စာရေးသူရဲ့ ဝေဒနာနဲ့ စေတနာ

Type
1

 

ဆောင်းနှင်းပွင့်ဖြူ

 

စာရေးဆရာအလုပ်ကို တော်ရုံတန်ရုံ ဇွဲသတ္တိနဲ့ မလုပ်နိုင်ကြပါဘူး။ လမ်းတစ်ဝက် မရောက်ခင် “တော်ပြီ တော်ပြီ” ဆိုပြီး ပြန်လှည့်သွားသူ၊ ရပ်နားလိုက်သူတွေပဲ  များပြားပါတယ်။  အပြစ်ဆိုခြင်းမဟုတ်ပါ။ အဖြစ်မှန်အခြေအနေကို ဖော်ပြခြင်းပါ။

 


စည်းအပြင်က လူတစ်ယောက်


အားနက်စ်ဟဲမင်ဝေး (၁၈၉၉-၁၉၆၁) ဆိုတဲ့ ကမ္ဘာကျော် အမေရိ ကန်စာရေးဆရာက ပြောဖူးတယ်-


“စာရေးဆရာဆိုတာ အမြဲတမ်းအထီးကျန်ပါပဲ။ အမြဲတမ်းလည်း စည်းအပြင်က လူတစ်ယောက်ဖြစ်နေတတ်ပါတယ်”တဲ့။ 
အားနက်စ်ဟဲမင်ဝေးရဲ့   ဖခင်ဟာ   ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အသက် ၃၀ အရွယ်လောက်မှာပဲ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ ဟဲမင်ဝေးရဲ့ စိတ်ထဲမှာ  အရိပ်မည်းတစ်ခု စွဲထင်ခဲ့သလိုပဲ။ ဘာကြောင့်လဲတော့ မပြောတတ်ပါဘူး။ အောင်မြင် ထင်ရှားလှတဲ့   အမေရိကန်ထိပ်တန်း   နာမည်ကျော်စာရေးဆရာ ဟဲမင်ဝေးကလည်း အသက် ၆၂ နှစ်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ ပါတယ်။ သတ်သေခြင်းဆိုတာ   မျိုးရိုးလိုက်တတ်တယ်လို့တော့ အထောက်အထား မရှိခဲ့ပါဘူး။
အားနက်စ်ဟဲမင်ဝေး မွေးဖွားခဲ့တဲ့ ၁၈၉၉ ခုနှစ်မှာပဲ တစ်နှစ် တည်း အတူမွေးဖွားတဲ့ ကမ္ဘာကျော် ဂျပန်စာရေးဆရာကြီးတစ်ဦး ရှိပါသေးတယ်။ သူကလည်း ၁၈၉၉ ခုနှစ်မှာ မွေးတယ်။ သူ့ဖခင်က လည်း အထက်တန်းစားဆရာဝန်တစ်ဦးဖြစ်တာလည်း တူပြန်တယ်။ သူတို့ချင်းတူကြပြန်တာ တစ်ချက်က စိတ်မကောင်းစရာပဲ။ မိမိကိုယ် ကို သတ်သေခြင်းမှာလည်း တူညီနေကြပြန်ပါတယ်။ သူ့အမည်က ကဝါဘာတ(၁၈၉၉-၁၉၇၂)၊ စာပေ နိုဘယ်ဆုရတဲ့ ဂျပန်စာရေးဆရာထဲ မှာ သူဟာ ပထမဦးဆုံးပါပဲ။ သူမသေမီ နှစ်နှစ်အလို (၁၉၇၀ပြည့်နှစ်) မှာ သူနဲ့ချစ်ခင်တဲ့မိတ်ဆွေ ယူကီရိုမီးရှီးမားဟာ သူ့ကိုယ်သူ သတ်သေ သွားခဲ့တယ်။ သူအကြီးအကျယ် စိတ်ထိခိုက်ခံစားရတယ်။ စိတ်ဓာတ် ကျမှုတွေ အဆက်မပြတ် ဖိစီးတယ်။ သူ့ရဲ့ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ကမ္ဘာအဝန်းကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ၁၉၆၈ ခုနှစ်မှာ စာပေဆိုင်ရာနိုဘယ်ဆုရခဲ့ခြင်းဖြစ်ပါတယ်။

 


စစ်နဲ့ငြိမ်းချမ်းရေး


နိုဘယ်ဆုရခြင်း၊ မရခြင်းသည် စာရေးဆရာအချို့အတွက်တော့ ဘာမှအရေးမပါဘူးဆိုရင်လည်း ရပါတယ်။ ကမ္ဘာကျော်စစ်နဲ့ငြိမ်းချမ်း ရေး ဝတ္ထုရှည်ကြီး (ရုပ်ရှင်အဖြစ် သုံးကြိမ်လေးကြိမ် ရိုက်ကူးခဲ့ကြဖူး တယ်)ကို အကြိမ်ပေါင်း ခုနစ်ကြိမ်၊ ရှစ်ကြိမ် အထပ်ထပ် အဖန်ဖန် ပြန်ရေးခဲ့ပြီး အခန်းတစ်ခန်းကို  စိတ်တိုင်းမကျမချင်း  အကြိမ်ပေါင်း ၇၈ ကြိမ်တိုင်တိုင် ပြန်ကာပြန်ကာရေးခဲ့သူ စာရေးဆရာ လီယိုတော် စတွိုင် (၁၈၂၈-၁၉၁၀) ဟာ စာပေနိုဘယ်ဆုမရခဲ့ပါ။ သူ့ကိုစာပေနဲ့ ပတ်သက်ပြီး နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ၁၉၀၁၊ ၁၉၀၂၊ ၁၉၀၆ နဲ့ ၁၉၁၀ ပြည့်နှစ်တို့မှာ လေးကြိမ်တိုင်တိုင် အမည်စာရင်း ထည့်သွင်း စဉ်းစားခဲ့ကြပါတယ်။ တကယ်တမ်းမပေးဖြစ်ခဲ့ပါဘူး။ ဒါဟာလည်း စာမရေးသူတွေ  ပေးတဲ့ဆုကို     စာရေးသူက   လက်မခံလိုက်ရတာ ကံကောင်းခြင်းတစ်ရပ်ပါပဲ။

 


ကမ္ဘာ့စာဖတ်ပရိသတ်ကတော့ တော်စတွိုင်ရဲ့ စာပေလက်ရာ တွေကို ဖတ်တိုင်းဖတ်တိုင်း စာပေဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ စာပေကို လူသားအားလုံးအတွက် ကောင်းကျိုးရရှိစေအောင် မေတ္တာ စေတနာရော၊  အတတ်ပညာအနုပညာရော စာပေစွမ်းအား အလွန် တရာကြီးမားလှတဲ့ စာရေးဆရာကြီးပဲဆိုတာ ဘယ်သူမှ အငြင်းမပွား ပါဘူး။ သူ့ရဲ့ မိဘနှစ်ပါးက အမျိုးသားမြို့စားနဲ့ အမျိုးသမီးမြို့စားအဖြစ် သူကောင်းပြုခံရတဲ့ ဆွေကြီးမျိုးကြီးတွေပါ။ တစ်သက်လုံးစားလို့သုံးလို့ မကုန်နိုင်အောင်   ပြည့်စုံကြွယ်ဝတဲ့  မြေပိုင်ရှင်သူဌေးမင်းတွေပေါ့။ တော်စတွိုင်က လူတွေဟာ ချမ်းသာကြွယ်ဝလို့ မြေတွေ ဧကများစွာ ရာထောင်ချီပြီး   ဘယ်လောက်ပဲပိုင်ပိုင်  ဘဝနေဝင်ချိန်ရောက်ရင် ၂ ပေ x ၆ ပေ မြေကျင်းထဲမှာပဲ (ဘာတစ်ခုမှ မပိုင်ဆိုင်နိုင်တော့ဘဲ) လဲလျောင်းရမှာဖြစ်ကြောင်း သူ့ရဲ့ ဝတ္ထုထဲမှာ ထည့်ပြီး ခံစားနားလည် အောင် ရေးထားပေးပါတယ်။ ပိုင်ဆိုင်တယ်  ထင်သမျှဟာ  ရေပွက် ပမာ။ 

 


စစ်ရဲ့အနိဋ္ဌာရုံတွေ

စစ်နဲ့ငြိမ်းချမ်းရေးဝတ္ထုကြီးထဲမှာ စစ်ရဲ့အနိဋ္ဌာရုံတွေကို လူတွေ ကို ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား သိမြင်ခံစားရအောင် အကောင်း ဆုံးသရုပ်ဖော်ရေးပြသွားနိုင်ခဲ့တယ်လေ။ မဖတ်ဖူးသေးရင် ဖတ်ကြည့် စေချင်ပါတယ်။ စစ်ဆိုတာဘယ်လောက်များ ရက်စက်ပြီး ထိတ်လန့် ကြောက်ရွံ့ နာကြည်းစရာကောင်းသလဲ။ 
ယမ်းနံ့တွေပါတယ်။
သွေးညှီနံ့တွေပါတယ်။

 

လူသေအလောင်းတွေ  အစုလိုက်အပုံလိုက်    မြင်ကြရမယ်။ ခြေပြတ်လက်ပြတ်  သွေးသံရဲရဲတွေ  မြင်ရမယ်။    အလန့်တကြား အော်ဟစ်ငိုညည်းသံတွေ ကြားရလိမ့်မယ်။ အမြောက်ဆံ၊  ဗုံးသံတွေ ဆူညံပေါက်ကွဲ။
သားတကွဲ၊ လင်တကွဲ၊  ဆွေတကွဲ၊  မျိုးတကွဲ၊  မိသားစုတွေ ပျောက်ဆုံးကြေကွဲ   ကွဲကွာကြရပုံတွေကို  အော်ဂလီဆန်ပျို့အန်လာ လောက်အောင် ခံစားရလိမ့်မယ်။ တကယ့်သဘာဝကျကျ ဖော်ပြနိုင် တာပေါ့၊ သူကိုယ်တိုင်စစ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့  အတွေ့အကြုံတွေလေ။ အမြောက်တပ်မှာ အရာရှိလုပ်ခဲ့ဖူးတာကိုး။

 


ငယ်ရွယ်သူတွေ၊ ကလေးအဖေတွေ၊ လင်ယောကျ်ားတွေ စစ်သား စစ်ဗိုလ်အဖြစ်   တစ်ဖက်နဲ့တစ်ဖက်  လက်နက်မျိုးစုံနဲ့  တိုက်ခိုက် သတ်ဖြတ်ရင်း မိသားစုများကို စွန့်ခွာပြီး တမလွန်သို့ ထွက်ခွာသွားကြ ရပုံတွေ၊ ထိတ်လန့်တုန်လှုပ်စရာမြင်ရမယ်။ ခံစားရမယ်။

 


စစ်ရဲ့ဆိုးကျိုးကို ဘာမှမသိဘဲ အချို့က ပိုးဖလံမျိုး မီးကိုတိုးသလို စွတ်ပြီး ဇွတ်ဝင်တိုးနေကြတာရှိနေတယ်။ စာပေနဲ့လည်းဝေးကြတယ်။ ဗဟုသုတလည်း နည်းကြတယ်။ စစ်ဆိုတာ ဘာလဲ။ ငြိမ်းချမ်းရေးဟာ ဘယ်လောက်တန်ဖိုးကြီးမားသလဲ။
လူတစ်ယောက်ရဲ့ အာဏာငမ်းငမ်းတက် အရူးထမှုက စစ်ပွဲ တွေကို မီးရှို့ပေးပြီး လူသားပေါင်းများစွာကို  သေကျေဆင်းရဲငတ်မွတ် နာကျင်ခြင်း  ဆင်းရဲတွင်းထဲကို ကျဆင်းစေတယ်ဆိုတဲ့ အသိအမြင် သင်ခန်းစာတွေကို စစ်နဲ့ငြိမ်းချမ်းရေးဝတ္ထုရှည် (၁၈၆၉ မှာ ရေးသား)၊ မြန်မာဘာသာသို့  ဆရာမြသန်းတင့်က လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော် က ပြန်ခဲ့တယ်။

 


စာရေးဆရာဆိုတာ


၁၂  တွဲခွဲ၍  စောင်ရေများစွာ။   ပထမတွဲ၊   ဒုတိယတွဲခွဲပြီး လေးငါးခြောက်ကြိမ် ထပ်မံပုံနှိပ် ခဲ့ပြီးပြီ။ စာကောင်းပေကောင်းတွေက စာဖတ်သူတွေကို အသိအမြင် ဗဟုသုတ ကျယ်ဝန်းစေပါတယ်။ အမှန် နဲ့ အမှား၊ အကောင်းနဲ့အဆိုး ခွဲခြားဝေဖန်နိုင်အောင် လမ်းမှန်ညွှန်ပြ နိုင်ကြတယ်။

 


စာရေးဆရာဆိုတာ ဖယောင်းတိုင်လိုပါပဲ။
ပတ်ဝန်းကျင်ကို အမှောင်ပယ်ခွင်း လင်းကျင်းနေအောင်  မီးအလင်း ရောင်ပြသပေးပေမယ့်  သူကတော့  တဖြည်းဖြည်းနဲ့ လောင်မြိုက် ချုပ်ငြိမ်းသွားရတယ်။ ကြာလေတိုလေ။
သနပ်ခါးသွေးတဲ့ ကျောက်ပျဉ်လိုပါပဲ။

 


ပါးပြင်မှာ  မွှေးမြတဲ့   သနပ်ခါးလိမ်းကျံဖို့ရာ  ကျောက်ပျဉ်က အသွေးခံပေးရတာပဲ။
စာရေးဆရာက ပါးပြင်မွှေးပါစေလို့ သနပ်ခါးတုံးကို ပွတ်တိုက် ပေးရတာလေ။ ကျောက်ပျဉ်။
စာရေးဆရာက   ပန်းလိုချင်လို့  အပင်ကို   ပျိုးခဲ့ကြပေမယ့် သူကိုယ်တိုင် ပန်ဖို့အတွက် မဟုတ်ဘဲ အများပြည်သူတွေ ပန်ဆင်ပြီး မွှေးကြပါစေ၊ လှကြပါစေ။ တကယ်စင်စစ် ဥယျာဉ်မှူးတွေပါလေ။

 


လယ်မြေဧကပေါင်းများစွာ၊ ကျေးကျွန်လုပ်သား ဝန်ထမ်းများစွာ ပိုင်ဆိုင်ပြီး နန်းတော်တမျှ စံအိမ်ကြီးနဲ့ တစ်ထီးတစ်နန်းနေထိုင်နိုင်တဲ့ စာရေးဆရာလီယိုတော်စတွိုင်ဟာ   မကွယ်လွန်ခင်မှာ   အရာရာကို ပေးလှူစွန့်ကြဲခွဲဝေပေးခဲ့ပြီး  တစ်ခုသော  အေးမြလှတဲ့  ဆောင်းည ညဉ့်လယ်မှာ တစ်ကိုယ်တည်း အိမ်က ထွက်ခွာသွားခဲ့တယ်။ (သူ့ အတ္ထုပ္ပတ္တိရှိတယ်။ ရုပ်ရှင်တွေလည်း နှစ်ကြိမ် သုံးကြိမ်ရိုက်ထားဖူးကြ တယ်)၊ ၁၉၁၂၊ ၁၉၈၄ နဲ့ ၂၀၀၉ တို့မှာ တော်စတွိုင်ဘဝမှတ်တမ်းကို ရုပ်ရှင်ရိုက်ကူးတဲ့ သုံးမျိုးတောင်ရှိသတဲ့။ တစ်ကား ကြည့်ဖူးရဲ့။

 


အဲဒီညမှာပဲ   တော်စတွိုင်ဟာ  အဆုတ်အအေးပတ်ရောဂါနဲ့ အက်စတာပိုဗို မီးရထားဘူတာရုံလေးထဲမှာ ကွယ်လွန်သွားရှာပါတယ်။ သူ့ရဲ့ဘဝအဘိဓမ္မာတွေဟာ ဘာသာတရားအဆုံးအမများနဲ့ ကိုက်ညီ ကြပြီး ဗုဒ္ဓဘာသာသဘောနဲ့လည်း  အတော်ကြီးနီးစပ်ကြပါတယ်။ သူတော်စင်သူတော်ကောင်းပါပဲ။
ဘယ်အရာကမှ ပျော်ရွှင်ကျေနပ်မှု မရခဲ့ပါ
ဆက်စပ်တာ မဆက်စပ်တာအသာထား။ ရုရှားစာရေးဆရာကြီး ပြီးတော့ ကမ္ဘာကျော် ပြင်သစ်စာရေးဆရာတစ်ယောက်အကြောင်း ဆက်ပြောပါရစေဦး။

 


ဂီးဒီမိုပါဆွန်း(၁၈၅၀-၁၈၉၃) ဆိုတာ ကမ္ဘာကျော်အောင် စာရေး ကောင်းတဲ့ စာရေးဆရာတစ်ဦးပါ။ ၁၈၈၁ မှာ သူ့ရဲ့ဝတ္ထုတိုများစာအုပ် ဟာ နှစ်နှစ်အတွင်း အကြိမ်၂၀ ရိုက်နှိပ်ခဲ့ရတယ်။ ၁၈၈၃ မှာ ထွက်တဲ့ ဝတ္ထု Unie Vie ကလည်း တစ်နှစ်အတွင်း အုပ်ရေ နှစ်သောင်းခွဲရောင်းခဲ့ ရတယ်။ ၁၈၈၅ မှာ ထုတ်ဝေတဲ့ Bel Ami ဝတ္ထုရှည်ကတော့ ထွက်ရှိ ပြီး လေးနှစ်အတွင်း ၃၇ ကြိမ် ထပ်ရိုက်ခဲ့ရတယ်။ လူကြိုက်များပုံ စန်းတက်ပုံတော့  ပြောမနေနဲ့တော့။ စာရေးအားကလည်း ကောင်း သလားမမေးနဲ့။ စက်နဲ့လှည့်ထုတ်သလား အောက်မေ့ရတယ်။

 


ဂျိုးဇက်ပရူနီးယား၊ ဂီးဒီဇားလ်မောင့်၊ မူဖရစ်နူစီ စတဲ့ ကလောင် အမည်ကွဲ အမျိုးမျိုးနဲ့ ရေးသေးတယ်။
သူက ၁၈၉၂ မှာ သူ့လည်မျိုကိုဖြတ်ပြီး သေဖို့ကြိုးစားခဲ့တယ်။ ကံဖယ်တော့  သူ့တပည့်က ကယ်လို့ အသက်မသေဘူး။ ဒါပေမယ့် နောက်တစ်နှစ်အကြာ ၁၈၉၃ ခုနှစ်မှာတော့ ရူးသွပ်တဲ့ရောဂါနဲ့ ဂီးဒီ မိုပါဆွန်း  ကွယ်လွန်သွားခဲ့ရှာပါတယ်။ ပါရီမြို့တော်ရှိ မွန့်ပါနက်စီ သုသာန်က သူ့ရဲ့အုတ်ဂူပေါ်မှာ သူရေးခဲ့ဖူးတဲ့ စာနှစ်ကြောင်း ရေးသား ထားတယ်။ ထင်ရှားတဲ့ သူ့စာတစ်ပုဒ်-
“အရာရာကို ငါတပ်မက်ခဲ့ဖူးတယ်။
ဘယ်အရာကမှ ပျော်ရွှင်ကျေနပ်မှု မရခဲ့ပါ ” … တဲ့။

 


အကယ်၍သာ လူတွေဟာ စာကောင်းပေကောင်း စာကြီးပေကြီး တွေနဲ့ ထိတွေ့ရင်းနှီးကြမယ်ဆိုရင် လူသားရဲ့ဘဝတန်ဖိုးကို နားလည် တန်ဖိုးထားတတ်ကြမှာပဲ။    ဝတ္ထုတွေထဲက   ဇာတ်ကောင်တွေ ကောက်ကျစ်ဆိုးယုတ်လို့ ဒုက္ခကြုံရပုံတွေတွေ့မယ်။ စိတ်ကောင်း နှလုံးကောင်းနဲ့ သူတစ်ပါးအပေါ် ကူညီဖေးမမှု ပြုလုပ်ပေးကြလို့ မိမိ ဘဝလည်း အေးချမ်းသာယာပျော်ရွှင်စွာ နေရလေ့ရှိပုံတွေ မြင်ကြရ မယ်။ ဘဝသင်ခန်းစာတွေကို  ဓမ္မပဒဇာတ်တော်   ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့ စတာတွေကို ဖတ်သလိုပဲပေါ့။ လိမ္မာယဉ်ကျေးတဲ့ အတွေးအခေါ်အသိအမြင်တွေ တိုးလာကြလိမ့်မယ်။

 


စာပေထွန်းကားရေးဟာ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းမှာ ရုပ်ဝတ္ထု အစာအာဟာရ  လိုအပ်ချက်လိုပဲ  အရေးတကြီးလိုအပ်တဲ့ အရာမျိုးပေပဲ။ ဒါကို စဉ်းစားကြည့်ကြစေလိုပါတယ်။

 


စာပေတွေကို ဖတ်ရင်းဖတ်ရင်းက နှစ်သက်ကျေနပ်မှုတွေနဲ့အတူ ဘဝအမြင်၊ လောကအမြင်တွေဟာ ပြောင်းလဲသွားစေပါတယ်။ အမြင် မကျဉ်းတော့ဘူး။ သဘောထား မသေးသိမ်တော့ဘူး။ နေရာတကာ ငါနဲ့ သူတို့ဆိုတဲ့ ရန်လိုသွေးကွဲတဲ့ ရပ်တည်ချက် ခွဲခြားရှုမြင်ခြင်း အစွဲမျိုးတွေ ပျောက်ကင်းသွားမှာပဲ။ မရိုင်းစိုင်းတော့ဘူးပေါ့။

 


စာဖတ်သူတွေကို ဗဟုသုတအမြင်တွေရစေအောင်၊ နှစ်သက် ကြည်နူးမှု  ရသခံစားချက်တွေ   မျှဝေနိုင်လေအောင်  တကုပ်ကုပ်နဲ့ တစ်ယောက်တည်း အထီးကျန်စွာ စာရေးနေတဲ့  စာရေးဆရာဘဝ ဆိုတာ အခြားဝါသနာမပါ စိတ်မဝင်စားသူအတွက် ပျင်းရိငြီးငွေ့စရာ အလုပ်တာဝန်မျိုးတစ်ခုပါပဲ။   တကယ်တော့   သူကိုယ်တိုင်   မျက်စိ ညောင်းအောင်၊ လက်ညောင်းအောင်ရေးနေရတဲ့ စာရေးသူကိုယ်တိုင် လည်း တစ်ခါတစ်ရံ ငြီးငွေ့မိတာ၊ မပျော်ပိုက်နိုင်တာ ရှိပေမှာပဲ။

 


ဗာဂျီးနီးယားဝုဖ်(၁၈၈၂-၁၉၄၁)ဟာ ကမ္ဘာကျော် စာပေရေးနိုင် တဲ့     စာရေးဆရာမအဖြစ်       ထင်ပေါ်ကျော်ကြားနေဆဲမှာပဲ    သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ သူဟာ အင်္ဂလန်သူ၊ အင်္ဂလိပ်မ။

 


ပြင်သစ်စာရေးဆရာမ မဒမ်ဆီမွန်ဒီဗူးဗွား (၁၉၀၈-၁၉၈၆)ဟာ ကျောင်းဆရာမ၊   တက္ကသိုလ်ကထိက   စသည့်တာဝန်များအပြင် ထင်ရှားတဲ့    ကမ္ဘာကျော်စာရေးဆရာမ   တစ်ယောက်ဖြစ်တယ်။ သူ့လက်ရာ   စာအုပ်တော်တော်များများကိုလည်း   မြန်မာဘာသာ ပြန်ခဲ့ကြတယ်။ ဆရာမြသန်းတင့်လည်း ပြန်ဖူးတယ်။

 


စာကောင်းပေကောင်း၊ စာကောင်းပေမွန်တွေ ရေးခဲ့တယ်ဆို ပေမယ့်  တက္ကသိုလ်မှာ   စာသင်ခွင့်     ရပ်ဆိုင်းခြင်းခံရဖူးတယ်ဆိုတဲ့ လူ့ကျင့်ဝတ်နဲ့မညီတဲ့    လိင်ကိစ္စပြဿနာမျိုးတွေနဲ့    အထင်အမြင် သေးခံရတာ၊ ဝိုင်းပယ်ခံရတာမျိုးတွေလည်း လောကဓံသဘာဝ ကြုံခဲ့ ရတယ်။ သူက   ပြင်သစ်နိုင်ငံ   ပါရီမြို့သူ၊ ပါရီမှာမွေး၊  ပါရီမှာသေ။ ပြင်သစ်က ယဉ်ကျေးမှု ရောထွေးယှက်နွှယ်မှုတွေလည်း များပေတယ်။

 


စာရေးတယ်ဆိုတာ စာရေးဆရာနဲ့ စာပေလက်ရာကို တင်စားရင် ကမာကောင်ရဲ့ ရင်ထဲကို သဲမှုန်ခဲလေးတစ်ခုခုဝင်တာမျိုး ခံစားပြီး ပုလဲရည်ညှစ်ထုတ်ဖုံးအုပ်ရာမှ ပုလဲလုံးဖြစ်ပေါ်သလိုမျိုး။  ကမာကောင် ကျတဲ့မျက်ရည်နဲ့ နာကျင်ခံခက်မှုဝေဒနာတွေကပဲ အဖိုးတန် ပုလဲ ရတနာထွက်ပေါ်စေခဲ့တာ မဟုတ်ပါလား။

 


စာပေက နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှုဆိုတဲ့ အရာမျိုး သီးသန့် သဘောပါရှိသလို ကမ္ဘာ့အမွေ၊ လူသားတွေရဲ့ လူ့သဘာဝ လူ့အဖွဲ့ အစည်းရဲ့ အနာဂတ်၊ လူအားလုံးရဲ့ အတွေးအခေါ်၊ ခံယူချက်၊ မျှော်လင့် ချက်နဲ့ ဖန်တီးမှုတွေလည်း ပါဝင်နေကြတယ်။ ဘာပဲဖြစ်ဖြစ်လေ၊ စာပေမြင့်မှ လူမျိုးမြင့်မှာကတော့ သေချာတယ်။  လူမျိုးရဲ့ဂုဏ်၊ နိုင်ငံ့ ဂုဏ်ကို စာပေအနုပညာယဉ်ကျေးမှုတွေကို  ပိုမိုမြှင့်တင်ပြီး  လှပ သာယာကောင်းမွန်အောင် စွမ်းဆောင်ကြပါစို့။          ။