စစ်ကိုမျှော်၍   ခေါ်ကြသည်

Type


 

စာချစ်သူ

 

“ဂျပန်လေယာဉ်ပျံတွေ   ရန်ကုန်မြို့ကို    ဗုံးကြဲပြီးနောက်ရက်မှာ ငါတို့မိသားစုတွေလည်း  အမျိုးတွေရှိရာ      လေးမျက်နှာမြို့ကို ပြေးရတယ်။ လမ်းမှာ   လှေမှောက်လို့    ပစ္စည်းတွေ ပါသွားတယ်၊ ကျန်တဲ့ပစ္စည်းတွေကို ငါ မနှမြောပါဘူး။ စာအုပ်တွေပါသွားတာတော့ အတော်နှမြောတယ်ကွာ”
ငယ်စဉ်မှသည် လူလားမြောက်သည့်တိုင် အဖေ့၏ စစ်အတွင်း ကိုယ်တွေ့ဖြစ်ရပ်များက ကျွန်တော့်အဖို့ မရိုးနိုင်ပါ။ အဖေ့ကိုယ်တွေ့ ဖြစ်ရပ်ထဲတွင် ကျွန်တော် အမှတ်ရမိဆုံးဖြစ်ရပ်က  တောမီးလောင် တောကြောင် လက်ခမောင်းခတ်သည့် ကိစ္စဖြစ်လေသည်။
“ဂျပန်ခေတ်မှာ ရန်ကုန်က ပြန်စည်ကားလာတော့ တို့တစ်တွေ လည်း လှေငှားပြီး  ပြန်လာကြတယ်။ လှေသမားတွေကို ငါ့အစ်မတွေက ပါလာတဲ့ ငါးသေတ္တာတွေ၊   ငါးပိဆီကြော်တွေကို    လမ်းမှာ ငါတို့ စားသလို သူတို့တွေကိုလည်း ကျွေးတယ်။ ရန်ကုန်ရောက်ခါနီးတော့ လှေသမားတစ်ယောက်က ခင်ဗျားတို့ကို မူလက လမ်းမှာသတ်ပြီး ပစ္စည်းတွေယူဖို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်တို့ကို တစ်လမ်းလုံး ကျွေးမွေးလာတော့  ခင်ဗျားတို့လို လူကောင်းတွေကို မသတ်ရက်လို့ ခရီးအဆုံးအထိ လိုက်ပို့တာလို့  ပြောတယ်ကွ။    ငါ့ အစ်မတွေလည်း ဓားပြတွေမှန်းသိမှ ကြောက်လိုက်တာ တုန်နေတာပဲ။ မင်းတို့ ဒီခေတ် လူတွေ ဒါတွေကို မသိဘူးကွ၊ စစ်အတွင်းတုန်းက သိပ်ဒုက္ခရောက်တာ”
ထိုသို့ အဖေ့ထံမှ ကိုယ်မမီခဲ့ရသည့် ခေတ်ကာလကို သက်ကြီး စကား သက်ငယ်ကြားခွင့်ရခဲ့သည်မှာ  ကျွန်တော့်အဖို့ တန်ဖိုးရှိလေစွ။ အရွယ်ရောက်လို့ စာအုပ်စာပေတွေ လေ့လာဖတ်ရှုတော့ ထိုခေတ်က ပုံရိပ်များကို ဟိုတစ်စ ဒီတစ်စတွေ့မြင် လာရပြန်သည်။
ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း တစ်ရာကျော် သူ့ကျွန်ဘဝ  ရောက်ခဲ့ရသော ထိုခေတ်မြန်မာတို့သည် လွတ်လပ်ရေးကို ငတ်မွတ်တောင့်တခဲ့ကြသည်။ ဥရောပတွင် နာဇီ ဂျာမနီနှင့် ဗြိတိန်၊ ပြင်သစ်မဟာမိတ်တို့   ဒုတိယကမ္ဘာစစ်ကြီး  စတင်ဖြစ်ပွားချိန်တွင် တို့ဗမာအစည်းအရုံးဝင်    သခင်များသည်     “အင်္ဂလိပ်အခက် ဗမာ့အချက်” ဟု ခံယူကာ နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်ရန် လျှို့ဝှက် ကြံစည် ကြိုးပမ်းခဲ့ကြသည်။
ဂျပန်ကလည်း ဗြိတိန်၊ ပြင်သစ်၊ ဒတ်ချ် စသည့် မူလလက်ဟောင်း နယ်ချဲ့များထံမှ ကိုလိုနီနယ်မြေများကိုလုယူပြီး ထပ်ဆင့်နယ်ချဲ့နိုင်ရန် ဆင်ကြံ ကြံနေသည်။   ဂျပန်သည်   ထိုအချိန်က   တရုတ်ပြည်နှင့် စစ်အကြီးအကျယ်ဖြစ်နေသည်။    အင်္ဂလိပ်နှင့်    အမေရိကန်က တရုတ်ပြည်သို့ စစ်လက်နက်ခဲယမ်းမီးကျောက်များ  ပေးပို့နေသည်။ ဂျပန်တို့က အင်္ဂလိပ်နှင့် အမေရိကန်တို့၏ သင်္ဘောများမဝင်နိုင်အောင် တရုတ်ပင်လယ် ကမ်းခြေတစ်လျှောက်တွင် ဂျပန်စစ်သင်္ဘောများဖြင့် အခိုင်အမာ ပိတ်ဆို့ထားသည်။ ထို့ကြောင့် အင်္ဂလိပ်နှင့် အမေရိကန် တို့က   ရေကြောင်းမှ   လက်နက်ရိက္ခာများ  မပေးပို့နိုင်၍   တရုတ်-မြန်မာလမ်းမကြီးဖောက်ကာ ရိက္ခာခဲယမ်းများကို ပေးပို့နေရသည်။
ထို့ကြောင့်      ဂျပန်ဘုရင့်တပ်မတော်သည်    မီနာမီအော်ဂန် (ခေါ်) တောင်ပိုင်းအဖွဲ့ကိုဖွဲ့စည်း၍     တရုတ်-မြန်မာလမ်းမကြီး၏ ဆက်သွယ်မှုကို   ဖြတ်တောက်ရန်   ကြိုတင်စီစဉ်ဆောင်ရွက်လျက် ရှိသည်။ တရုတ် - မြန်မာလမ်းမကြီးပျက်စီးနိုင်ရန် အရင်းခံမှာ မြန်မာ့ လွတ်လပ်ရေးရလျှင်          အလိုလိုပိတ်သွားနိုင်မည်ဟုယူဆကာ ဗမာလူငယ်မျိုးချစ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဟိုင်နန်ကျွန်းတွင် ရဲဘော်သုံးကျိပ်ကို စစ်ပညာများသင်ကြားပေးခဲ့သည်။
၁၉၄၁ ခုနှစ်  နှစ်ဦးပိုင်းမှစ၍   အာရှအရှေ့တောင်ပိုင်းသို့လည်း စစ်ရိပ်စစ်ငွေ့များက   သန်းလာချေပြီ။     ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊    ထိုင်း၊    မြန်မာအပါအဝင်     အရှေ့အာရှ  သာတူညီမျှ ကြီးပွားရေးဆိုသော ဂျပန်တို့၏ ကြွေးကြော်သံနှင့်အတူ “ချယ်ရီပန်း များလည်း ပွင့်နေပါပြီ၊  ကျွန်မတို့ ဂျပန်ပြည်ကို တစ်ခါတစ်ခေါက် လာရောက် လည်ပတ်ကြပါရှင်။ ဂျပန်နီပွန် တပ်မတော်ကြီးကိုလည်း ကြိုဆိုကြပါ” ဟူသော ဂျပန်ပြည်မှ  အသံလွှင့်ချက်များကလည်း ညစဉ်ညတိုင်း  ထွက်ပေါ်လာသည်။   အဟုတ်မှတ်၍ မြန်မာပြည် သားများ ဝမ်းသာကြသည်။ အသံလွှင့်ချက်အပေါ် နားဝင်ချိုကြသည်။ 
နယ်ချဲ့အင်္ဂလိပ်ကလည်း မြန်မာပြည်သို့ မလွဲမသွေ စစ်ရောက် တော့မည်ဟုယူဆ၍ ၁၉၄၁ ခုနှစ် မတ်လက စတင်ကာ လေကြောင်းရန် ကာကွယ်ရေးကို စီမံကြသည်။ ဗုံးခိုကျင်းတူးခြင်း၊ မြေကတုတ်လုပ်ခြင်း၊ အချက်ပေးဥသြ၊  အေးဥသြ၊ ညမှောင်ချခြင်းများကို   နာရီပိုင်းနှင့် လေ့ကျင့်ပေးသည်။ အင်္ဂလိပ်အစိုးရက စစ်အတွက် အလုပ်များလာလေ၊ အင်္ဂလိပ်မုန်းသော မြန်မာလူထုက ဝမ်းသာလေ။ မှောင်ချသောညများ တွင် လေယာဉ်ရှာသော မီးမောင်းကြီးများကလည်း ကောင်းကင်မှာ ထင်းထင်းကြီး ထိုးသည်။   ထိုအခါ   ဂျပန်လေယာဉ်ပျံလာပါစေဟု ဆုတောင်းသူက တောင်းကြသည်။ ဂျပန်ကို အမျှော်ကြီး မျှော်ခဲ့ကြ သည်။
၁၉၄၁ ခုနှစ်၊   ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်။   ဂျပန် လေယာဉ်ပျံများလာချေပြီ။ မူလ  မဆွကပင် “အင်္ဂလိပ်တို့အတွက် ခရစ္စမတ်လက်ဆောင်”ဟု ဂျပန်အသံလွှင့်ဌာနက ကြေညာထားခဲ့၍ ရန်ကုန်သားအများစုသည် “ဂျပန်က အင်္ဂလိပ်အဆောက်အအုံနှင့် စစ်ဘက်ဆိုင်ရာဒေသတွေ ချတာပဲ။ တို့မြန်မာကို အာရှတိုက်သားချင်း ညီအစ်ကိုလို့ ဆိုထားတာပဲ။ တို့ရပ်ကွက်မျိုးကို ချမှာမဟုတ်ဘူး”ဟူ၍ ကောင်းကင်တိုက်ပွဲကို ရုပ်ရှင်ကြည့်သလို ဝမ်းသာအားရကြည့်နေ ကြသည်။ စဉ်းစားဉာဏ်ကြီးသော လူကြီးများသာလျှင် ဗုံးခိုကျင်းထဲ၌ ကြောက်ဒူးတုန်နေကြသည်။
စစ်ကိုမျှော်၍ ခေါ်ကြသူ အများစုမှာမူ ဂျပန်စစ်လေယာဉ်များ၏ ဗုံးဒဏ်၊ စက် သေနတ်ဒဏ်တို့ကြောင့် အတုံးအရုံး သေကျေပျက်စီး ခဲ့ကြရရှာသည်။ ဗိုလ်တထောင်ဘက်၊ ကမ်းနားလမ်း၊ အနော်ရထာ လမ်းနှင့် သိမ်ကြီးဈေးတို့တွင်  လူတွေ  သောက်သောက်လဲ သေခဲ့ ကြသည်။ 
ဗိုလ်တထောင်ရပ်ကွက်တစ်ခုတည်းမှာပင် ထိုခေတ်သတင်းစာ များ၏ ခန့်မှန်းချက်အရ   စုစုပေါင်း လူ ၃၀၀၀ ကျော် သေသည်ဟု ဖော်ပြခဲ့ကြသည်။ သင်္ချိုင်းများတွင် အလောင်းချင်းထပ်၍ ပုံထား ရသည်။   ကွမ်းခြံဘူတာရုံအနီးရှိ   သင်္ချိုင်းတစ်ခုတွင်  အလောင်း အပြတ်အသတ်၊ အကြီးအငယ်၊ အထီးအမ  အရွယ်အစားအမျိုးမျိုး စုပုံထားရသည်။
အခါခပ်သိမ်း ကြိတ်ကြိတ်တိုးအောင် စည်ကားလှသော သိမ်ကြီး ဈေးကြီးမှာ နေ့ ၁၂ နာရီ အချိန်ကြီးတွင်  လူသူဆို၍ နှစ်ယောက်၊ သုံးယောက်မျှသာရှိတော့သည်။ ဆရာကြီးရွှေဥဒေါင်းက “ကျွန်ုပ်တို့ နှစ်ယောက်လမ်းလျှောက်သွားသည့် ခြေသံများသည် ကျွန်ုပ်တို့အား ထိတ်လန့်စေမတတ် မြည်ဟိန်းဆူညံလျက်ရှိပါတော့သည်။ တောနက် ကြီးထဲ၌ တိတ်ဆိတ်ခြင်းသည် ကြောက်စရာကောင်းပါ၏။ သို့ရာတွင် စည်ကားလှသော မြို့ကြီးအလယ်၌ အစည်ကားဆုံးသော ဌာနတစ်ခု တွင်   အစည်ကားဆုံးသောအချိန်အတွင်း    တိတ်ဆိတ်ခြင်းကား (မကြုံရဖူးခြင်းအတွက်ကြောင့်)သာ၍ ထိတ်လန့်ဖွယ်  ကောင်းလှသည်” ဟု    တစ်သက်တာမှတ်တမ်းနှင့်    အတွေးအခေါ်များစာအုပ်တွင် မှတ်တမ်းတင်ရေးသားခဲ့ပါ၏။ 
ရန်ကုန်မြို့ထဲမှာ လူတွေမနေဝံ့ကြတော့။ ရွှေတိဂုံဘုရားကြီးနှင့် ကန်တော်ကြီး၊ ကန်တော်လေးရပ်ကွက်များသို့ သွေးရူးသွေးတန်းနှင့် ပြေးပြီး   သစ်ပင်သစ်ရိပ်တို့အောက်တွင်   ခိုလှုံနေကြသည်။  နံနက်   ၁၀ နာရီလောက်မှစတင်၍ နာရီပြန်တစ်ချက်လောက်မှ အေးဥသြဆွဲ နိုင်သည်။ ထိုနေ့မှစ၍ အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ကြီးပျက်စီးလေသည်။
တကယ်စစ်ဖြစ်ပြီဆိုလျှင် ရန်ကုန်မြို့ကြီးမှာ နေမဖြစ်တော့ပြီကို သည်တစ်ချီတည်းနှင့်သိကြ၍ နောက်တစ်နေ့ ၂၄ ရက်တွင် ရန်ကုန် သားများ အလုံးအရင်းနှင့် ကိုယ့်ဆွေမျိုး ကိုယ့်အဆက်ရှိရာဒေသများသို့ ထွက်ခွာကုန်ကြသည်။  ငွေကြေးတတ်နိုင်သူများက မော်တော်ကား စီးလုံးငှား၍ သွားကြသည်။ အချို့ ငွေကြေးရှိပါကလည်း  ကားငှား ၍မရကြ။ ဒီဇင်ဘာ ၂၃ ရက် ဗုံးကြဲပြီးသည့်အချိန်မှစတင်၍ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် မီးရထားလမ်း၊ မော်တော်ကားလမ်း၊ သင်္ဘော လမ်းတို့တွင် တင်းကျမ်းလူပြည့်ကျပ်လျက် ဖြစ်နေသည်။ 

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့။ ရန်ကုန်မြို့ကို ဂျပန်များ ဒုတိယအကြိမ်လာ၍ ဗုံးကြဲကြပြန်သည်။ ဗုံးကြဲလေယာဉ်  ၈၀ နှင့် တိုက်လေယာဉ် ၂၀ ပါဝင်သည်။ နံနက် ၁၀ နာရီ ခန့်မှာပင် စတင်သည်။ သည်တစ်ကြိမ်တော့ ရန်ကုန်သားများ တစ်ခါသေဖူး ပျဉ်ဖိုး နားလည် သွားသည်။   ပထမအကြိမ်လောက်   သေကျေမပျက်စီးသည့်တိုင် အရပ်သူ အရပ်သား ၇၅၀ မျှသေ၍ ၁၇၀၀ ခန့် ဒဏ်ရာရခဲ့ကြသည်။ မီးလောင်ဗုံးများပါ၍ အလုံရပ်ကွက် မီးလောင်သည်။   သန်လျင် ဘီအိုစီနှင့်   ရန်ကုန်မြစ်ကမ်း  ရေနံထားသိုရာတို့တွင်    မီးခိုးများ အူထွက်နေသည်။
ထိုအချိန်တွင်   ရန်ကုန်မြို့ထဲ   လူမနေကြတော့။ တစ်မြို့လုံး မီးလည်းမထွန်းရဲ၍   မှောင်မည်းနေသည်။   လူလည်းမရှိ အလွန် တိတ်ဆိတ်နေသည်။   တစ်ရပ်တစ်ကျေးကို   မပြေးနိုင်သူအချို့က ရွှေတိဂုံဘုရားရင်ပြင်တော်နှင့် ဇရပ်တန်ဆောင်းတို့တွင် လတ်တလော ပြေးဝင်ခိုလှုံကြလေသည်။ ရန်ကုန်မြို့ကြီး ပျက်စီးပြီဖြစ်၍ စားသောက် ဆိုင်များလည်း မရှိတော့၊ နေဖို့တွင်မက စားဖို့တွင်လည်း အခက်တွေ့ ရလေပြီ။ စစ်ကိုကြိုကြသူများ၊ မျှော်ကြခေါ်ကြသူများ၏ စိတ်ကူးနှင့် လက်တွေ့ဘဝသည် များစွာကွာခြားခဲ့လေသည်။
ပစ္စက္ခကာလတွင်လည်း နိုင်ငံရေးအခါတော်ပေး ဦးပုညတို့သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့်   တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန်၊  အလုံးစုံပျက်သုဉ်းစေရန်ရှေးရှု၍ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဘယ်နေ့ဘယ်အချိန်မှာ မြို့သိမ်းတိုက်ပွဲ၊  ဘာတိုက်ပွဲ   ညာတိုက်ပွဲ စတင်ရန်ဟူ၍ အခါတော်ပေးနေကြသည်။  
အရေးပေါ်အခြေအနေ     သတိပေးစာအဖြစ်     ပြည်သူများ မိမိအိမ်တွင်း Safe Shelter မှာ ပုန်းခိုကြရန်၊ Ensure လို အာဟာရ ဆေးမှုန့်များကို ဘူးလိုက်ဆောင်ထားကြရန်၊ ရိက္ခာ၊ ဆေးဝါးများ သိုမှီးထားကြရန် လှုံ့ဆော်ရေးသားလျက်ရှိကြသည်။
စစ်၏ သဘောသဘာဝနှင့် စစ်၏အနိဋ္ဌာရုံများ၊ စစ်ဘေးအန္တရာယ် များ၊ စစ်၏ နောက်ဆက်တွဲဆိုးကျိုးများနှင့်   စစ်ဘေးဒုက္ခများကို မသိနားမလည်သူအချို့နှင့် အာဃာတကိုရှေ့တန်းတင်၍ အစွန်း ရောက်နေသူအချို့သည် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် စစ်ကိုမျှော်၍ ခေါ်နေကြသည်။   မြို့ပြသို့  တကယ်တမ်း  စစ်ပွဲများရောက်လာပြီ ဆိုမှဖြင့် ------ 
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်က ဂျပန်စစ်လေယာဉ်များကို “တို့ရပ်ကွက်မျိုး ချမှာ မဟုတ်ဘူး”ဟူ၍ လက်ထွက်ပြကြိုဆိုကြသည့် ဘုမသိ   ဘမသိ   စစ်ကိုမျှော်၍ခေါ်ခဲ့ကြသူများ၊ မကောင်းသူထိပ်   ကောင်းသူထိပ်ဟု  ဗုံးတွေချ၊   စက်သေနတ်နှင့်    မွှေသွားကြသည့် ဂျပန်စစ်လေယာဉ်ပျံများ၊ သောက်သောက်လဲ အတုံးအရုံးသေဆုံး ကျန်ရစ်ခဲ့ကြသည့် မြို့ခံလူထုများ၊ “မင်းတို့ဒီခေတ်လူတွေ ဒါတွေကို မသိဘူးကွ၊  စစ်အတွင်းတုန်းက   သိပ်ဒုက္ခရောက်တာ”   ဟူသည့် သက်ကြီးစကား သက်ငယ်ကြား    အဖေ့စကားသံများကို  ပြန်လည် မြင်ယောင် ကြားယောင်မိပါ၏။