
နေပြည်တော် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်း ရှိ အချို့ကျေးရွာများ၌ PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများ နှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများ ပြည်သူနှင့်သက်ဆိုင်သည့်နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထု နှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိ ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိစဉ် ယင်းမာပင်မြို့နယ် ချင်းပုန်း ကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိ ခိုအောင်းလျက်ရှိကြောင်း သတင်းအရ ကျေးရွာဘုန်းတော်ကြီးကျောင်း နှင့် စာသင်ကျောင်းအား လိုအပ် သည့် စစ်ဆေးခြင်းများ ဆောင် ရွက်နိုင်ရေး ချဉ်းကပ်စဉ် အပြန် အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် အရှေ့မြောက်ဘက်နှင့် အနောက် ဘက်သို့ ထိခိုက်ဒဏ်ရာရရှိမှု များစွာဖြင့် ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်နေရာအား ရှင်းလင်း ရှာဖွေခဲ့ရာ PDF အမည်ခံအကြမ်း ဖက်သူ အမျိုးသား၊ အမျိုးသမီး အလောင်းအချို့၊ လက်လုပ် သေနတ်မျိုးစုံ ၁၈ လက်၊ လက်လုပ် စိန်ပြောင်းလေးလက်၊ လက်လုပ် လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၄လုံး၊ အမ်-၂၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၇ တောင့်နှင့် အခြား ဆက်စပ်ပစ္စည်းများ၊ KLUGER အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ SKAT အမျိုးအစား မော်တော်ယာဉ် နှစ်စီး၊ Light Truck အမျိုးအစားမော်တော် ယာဉ် နှစ်စီး၊ SURF အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် မျိုးစုံ ၄၅ စီး၊ Drone တစ်စီး၊ လမ်း လျှောက် စကားပြောစက်များ၊ နိုင်ငံကူးလက်မှတ် ၃၆ အုပ်နှင့် အလျားပေ ၁၀၀၊ အနံပေ ၁၀၀ ရှိ လေ့ကျင့်ရေးကွင်း တစ်ခုတို့ကို သိမ်းပိုက်ရရှိခဲ့သည်။
အကြမ်းဖက်သမားများအနေ ဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင် သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ် များကို အကာအကွယ်ရယူပစ်ခတ် တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်း သည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက် ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက် ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူ လူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်