္ထုသည် ၁၉၆၄ ခုနှစ်အတွက် အမျိုးသားစာပေဆု  (ဝတ္ထုရှည်)  ဒုတိယဆုကို ရရှိခဲ့သည်။ ထိုအရေးတော်ပုံဝတ္ထုနှင့်ပတ်သက်၍ ၁၉၆၆ ခုနှစ်  ဇန်နဝါရီလထုတ် အတွေးနှင့်အရေး စာအုပ်၌ ဆရာ သိန်းဖေမြင့်က-
အမျိုးသားစာပေ ဒုတိယဆုရသော  အရေး တော်ပုံဝတ္ထုမှာ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ၏ တပ်ဦးဖြစ်သော ရေနံမြေသပိတ်ကြီးအကြောင်းကို ဝတ္ထုရေခံမြေခံထားပြီး ထိုသပိတ်တွင် ပါဝင်ကြ သော အသက်ထင်ရှားရှိခဲ့ကြသည့် ဇာတ်ကောင် များနှင့် စာရေးဆရာဖန်တီးထားသော ဇာတ်ကောင် များပူးပေါင်းကာ  တည်ဆောက်ထားကြောင်း၊ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့် ၎င်း၏တပ်ဦးဖြစ်သော ရေနံမြေသပိတ်ကြီးတို့ကို ဂုဏ်ရောင် တောက်ပစွာ မော်ကွန်းတင်ထားကြောင်း၊     အရေးတော်ပုံမှာ စရိုက်သဘာဝ သရုပ်ဖော်မှု မည်မျှကောင်းသနည်း ဆိုသော် ကျွန်တော့်စိတ်ထဲမှာ အားလုံး ဇာတ်လိုက် ချည်းဖြစ်နေကြောင်း ဖော်ပြရေးသား ဂုဏ်ပြုခဲ့သည်။


တိုက်ပွဲခေါ်သံစာအုပ်


၁၉၆၅ ခုနှစ်   အမျိုးသားစာပေဆုပြိုင်ပွဲတွင်  ဆရာဌေးမောင်၏ “တိုက်ပွဲခေါ်သံ” က  ပထမဆု ရရှိခဲ့သည်။  ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ၊  နယ်ချဲ့တော်လှန်ရေးကာလမှ ဖက်ဆစ်တော်လှန် ရေးကာလ၊  လွတ်လပ်ရေးတိုက်ပွဲကာလအထိ သမိုင်းဖြစ်ရပ်နောက်ခံပြုကာ   တော်လှန်ရေးနှင့် တိုက်ပွဲကာလများအတွင်း    လူတို့၏စရိုက်ကို ထင်ဟပ်ပြထားသော ဝတ္ထုဖြစ်သည်။ 


ဆုရသူများအား ကြေးမုံသတင်းစာက တွေ့ဆုံ မေးမြန်းရာ ဆရာဌေးမောင်က- ဖက်ဆစ်တော်လှန် ရေးတွင် မြန်မာတိုင်းရင်းသားတို့၏  လှုပ်ရှားမှု အခန်း    ပေါ်လွင်စေလိုကြောင်း၊    ဘာသာပြန် စစ်ဝတ္ထုများကြောင့် မြန်မာပြည်၏ ဖက်ဆစ် တော်လှန်ရေးမှာ  အင်္ဂလိပ်ဗိုလ်ချုပ်ကြီးများ ဖြစ်ကြ သော   ဝင်းဂိတ်တို့၊  စလင်းတို့သာ  သူရဲကောင်းကြီး များဟု  လူငယ်များ  ထင်မှတ်မှားမည်ကို စိုးရိမ် ကြောင်း၊ ထို့ကြောင့် တိုက်ပွဲခေါ်သံဝတ္ထုကို  ရေးသား ခဲ့ကြောင်း ဖြေကြားခဲ့ရာ  ဆရာဌေးမောင်၏  မျိုးချစ် စိတ်ဓာတ်ကို ထင်ထင်ရှားရှား မြင်တွေ့ရပါသည်။
တိုက်ပွဲခေါ်သံဝတ္ထုကို ဆရာ ရန်ကုန်ဘဆွေက အမှာစာရေးရာတွင်  “ယခုကဲ့သို့ တိုင်းသိပြည်သိ လူတိုင်းသိသော တကယ့်အဖြစ်အပျက်တစ်ရပ်ကို  ရေးသားရာ၌ ဤသို့ တကယ်ရှိ တကယ်ဟုတ်သော လူများနှင့် တကယ်တူသည့် ဇာတ်ကောင်များကို ဖန်တီးပေးနိုင်ရန်      စာရေးဆရာတို့အတွက် အရေးကြီးဆုံး ဖြစ်၏။  ဆရာ  ဌေးမောင်သည် ထိုအရေးကြီးဆုံးအချက်ကို      အောင်မြင်စွာ ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်၏” ဟု  ဖော်ပြထားသည်။
“ဌေးမောင်သည်       ဇာတ်ဆောင်များကို ကိုင်တွယ်၍ နောက်ခံဖြစ်ရပ်မှန်တို့ကို အခြေခံသော ဝတ္ထုကိုရေးဖွဲ့ရာ၌  အတော်ကြီး  အားထုတ်ထား သည်မှာ ထင်ရှားပါသည်။ ထို့ကြောင့်လည်း တိုက်ပွဲ ခေါ်သံသည် ဌေးမောင်၏ ထင်ရှားအောင်မြင်သောဝတ္ထုတစ်ပုဒ်ဟု ဆိုရပေမည်” ဟုလည်း မလိခ၏ မြန်မာဝတ္ထုအညွှန်းတွင်   ဖော်ပြထားသည်ကို  တွေ့ရသည်။


တိုက်ပွဲခေါ်သံဝတ္ထုပါ ဂျပန်အရာရှိ ကေဘီထိုင် ကို    ကိုရွှေမောင်တို့   တော်လှန်ရေးသမားများက ဖမ်းမိရာ သတ်မည်ပြုစဉ် ဂျပန်မှာ  စိတ်ဖောက်ပြန် သွား၍ ကိုရွှေမောင်က လွှတ်ပစ်လိုက်သော အချက် နှင့်ပတ်သက်၍ ဆရာကြီးဦးသုခကလည်း “ကေဘီ ထိုင် အရာရှိကို လွှတ်ပစ်လိုက်တဲ့အခန်း သိပ်ကြိုက် တယ်ဗျာ၊   ငါသာဆိုရင်   ဒီလိုလွှတ်နိုင်ပါ့မလား ဆိုတာကိုလည်း  လေးလေးနက်နက်    စဉ်းစားမိ တယ်”ဟု ဆရာဌေးမောင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ သည်ဟု သိရသည်။
ချစ်သော ဒွေးမယ်နော်စာအုပ်


ယဉ်ကျေးမှုအနုပညာ ဟူသည်မှာ လူမျိုး၏ အသက်သွေးခဲနှင့် တူလေရာ မြေပြန့်မှ အနုပညာကို တောင်ပေါ်သို့ ပို့ဆောင်ပြီး တောင်ပေါ်မှ ယဉ်ကျေး မှုကိုလည်း မြေပြန့်သို့ သယ်ဆောင်ရမည်ဖြစ်၏။ မြေပေါ်မှ  ယဉ်ကျေးမှုကို  တောတောင်လျှိုမြောင် များသို့အရောက်ပို့ကာ  တောတောင်လျှိုမြောင် အတွင်းမှ အနုပညာအရပ်ရပ်ကိုလည်း မြို့ပေါ်သို့ ရောက်လာအောင် အားထုတ်ကြရမည် ဖြစ်သည်။ ဤသို့ အနုပညာချင်း ရင်းနှီးပွန်းတီးလာသည်နှင့် အမျှ လူမျိုးစုတစ်ခုနှင့်တစ်ခု၊    လူတစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုလည်း ပို၍ကြီးထွား ခိုင်မာလာမည်မှာ မုချဖြစ်လေသည်။
ပြည်ထောင်စုနေ့  သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်၌ ကျင်းပသည့် ၁၉၆၃ ခုနှစ် (၁၆) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲရှိရာ ကယားပြည်နယ် လွိုင်ကော် မြို့သို့   စာပေခရီးသွားရင်း ဆရာကြီး ဌေးမောင်သည် ဤကြီးလေးသောတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဆရာကြီးသည် လောပိတလျှပ်စစ်ဓာတ်အား ပေးရုံ၊ ဘီလူးချောင်းရေတံခွန်၊ ငွေတောင်ဆည်၊ ဒီမောဆိုးနှင့် ဖရူဆိုဆေးရုံ၊ ကန်ခုနစ်ဆင့်၊ အီတာ လျံကျောက်ပြားချောလုပ်ငန်း၊ တစ်ဆယ့်ရှစ်ပေ ရှည်လျားသော ခေါင်းတလားကြီးများရှိရာ ကျတ်ဂူ၊ တောင်ကွဲစေတီ    စသည့်  ထင်ရှားသည့်နေရာ ဒေသများသို့ သွားရောက်လေ့လာခဲ့ပုံ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ ပဒေသာကပွဲကို ပါဝင် ဆင်နွှဲခဲ့ပုံ၊ ရိုးရာအစားအသောက်နှင့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ  တင်ပြဆွေးနွေးခဲ့ပုံများကို  ကယား ပြည်နယ်အား ဒွေးမယ်နော်ဟု တင်စားကာ “ချစ်သော  ဒွေးမယ်နော်”  စာအုပ်ရေးသားပြီး တိုင်းရင်းသား ချစ်ကြည် စည်းလုံးရေးဖော်ဆောင်ခဲ့ပေသည်။


ကလေးတို့အကြိုက် ... နိုင်ငံတကာပုံပြင်များစာအုပ်


ဆရာကြီးသည် အရေးတော်ပုံ၊ တိုက်ပွဲခေါ်သံ တို့ကဲ့သို့   ဂန္ထဝင်မြောက်  စာကြီးပေကြီးများကို ရေးသားခဲ့ရုံသာမက  ကလေးသူငယ်များ  အသိ အလိမ္မာ၊ အတွေးအခေါ်နှင့် ဉာဏ်ပညာများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက်  နိုင်ငံတကာပုံပြင်များ ကိုလည်း စုစည်း ဘာသာပြန်ဆိုခဲ့သည်။
အင်္ဂလိပ်ဘာသာဖြင့်    ထုတ်ဝေထားသော ပုံပြင်စာအုပ်အသီးသီးမှ ကောင်းနိုးရာရာများကို ရွေးချယ်၍ ဆရာကြီး ဘာသာပြန် စုစည်းထားသော  ကလေးတို့အကြိုက်    “အသိအလိမ္မာ အတွေးအခေါ် နှင့် ဉာဏ်ပညာ   နိုင်ငံတကာပုံပြင်များ”စာအုပ်  တွင်  လူသားတို့ကို ပထမဆုံး ဖျော်ဖြေမှုပေးသည့် အရာ၊  ပညာပေးသည့်အရာမှာ  ပုံပြင်များဖြစ် ကြောင်း၊ စာပေ၊ တေးဂီတ၊ အကအခုန်တို့ မပေါ် ပေါက်မီကတည်းက ပုံပြင်များ ပေါ်ပေါက်ခဲ့ကြောင်း၊ ပုံပြင်၏အနှစ်သာရမှာ     ဇာတ်ကောင်မဟုတ်၊ ရည်ရွယ်ချက်ဖြစ်ကြောင်း၊ ပုံပြင်ရေးသားသူတို့၏ စိတ်ကူးကောင်းပုံ၊ အနုပညာမြောက်ပုံ၊ အကျိုးပြု ရည်ရွယ်ချက်ထားပုံတို့မှာ   လေးစားချီးကျူးဖို့ ကောင်းကြောင်း၊ ပုံပြင်ကောင်းများ အစဉ်ပေါ်ထွန်း ရန် အထူးသဖြင့်  လူငယ်များ  အသိတိုး၊  အကျင့် ကောင်း၍ ရဲစွမ်းသတ္တိ ရှိကြပါစေဟု ဆန္ဒပြုလိုက် ပါကြောင်း စသည်ဖြင့် “ပုံပြင်ရှေးစကား” ဆိုပြီး ဆရာကြီးဌေးမောင်ကိုယ်တိုင် အမှာစာရေးသားခဲ့ရာ ဆရာကြီး၏ ကလေးသူငယ်များအပေါ်ထားသော  စိတ်စေတနာကို ကွက်ကွက်ကွင်းကွင်း ထင်ထင် ရှားရှား တွေ့မြင်နိုင်ပါသည်။ 


စကားသည် လောကကို စိုးမိုး၏စာအုပ်


ဆရာကြီးဌေးမောင်၏ “စကားသည် လောက ကို စိုးမိုး၏” စာအုပ်ထဲ၌ ကိုယ်ရည်ကိုယ်သွေး အတ္တစကားကို ပြောတတ်သူ၊ ကြားရသူ တစ်ဖက် သားအဖို့ မစားရဝခမန်း ရွှန်းရွှန်းဝေ လောကွတ် စကားပြောတတ်သူ၊ စကားနည်းသူ၊ စကားပြော တိုတောင်းသူ၊ အသေးအဖွဲကိစ္စကလေးများမှအစ ရေးကြီးခွင်ကျယ် ‘ဇာချဲ့’ ၍  မပြီးနိုင်၊  မစီးနိုင် စကားပြောတတ်သူ၊ လိုရင်းသို့မရောက်ဘဲ ‘ခုနစ်စဉ် အမျှင်တန်း’ ပြောတတ်သူ စသည်ဖြင့် လူအမျိုးမျိုး အကြောင်းအပြင် စကားနှင့်ပတ်သက်၍ တိုင်းရင်း သားစကားပုံများ၊  ခေါင်းဆောင်များ၊ နိုင်ငံ့အကြီး အကဲများ၏   အဆိုအမိန့်များ၊    ဆိုထုံးများ၊ စကားကောင်း အင်္ဂါ(၅)ပါး၊ မယုံထိုက်သောစကား (၄) ပါးတို့ကိုလည်း လေ့လာမှတ်သားရနိုင်ပေသည်။


ထို့ပြင် ဆရာကြီးသည် မိန်းမစကား၊ ချိုသာ စကား၊  ကြမ်းတမ်းစကား၊  မုသားစကား၊ သစ္စာ စကားတို့အကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်နိပါတ် များ၊ မဟာဗုဒ္ဓဝင်၊ မာတော ဝါဒ ဆုံးမစာ၊ မဃဒေဝ လင်္ကာသစ်၊ ရေစကြိုခုံတော်ဖြတ်ထုံး၊ လက်သစ် တောင်တာ ဆုံးမစာ၊ ဩဝါဒထူးပျို့၊ မင်္ဂလသုတ်ပျို့၊ ရာဇသေဝက ဒီပနီကျမ်း စသည်တို့မှ ထုတ်နုတ်၍ လည်းကောင်း၊ အကိုးအကာပြု၍ လည်းကောင်း ဖတ်ရှုသူ  အများနားလည်လွယ်အောင်  ရှင်းရှင်း လင်းလင်း ရေးသားဖော်ပြထားပါသည်။
(ဆက်လက်ဖော်ပြပါမည်)