စားသုံးသူကာကွယ်ရေး အသိပညာများကို ကျောင်းနေအရွယ်မှစ၍ သင်ကြားပေးမည်

Type

ဆောင်းပါး

==========

 

 

နိုင်ဦး(DOCA)

 

ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝတစ်လျှောက်လုံးတွင် အခက်အခဲတော်တော်များများ ကြုံတွေ့ခဲ့ရသော်လည်း ဖြေရှင်းနိုင်ခဲ့သည်သာ ဖြစ်သည်။ သို့သော် တချို့ကလေး ငယ်များ မေးမြန်းခဲ့သော မေးခွန်းအချို့ကိုမူ မဖြေနိုင်ခဲ့၍ စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူတို့တွေ မေးသည့် မေးခွန်းအချို့ကတော့ “ဆန်စေ့လေးတွေကို လူတစ်ယောက် တစ်စေ့စားရင် ဝနိုင်တဲ့အထိ အကြီးကြီး ဖြစ်အောင် ဘာလို့ မလုပ်ကြတာလဲတဲ့၊ လက်ရှိ ဆန်စေ့လေးတွေကို တစ်စေ့စားရင်ဝနိုင်အောင် လူတွေကို သေးသေးလေး လုပ်ရမယ့်အစား ဘာဖြစ်လို့ အများကြီး စားတဲ့လူကြီးကြီးတွေ ဖြစ်နေတာလဲတဲ့၊ ပြီးတော့မြန်မာနိုင်ငံက ငွေကလည်း စက္ကူ၊ အမေရိကန်နိုင်ငံက ငွေကလည်း စက္ကူ ဘာဖြစ်လို့ အမေရိကန်နိုင်ငံငွေက ကမ္ဘာသုံးဖြစ်နေတာလဲတဲ့၊ ကမ္ဘာပေါ်မှာ လူမျိုးစုပေါင်း ၇၀၀၀ ကျော်၊ ဘာသာစကားပေါင်း ၄၂၀၀ ကျော်ရှိနေတဲ့ အထဲက အင်္ဂလိပ်ဘာသာစကားက ဘာဖြစ်လို့ ကမ္ဘာ သုံး ဖြစ်နေတာလဲတဲ့၊ ပြီးတော့ ခွင့်မပြု ဓာတုဆေးဝါးတွေ၊ စံမမီပစ္စည်းတွေကို သုံးထားတာတွေကို စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စတွေအတွက် သုံးစွဲတော့ သေဆုံးသွားမှာ၊ ထိခိုက်ဒဏ်ရာရသွားမှာ၊ ဒုက္ခိတဖြစ်သွားမှာ၊ ရောဂါ

ရသွားမှာ၊ နစ်နာဆုံးရှုံးမှုတွေ ကြုံရမှာတွေကို သိသိကြီးနဲ့ ဘာလို့ဝယ်ယူသုံးစွဲနေကြတာလဲတဲ့” စသည်ဖြင့် မေးမြန်း ခံရသည့်အခါမှာတော့ ကျွန်တော် ချွေးပြန်ခဲ့ဖူးပါသည်။

 

ကလေးငယ်လေးများ နားလည်လောက်အောင် စပါးစေ့ကို ကမ္ဘာဦး သလေးစပါးကစ၍ ကြီးအောင် လုပ်လို့မရကြောင်း၊ လူသားများကိုလည်း အာဒံနှင့်ဧဝက ဖြစ်စေ၊ ဗြဟ္မာတွေကဖြစ်စေ၊ မျောက်ကဖြစ်စေ သဘာဝအတိုင်း ဆင်းသက်လာသည်ဖြစ်၍ သေး၍ မရကြောင်း၊ နိုင်ငံတကာသုံးငွေကြေး၊ ဘာသာစကားများ ကိုလည်း နိုင်ငံအများစု၏ သဘောတူညီချက်နှင့် လုပ်ခြင်းဖြစ်ကြောင်း၊ စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများ ဆောင်ရွက်ရာတွင် စံမမီပစ္စည်းများ၊ ခွင့်မပြုဓာတုဆေး များသုံးစွဲပြီး ထုတ်လုပ်ရောင်းချသည်များကို မသိ၍ ဝယ်ယူသုံးစွဲမိသဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရခြင်း ဖြစ်ကြောင်း၊ ဤကဲ့သို့ မဖြစ်အောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ကို ပြဋ္ဌာန်းကာ စားသုံးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များဘက်ကလည်း ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီရန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချစေရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းပြရသည်။

 

မကြားဖူးသော ရောဂါများ၊

ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်

 

ကမ္ဘာပေါ်တွင် နေ့စဉ် လူ ငါးသောင်းကျော် သေဆုံး လျက်ရှိရာတွင်လည်း သမားရိုးကျ သက်တမ်းစေ့သေဆုံး မှု၊ စစ်ပွဲ၊ အဓိကရုဏ်းများကြောင့် သေဆုံးမှုများထက် လူတို့၏ နေထိုင်စားသောက်မှုပုံစံများကြောင့် ၈၅ ရာခိုင်နှုန်း ပါဝင်နေကြောင်း မီဒီယာများတွင် ပညာရှင် များက ထောက်ပြရေးသားကြသည်ကို ဖတ်ရှုရသည်။ ယနေ့ခေတ်တွင် ကမ္ဘာကြီးသည် ရွာကြီးပမာ ဖြစ်လာ သဖြင့် ကမ္ဘာအရပ်ရပ်မှ ဖြစ်ပေါ်နေသော သတင်းအချက် အလက်များကို အချိန်တိုအတွင်း သိရှိလာကြသည်။ အလုပ်များများ လုပ်နေကြရသည်။ ဘဝနေထိုင်မှုအတွက် အလွန်အရေးကြီးသည့် နေ့စဉ်နေထိုင်စားသောက်ရန် လိုအပ်သော လူသုံး၊ အိမ်သုံး ဝန်ဆောင်မှုများကို ရွေးချယ်ရယူသုံးစွဲရန် အချိန်မပေးကြ၊ အရန်သင့် စားသောက်ကုန်ပစ္စည်းများ၊ အမြင်လှလှ အသွင်ကြွကြွ ထုပ်ပိုးထားသောပစ္စည်းများကို အလွယ်တကူ ရယူသုံးစွဲ နေကြသည်။ ထို့ကြောင့် မကြားဖူးသော ရောဂါများ၊ ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်နေခြင်းဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူ့စွမ်းအားအရင်း အမြစ်များ မဆုံးရှုံးစေရေး၊ နိုင်ငံသူ နိုင်ငံသားများ သက်တမ်းစေ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး၊ မိမိနိုင်ငံသို့ တင်သွင်းသော၊ မိမိနိုင်ငံမှတင်ပို့သော လူသုံး၊ အိမ်သုံးပစ္စည်းများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိရေးအတွက် အရေးကြီး တာဝန်တစ်ရပ်အဖြစ် သဘောထားကာ အလေးထား ဆောင်ရွက်လျက်ရှိသည်။ မိမိနိုင်ငံ၊ မိမိနိုင်ငံသားများ သာမက မိမိနိုင်ငံမှ တင်ပို့သောပစ္စည်းများကို ရယူသုံးစွဲ နေကြသည့် အခြားနိုင်ငံများရှိ နိုင်ငံသားများ ဘေးကင်းရေး အတွက်ပါ အလေးထားဆောင်ရွက်နေကြသည်ကို ဝမ်းသာဖွယ် သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးလွှမ်းခြုံကာ ဆောင်ရွက်မြန်မာနိုင်ငံတွင်လည်း ပြည်သူများအား စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော လူသုံး အိမ်သုံးဝန်ဆောင်မှုများ ရယူသုံးစွဲစားသုံးနိုင်ရေးတို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ကို ပြဋ္ဌာန်းကာ စားသုံးသူပြည်သူများ၊ လုပ်ငန်းရှင်များအား ဟောပြော ဆွေးနွေးခြင်း၊ စစ်ဆေးပညာပေးခြင်း၊ သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ အရေးယူဆောင်ရွက်ခြင်း များအား မြန်မာနိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံကာ ဆောင်ရွက် လျက်ရှိပါသည်။

 

သို့သော် ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို တချို့ သော စားသုံးသူများသည် အလေးမထား ပုံမှန်အတိုင်း အန္တရာယ်မကင်းသော လူသုံး၊အိမ်သုံးဝန်ဆောင်မှုများကို ရယူသုံးစွဲနေလျက်ရှိကြသဖြင့် သေဆုံးခြင်း၊ ဆေးရုံဆေးခန်း ရောက်ခြင်းများ ကြုံတွေ့လျက်ရှိနေသည်ကို မီဒီယာများ တွင် နေ့စဉ်လိုလို ကြားသိနေရသည်။ အလားတူပင် လုပ်ငန်းရှင်အချို့သည်လည်း ဝိသမလောဘကို အခြေခံ၍ မိမိကိုယ်ကျိုးအတွက် ဦးတည်ကာ တရားမဝင်အန္တရာယ်ရှိ လူသုံးအိမ်သုံး ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေဆဲ၊ ထုတ်လုပ်နေဆဲပင် ဖြစ်သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိနေဆဲပင် ဖြစ်သည်။ အဆိုပါ စားသုံး သူရော လုပ်ငန်းရှင်များပါ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားဖြစ်စေပြီး အမျိုးသားရေးတာဝန် တစ်ရပ်ကို မျက်ကွယ်ပြုထားသူများ ဖြစ်ကြသည်။ နိုင်ငံသူ နိုင်ငံသားများ အားလုံးက မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ ကျန်းမာပျော်ရွှင် ဖွံ့ဖြိုးတိုးတက်သော လောက သစ်တစ်ရပ်ကို လျင်မြန်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးမှ အောင်မြင် နိုင်မည် ဖြစ်ပါသည်။

 

မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ရေး၊ ဘေးဥပဒ်အန္တရာယ်ရှိသော၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုမရှိသော လူသုံးအိမ်သုံးဝန်ဆောင်မှုလုပ်ငန်း များအား ရယူသုံးစွဲ စားသုံးမှုမပြုရေး၊ လူသားကမ္ဘာ ရေရှည် တည်တံ့ရေး၊ မျိုးဆက်သစ်များသို့ ကောင်းမွန်သော အမွေများ ပေးနိုင်ရေးတို့အတွက် ကောင်းမွန်သော နေထိုင်စားသောက်မှုပုံစံများသို့ ပြောင်းလဲပေးရန် လိုအပ် ပါသည်။

 

စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များသည် တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့် ခက်လှသည်။ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များသာမက နိုင်ငံသား တစ်ဦးချင်းစီမှ စားသုံးသူများရရှိမည့် အခွင့်အရေးများ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ တာဝန်ယူမှု တာဝန်ခံမှုကိစ္စများ၊ ကုစားဖြေရှင်းပေးနိုင်မည့်နည်းလမ်း များကိုသိရှိပြီး လိုက်နာဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ အထူးသဖြင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြ ရမည့်လူငယ်များကို ငယ်စဉ်ကတည်းက စားသုံးသူကာကွယ် ရေးနှင့်ပတ်သက်သော အသိပညာများကို ဖြန့်ဝေပေးသင့် ပါသည်။ ယခုအခါတွင်မူ ဝမ်းသာကျေနပ်စရာအဖြစ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းသုံးစာအုပ် များ၌ စားသုံးသူအသိပညာပေးရေး ဘဝတွက်တာ ကျွမ်းကျင်စရာ ပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသား ကျောင်းသူလူငယ်များကို သင်ကြားတော့မည် ဖြစ်ပါသည်။ သို့သော် လွယ်လွယ်တော့ မဟုတ်ခဲ့ပေ၊ သက်ဆိုင်ရာ ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စေတနာထား အရှည်မြော်တွေး ဆောင်ရွက်မှုများကြောင့်၊ စိတ်ဝင်တစား ဖြင့် ကြံဆဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်။ ထိုသို့ ပြဋ္ဌာန်းသင်ကြားပေးနိုင်ရေးအတွက် အချိန်များစွာယူခဲ့ ကြရသည်။ ငွေကြေးများစွာ သုံးစွဲခဲ့ရသည် အနာဂတ် အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုပင် ဖြစ်ပါ သည်။

 

တဖြည်းဖြည်း ပျောက်ကွက်သွားမည်ဖြစ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် ပုံမှန် အစည်းအဝေး အဋ္ဌမနေ့အစည်းအဝေးတွင် ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်းက စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် နိုင်ငံသားများအား စားသုံးသူပညာပေးရေး (Comsumer Education) ဘာသာရပ် သင်ကြားပေးခြင်းဖြင့် စားသုံးသူ အသိပညာ မြင့်မားလာပြီး ရွေးချယ်ဝယ်ယူစားသုံးလာကြခြင်းကြောင့် အန္တရာယ်ရှိသော အစားအစာ၊ ဆေးဝါးအတုများနှင့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ စျေးကွက်အတွင်းမှ အလိုအလျောက် တဖြည်းဖြည်း ပျောက်ကွက်သွားမည် ဖြစ်ရာ စားသုံးသူပညာပေးရေး ဘာသာရပ်ကို အခြေခံ ပညာသင်ရိုးညွှန်းတမ်းမှစ၍ ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့် အကြံပြုဆွေးနွေးတင်ပြခဲ့ကြ ပါသည်။

 

ထိုသို့ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေ ရေးအတွက် ငယ်စဉ်အခါ ပညာသင်ကြားသည့် အရွယ်မှ စ၍ အသိပညာပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများ၏ အားတက်သရော တင်ပြပေးမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ စိတ်ဝင်တစား ကြိုးစားဆောင် ရွက်ပေးခဲ့မှုများသည် အရာထင်ခဲ့ပြီဖြစ်လေသည်။ အနာဂတ်မျိုးဆက်သစ်များ၊ တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ်များအတွက် ကောင်းမွန်သော အမွေပေးခဲ့ရာ ရောက်ခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် စားသုံးသူ နှင့်ဆိုင်သော အသိပညာများကို အခြေခံပညာမှစ၍ သင်ခန်းစာအဖြစ် ထည့်သွင်း၊ သင်ကြားပေးနိုင်တော့မည် ဖြစ်၍ ဖြစ်ပါသည်။

 

အဓိကအချက်များနှင့် ပြဋ္ဌာန်းထား

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ ဘဝတွက်တာ ကျွမ်းကျင်စရာ ကျောင်းသုံးစာအုပ်တွင် စားသုံးသူနှင့် ဆိုင်သော အသိပညာအခန်း၌ စားသုံးသူများ ကျန်းမာ ကြစေဖို့အတွက် ကျန်းမာစေသော အစားအသောက် များကို ဝယ်ယူစားသုံးရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ ကျန်းမာသော စားသုံးသူများ ဖြစ်လာရန် လိုက်နာသင့်သည့်အချက်များ၊ အန္တရာယ်ရှိသော ကုန်စည်ဝန်ဆောင်မှုများကို တွေ့ရှိပါက ဆက်လက် ဆောင်ရွက်သင့်သည့်အချက်များကို ဒသမတန်း အရွယ်လူငယ်များအနေဖြင့် သိသင့်သိထိုက်သော စားသုံးသူကာကွယ်ရေး အသိပညာများကို တိုရှင်းတိကျ ပြည့်စုံစွာ ဖြစ်စဉ်ဖြစ်ရပ် အဓိကအချက်များနှင့် ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရပါသည်။ ဤကား အချိန်ယူကာ ဆောင်ရွက်ခဲ့ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အရှည်မြော်တွေးကာ ဆောင်ရွက်ခြင်းများ၏ ဆုလာဘ် များဟုပင် ဆိုချင်ပါသည်။

 

သို့ဖြစ်ပါ၍ နောင်အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ကျရာနေရာမှ ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် လူငယ်များသည် ကျောင်းနေအရွယ် ကလေးငယ်ဘဝမှ စ၍ ပြောပြစရာ မလိုလောက်အောင် စားသုံးသူကာကွယ် ရေး အသိပညာများရရှိတော့မည်၊ လိုက်နာကြတော့မည်။ ထိုအခါ လူတိုင်းလူတိုင်း စားသုံးသူတိုင်း စားသုံးသူအခွင့် အရေးများအတိုင်း ရရှိခံစားနိုင်တော့မည်၊ နစ်နာဆုံးရှုံးမှု များ ကြုံတွေ့ပါက ကုစားဖြေရှင်းပေးနိုင်မည့် နည်းလမ်း များကို သိရှိကြတော့မည်။ ထိုအခါ စီးပွားရေးလုပ်ငန်း ရှင်များကလည်း တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော၊ ထုတ်ကုန်လုံခြုံ

စိတ်ချရမှုရှိသော ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဖြန့်ဖြူးဆောင်ရွက်နိုင်တော့မည်။ စားသုံးသူများ စိတ်ကျေနပ်မှုရရှိကာ လုပ်ငန်းရှင်များ ပျော်ရွှင်ရတော့ မည်၊ ကျန်းမာဝပြောသော ပတ်ဝန်းကျင်ကောင်းအတွင်း စားသုံးသူရော လုပ်ငန်းရှင်များပါ နေထိုင်ကြရမည်။ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာမည်၊ တီထွင်ကြံဆမှု စွမ်းပကားများ ဖွံ့ဖြိုးလာမည်၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက် ရာတွင် အထောက်အပံ့ပြုလာနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ။