
ကိုသက်(ဇီးကုန်း)
နိုင်ငံတော်မှနိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးရွာ၊ ရပ်ကွက်အဆင့်များအထိ ကော်မတီများဖွဲ့စည်း၍ နိုင်ငံပိုင်စာကြည့်တိုက်များ အပါအဝင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအားလုံး နိုးကြားတက်ကြွစွာ ပါဝင်လာနိုင်ရေးအတွက် ပညာရေးဌာနလက်အောက်ရှိ ဆရာ ဆရာမများ အပါအဝင် စာရေးဆရာများ၊ စာပေမြတ်နိုးသူများသာမက နိုင်ငံချစ်စိတ်ရှိသူတိုင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ရုံးများ၊ ကျောင်းများ စာကြည့်တိုက်များတွင် နှစ်ပေါင်းများစွာက ချိတ်ဆွဲထားသည့် “အလိမ္မာ စာမှာရှိ” ၊ “ပညာရဲရင့် ပွဲလယ်တင့်” ၊ “စာပေမြင့်မှ လူမျိုးတင့်မည်” စသော ဆိုင်းဘုတ်များကို ချိတ်ဆွဲရုံ၊ မြင်ရုံမျှဖြင့် ကျေနပ်နေ၍မရတော့ပါ။ ထိုထိုသော ဆိုင်းဘုတ်ကလေးများမှာ သတိပေးရုံ၊ သတိထား မိရုံမျှသာဖြစ်ပြီး ဆိုင်းဘုတ်ကို ကျော်လွန်၍ လက်တွေ့ကျကျ ဆောင်ရွက်ရတော့မည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ထိုဆိုင်းဘုတ်ကလေး များ အသက်မဝင်သည်မှာ အဘယ်ကြောင့်နည်း။ အဖြေကား အင်တာနက်ခေတ်တွင် လူမှုကွန်ရက် မီဒီယာများ အားကောင်းလာခြင်းကြောင့်ဟု ဆိုချင် ပါသည်။ အချိန်တိုအတွင်း တစ်ကမ္ဘာလုံး၏ သတင်း ကို သိရှိနိုင်၊ မြင်တွေ့နိုင်၊ ပေးပို့နိုင်သော ဖုန်း၏ အသုံးဝင်ကျယ်ပြန့်မှုကို မည်သို့မျှ ဟန့်တားပိတ်ပင် နိုင်မည်မဟုတ်ချေ။ သို့ရာတွင် ဖုန်းကြည့်ဖြစ်သည့် အခါ တိုင်းပြည်နှင့် လူမျိုး၊ ဘာသာအတွက် မလိုလားအပ်သောသတင်းများနှင့် ဘက်လိုက် သတင်းမှားများ ရောနှောတင်ဆက်မှုအပေါ် အသိနှင့်သတိ ယှဉ်ရမည်ဖြစ်ပါသည်။ အွန်လိုင်းပေါ် မှ သတင်းအချက်အလက်များကို ဖတ်ရှုရာတွင် ကိုယ်ပိုင်ဦးနှောက်ဖြင့် ဆင်ခြင်တုံတရား လက်ကိုင် ထားလျက် ကြည့်ရှုသင့်ပါသည်။ စာကြည့်တိုက်များ သည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မီးရှူး တန်ဆောင်လည်းဖြစ်သကဲ့သို့ အမျိုးသားရေး အားမာန် စာအုပ်စာပေများ ထိန်းသိမ်းထားရှိရာ စာဖတ်သူများ စုဝေးရာနေရာတစ်ခုလည်း ဖြစ်သည်။ စာကြည့်တိုက်များသည် စာဖတ်သူများ ၏ ပျော်မွေ့ဖွယ်ကောင်းသော ကမ္ဘာလည်းဖြစ်၏။ အသိအလိမ္မာများ သိုမှီးရာဘဏ်တိုက်လည်း ဖြစ်၏။
မြန်မာ့မျက်ပွင့်စာကြည့်တိုက်
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်း မြို့၏ မြန်မာ့မျက်ပွင့်စာကြည့်တိုက်ကို ၂ဝ၁၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ စာကြည့်တိုက်၏အမည်ကို ဇီးကုန်းဇာတိဖွား ဝဏ္ဏကျော်ထင် သီရိပျံချီ စာရေးဆရာကြီး ဇေယျ (ဦးယော) (၁၉ဝဝ-၁၉၈၂)ကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီးရေးသော စာအုပ်အမည်ဖြစ်သည့် မြန်မာ့ မျက်ပွင့်ဟု အမည်ပေးခဲ့ရာ ယခုအခါ ဆယ်စုနှစ် အကြိုကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ စာကြည့်တိုက် အလှူရှင်မှာ ဒုတိယသမ္မတ(ငြိမ်း)၊ ဦးဉာဏ်ထွန်း-ဒေါ်ခင်အေးမြင့် မိသားစု ဖြစ်ပါသည်။ ဒုတိယသမ္မတ(ငြိမ်း)က စာပေကို ချစ်မြတ်နိုးသူပီပီ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် စာပေမျိုးစေ့ကို သဒ္ဓါထက်သန်စွာဖြင့် စိုက်ထူပေး ခဲ့ခြင်းဖြစ်ရာ စာပေချစ်သူအပေါင်းတို့က ဆက်လက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် တာဝန် ရှိပေသည်။
မြန်မာ့မျက်ပွင့်စာကြည့်တိုက်ကို တည်ထောင် ရာတွင် ပညာရှာသူ တို့ဝိုင်းဝန်းကူဆိုသည့် ဆောင်ပုဒ်အတိုင်း အသိပညာ၊ ဗဟုသုတရှာဖွေ ဆည်းပူးနိုင်စေရန်၊ ပြည်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ပညာမျိုးစုံကို အလွယ်တကူလေ့လာ နိုင်ကာ ဗဟုသုတနှင့် အတွေးအခေါ်များ မြင့်မား လာပြီး လွတ်လပ်စွာ တွေးခေါ်ဖန်တီးနိုင်ရန်၊ စာပေ မြင့်မှလူမျိုးတင့်မည်ဆိုသည့် စကားအတိုင်း နိုင်ငံ သားတိုင်း၏ အတွေးအခေါ်နှင့်စိတ်ဓာတ် တိုးတက် မြင့်မားရေးကို အကျိုးပြုစေရန် စသောရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်ကာ စာဖတ်သူများကို လက်ခံကြိုဆို လျက်ရှိသည်။
မြန်မာ့မျက်ပွင့်စာကြည့်တိုက်သည် E-Library အမျိုးအစားဖြစ်သောကြောင့် ကွန်ပျူတာ၊ အင်တာနက်များသုံးစွဲ၍ စာဖတ်သူများ၏ စာဖတ် စွမ်းရည်ကို မြင့်မားတိုးတက်အောင် လေ့ကျင့်ပေး နိုင်သည်။ အင်္ဂလိပ်စာအပါအဝင် အခြားဘာသာ စကားများကိုပါ ဖတ်ရှုလေ့လာနိုင်သည့်အပြင် စာပေ၊ အနုပညာ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ ဘာသာရေး၊ စိုက်ပျိုးရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ စသည့်စာမျိုးစုံတို့ကို လက်လှမ်းမီနိုင်သမျှ ရှာဖွေစုဆောင်းထားရှိသည်။
ယင်းအပြင် နှစ်စဉ် နှစ်တိုင်း စာဖတ်စွမ်းရည် ပြိုင်ပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများ၊ ကဗျာရွတ် ပြိုင်ပွဲများ၊ ပုံဆွဲပြိုင်ပွဲများ၊ ပန်းချီသင်တန်းများ၊ စကားရည်လုပွဲများကို စာသင်ကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများအတွက် ကွန်ပျူတာနှင့်အင်္ဂလိပ်စာ သင်တန်းများလည်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ စာကြည့်တိုက်အလှူရှင်များ စေတနာသဒ္ဓါ တရားနှင့် စာကြည့်တိုက်ကော်မတီ၏ လှုပ်ရှားမှုဖြင့် သုတ၊ ရသစာအုပ်ပေါင်း ၃၀၀၀ ကျော်ကို ဖတ်ရှုရန် နှင့် ငှားရမ်းပေးရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ဆယ်နှစ်တာကာလအတွင်း မည်မျှပင်ဝန်ဆောင် မှုကောင်းစေကာမူ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာလအလွန် စာဖတ်သူနှင့် စာငှားသူများ လျော့ကျ ခြင်း၊ အဆောက်အဦကြံ့ခိုင်မှု အားနည်းလာခြင်း ပရိဘောဂလိုအပ်ချက်များအတွက် တာဝန်ရှိသူ တို့က ဆက်လက်ဖြည့်ဆည်း လုပ်ဆောင်သွားရန် လိုအပ်လျက်ရှိသည်။
မြန်မာ့မျက်ပွင့်စာကြည့်တိုက်ကို ဆရာကြီး ဇေယျ၏ စာအုပ်အမည်ဖြင့် ဂုဏ်ပြုတည်ထောင် ခဲ့ခြင်းဖြစ်၍ စာကြည့်တိုက်(၁၀)နှစ်ပြည့် အကြိုကာလ တွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများနှင့် ကြုံကြိုက်တိုက်ဆိုင်နေသဖြင့် ဆရာကြီး၏ လူငယ် များ စာပေလိုက်စားရန် အရေးကြီးပုံနှင့် စာပေ၏ တန်ဖိုးကြီးမားပုံတို့ကို ဖော်ညွှန်းသည့် စာပေအချို့ ကို တင်ပြအပ်ပါသည်။
ဆရာကြီးက စာကောင်းပေကောင်း ဖတ်ရှု ဆည်းပူးရန် အရေးကြီးပုံနှင့်ပတ်သက်၍ “စာပေ သည် လူတို့၏စိတ်၌ဖြစ်၏။ လူတို့၏စိတ်၌ ကိန်းအောင်းတတ်၏။ စာပေသည် လူတို့၏စိတ်ကို ပြုပြင်နိုင်စွမ်းကား ကြီးမားစူးရှလှသော တန်ခိုး သတ္တိရှိ၏။ လူတို့ကို ကောင်းရာသို့လည်း ပို့နိုင်၏။ နတ်ပြည်နတ်ရွာအထိ ဆွဲဆောင်ပို့သသူမှာလည်း စာပေပင်ဖြစ်၏။ ဆိုးသွမ်းမိုက်မဲအယူမှောက်မှား ငရဲသို့ သွားစေသည်မှာလည်း စာပေပင်ဖြစ်၏။ စာပေဆိုတိုင်း ဟုတ်လိမ့်နိုးနိုး မကိုးစားအပ်ချေ။ ကောင်းကျိုးပေးစွမ်းနိုင်သော စာကောင်း၊ ပေကောင်း တို့ကို ဖတ်ရှုဆည်းပူးမိရန် အရေးကြီးပေသည်။ စာပေအသိပညာကင်းမဲ့သော လူရမ်းကားတို့၏ စိတ်သည် ဆင်ရိုင်းကြီးတစ်ကောင်ပမာ တွေ့သမျှ မြင်သမျှ ထိုးသတ်ဖျက်ဆီးတတ်သဖြင့် မကောင်းမှု အပေါင်းတို့၏ စတင်မြစ်ဖျားခံရာဟုလည်း ဆိုရ မည်ဖြစ်လေသည်”ဟူ၍ ရေးသားခဲ့ဖူးသည်။ (၁၉၆၃- ခုနှစ်၊ စာသဘင်)
“ဓားသွားထက်၊ ကလောင်သွားထက်ပုံနှင့် ပတ်သက်၍ ဆရာကြီးက ဓားသွားထက် ကလောင် သွားထက်သည်ဟု ဆိုကြ၏။ ထိုစကားအလွန်မှန်၏။ မှန်သလောက်တာဝန်ကြီး၏။ ဓားသွားထက်လျှင် လူတစ်ထောင်၊ လူတစ်သောင်းလောက် သေကျေ နိုင်၏။ ကလောင်ထက်လျှင်မူကား လွတ်လပ်ရေး ပျောက်၍ လူမျိုးတစ်မျိုးလုံး သေနိုင်၏”ဟူ၍ ရေးသားဆုံးမခဲ့သည်။ (၁၉၇၄ - ခုနှစ်၊ မြန်မာ့ မျက်ပွင့် စာဓလေ့)
စာပေ၏ အကြီးဆုံးဆု
“အနန္တသူရိယ အမတ်ကြီးသည် သူရေးသီ ခဲ့သောစာကြောင့် သေပွဲဝင်ခဲ့ရ၏။ သို့သော် ဤအလင်္ကာအတွက်ရသောဆုကား ကြီးမားလှပေ ၏။ ဒေါသမာနနှင့် အမျက်ဒေါသပြင်းထန်လှသော ဘုရင်အား ယဉ်ကျေးသွားအောင် ဆုံးမနိုင်ခဲ့၏။ ယင်းနောက် ရာဇဝတ်ဘေးသင့်သူတို့မှာ မှားသည် မှန်သည် အယူခံမရှိ၊ သေရမည့်ဘေးမှ လွတ်မြောက် ကြ၏။ ဆုငွေလာဘ်ငွေထက် အဖိုးတန်လှ၏။ ကြီးစွာသော အဘယဒါန ကုသိုလ်ကြီးဖြစ်၏။ ဤအလင်္ကာအတွက် အနန္တသူရိယရသော ဆုကား လောက၌ အကြီးတကာ့ အကြီးဆုံးဖြစ်၏။” ဟု ရေးသားခဲ့ပြန်သည်။ (၁၉၇၄ - ခုနှစ်၊ မြန်မာ့မျက်ပွင့် စာဓလေ့)
ဆရာကြီးအား ထာဝရဂုဏ်ပြုလေးစားသော အားဖြင့် မြန်မာ့မျက်ပွင့်စာကြည့်တိုက်၏ ရှေ့တွင် ဆရာကြီး၏ အထိမ်းအမှတ်ရုပ်တုကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဆရာကြီး ဇေယျ (ဦးယော) ကို ၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီခရိုင် ဇီးကုန်းမြို့၌ အဘ ကျက်သရေဆောင် ရွှေစလွယ်ရ သစ်တော ဝန်ထောက်ကြီး ဦးခလယ်၊ အမိ ဒေါ်ရွှေကြိုးတို့က ဖွားမြင်သည်။ စစ်ပြီးခေတ် ပြန်ကြားရေးဌာနတွင် ဝင်ရောက်အမှုထမ်းပြီး ညွှန်ကြားရေးဝန်ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ မြန်မာ့နိုင်ငံ သမိုင်းကော်မရှင်၊ စာပေဗိမာန်ဆုရွေးချယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းဥက္ကဋ္ဌတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ဆရာကြီး၏ ဝတ္ထု၊ ဆောင်းပါး တို့မှာ ခေတ်အဆက်ဆက် ရှင်သန်လျက်ရှိပြီး ယင်းတို့ အထဲတွင် မြန်မာ့မျက်ပွင့်စာအုပ်မှာ ထူးခြားသော ဂန္ထဝင်မြောက်လက်ရာဖြစ်သည်။ ဆရာကြီးသည် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၅ ခုနှစ်တွင် သီရိပျံချီဘွဲ့တို့ကို ချီးမြှင့်ခြင်းခံရ သည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့စာအုပ်ဖြင့် စာပေဗိမာန် စာပဒေသာဆု ရရှိခဲ့ပါသည်။
ဆရာကြီးသည် မြန်မာ့လူ့ဘောင်အတွက် တန်ဖိုးကြီးမားသော စာကောင်းပေမွန်များကို ရေးသားပြုစုထုတ်ဝေရင်း ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ချမ်းသာလမ်း အိမ်အမှတ်(၅)တွင် ကွယ်လွန်ခဲ့ပါကြောင်း မြန်မာ့မျက်ပွင့် စာကြည့်တိုက် (၁၀) နှစ်ပြည့်အား ဂုဏ်ပြုကြိုဆို လျက် ရေးသားတင်ပြအပ်ပါသည်။ ။
- Log in to post comments