Type

အင်တာဗျူး - ထိုက်အောင်ဝင်း
နိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှု အခြေ အနေများနှင့် ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်သော ဦးဆောင်သူ များ၏ CDM ( Civil Disobedience Movement) လှုပ်ရှားမှုမှသည် ပြည်သူအများ လိုလားတောင့်တသော ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်နေပြီး အဖျက်အမှောင့် လုပ်ရပ်များကိုသာ ဦးတည်နေသည်။ CDM လှုပ်ရှားမှုသည် တိုင်းပြည် အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေးအမြတ်ထုတ်ကာ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်း များအား သွေးထိုးပေးနေမှုမှာ အောင်မြင်မှုမရှိခဲ့၍ ယခုအခါ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူအများ သွားလာနေသော လမ်းမများပေါ်တွင် ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေခြင်း၊ ရုံးတက် နေသော ဝန်ထမ်းအများစုနှင့် ပြည်သူများအား အနှောင့်အယှက် ပေးနေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် ပတ်သက်၍ လတ်တလော ကြုံတွေ့ခံစားနေရသည့် ပြည်သူများ၏ ရင်တွင်းစကားသံ များကို ပြန်လည်မျှဝေ ရေးသားဖော်ပြလိုက်ပါသည်။
သွားလာလို့အဆင်မပြေအောင်
“အခုရက်ပိုင်းအတွင်း CDM လှုပ်ရှားမှုရယ်လို့ လမ်းမတွေပေါ်မှာ ဆူပူအုံကြွမှု တဖြည်းဖြည်း နည်းလာပေမယ့် ပိုမိုဆိုးရွားတဲ့ မင်းမဲ့ စရိုက်ဆန်ဆန် လမ်းတွေပိတ်ဆို့လာတာကို တွေ့မြင်နေရတယ်။ ရပ်ကွက်လုံခြုံရေးကို အကြောင်းပြုပြီး ရပ်ကွက်အတွင်း လမ်းသွယ် များသာမက အများသူငါ သွားလာတဲ့ လမ်းတွေကိုပါ ပြောင်ပြောင် တင်းတင်းလုပ်လာကြတယ်။ အခုဆို ကားတွေ၊ လူတွေက ရှောင်ကွင်း ပြီး သွားနေရတာ။ တချို့လမ်းမကြီးတွေပေါ်မှာဆို မိန်းကလေးထဘီ တွေပါ ကြိုးတွေတန်းပြီး ကားလမ်းတွေကိုလည်း နည်းအမျိုးမျိုးအဖုံဖုံ သွားလာလို့အဆင်မပြေအောင် လုပ်နေကြတာ တွေ့ရတယ်။။ ဒါတွေက တကယ်တော့ CDM လှုပ်ရှားမှုကို ပိုပြီးအရုပ်ဆိုးအကျည်းတန်မှုတွေ ဖြစ်ပေါ်စေတယ်။ အဲဒီ CDM လှုပ်ရှားမှုနောက်ကွယ်က မင်းမဲ့စရိုက် ဆန်မှုများကြောင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်လာတယ်။
သေချာကိုင်တွယ်ပြီး ဖြေရှင်းသင့်
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း အဲဒီလုပ်ဆောင် ချက်တွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အလေးပေးဆောင်ရွက် စေချင်တယ်၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေကတစ်ဆင့် ဆက်သွယ်တိုင်ကြား သတင်းပို့နိုင်တဲ့ဖုန်းတွေ ထုတ်ပြန်ထားပေမယ့်၊ ဖုန်းဆက်လိုက်ရင် ဘော်လီဘောပုတ်နေတာတွေက များနေတယ်၊ တရားဥပဒေနဲ့အညီ မြေပြင်မှာ တကယ်ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းစေချင်တယ်၊ အဲဒီလမ်းမတွေပေါ် ပိတ်ပင်တားဆီးမှု ဦးဆောင် လုပ်တဲ့သူတွေကို ထိထိရောက်ရောက် အပြစ်မပေးတော့ ခုဟာက မြွေမသေ တုတ်မကျိုး မထိရောက်ဘူး ဖြစ်နေတာ။ တကယ်ထိထိ ရောက်ရောက်နဲ့ လုပ်လိုက်ရင် သူတို့နောက်မလုပ်ရဲတော့ဘူးလေ။ အခုဟာက လမ်းတွေမှာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုတောင် ရှေ့သွားလို့မရဘူး၊ ယာဉ်ထိန်းရဲတစ်ဦးလို အမိန့်ပေး နောက်ပြန် လွှတ်နေကြတာက နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက် စေတဲ့ လုပ်ရပ်တွေဖြစ်နေပြီ။ ဒါတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ သေချာ ကိုင်တွယ်ပြီး ဖြေရှင်းသင့်နေပြီလို့မြင်တယ်” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သော ဦးစောမင်းအောင် (အမည်လွှဲ) က CDM လှုပ်ရှားမှုအကြောင်းပြကာ လမ်းမကြီးများပေါ်၌ မင်းမဲ့စရိုက်ဆန်စွာ လမ်းပိတ်ဆို့ တားဆီးမှုများနှင့်ပတ်သက်၍ သူ့အမြင်ကို ပြောသည်။
ယခုအခါ ရန်ကုန်မြို့တွင်း၌ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ နောက်ကွယ် လမ်းပိတ်ဆို့မှုများသည် တရားဝင် ခွင့်ပြုထားသကဲ့သို့ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြသည်။ စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့နေ သော လမ်းများကို အလျဉ်းသင့်သလို ဖယ်ရှားဆောင်ရွက်သော်လည်း ထိထိရောက်ရောက် အရေးယူမှုမရှိသဖြင့် ထပ်ကာထပ်ကာ လုပ်ဆောင်နေခြင်းကြောင့် စိန်ပြေးတမ်း ကစားနေသကဲ့သို့ ဖြစ်နေ သည်။ လုပ်သူလုပ် ဖယ်သူက ဖယ် ထပ်လုပ်သူကထပ်လုပ်နှင့် ဂျာအေး သူ့အမေရိုက် လုံးချာပတ်လည်လိုက်နေသည်ကို ပြည်သူတွေက ပွဲကြည့်ပရိသတ်ပမာ မြင်တွေ့နေရသည်။
ဝဋ်လိုက်မှာ မကြောက်ကြဘူးလား
အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတစ်ခုတွင် ဦးစီးမှူးတာဝန်ဖြင့် တာဝန်ထမ်းဆောင်နေသော ဒေါ်ချိုချိုမာ (အမည်လွှဲ) က “ ကျွန်မ သင်္ဃန်းကျွန်းမြို့နယ်မှာ နေတာပါ။ အခုရက်ပိုင်းအတွင်း ရုံးသွား/ ရုံးပြန် ဝန်ထမ်းကြိုပို့ (ဖယ်ရီ) ကား အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း မွန်မွန် စီးရတယ်မရှိဘူး။ ဟိုလမ်းက ပိတ်လိုက်၊ ဒီလမ်းကြားက ပိတ်လိုက်နဲ့။ အများသူငါ သွားတဲ့လမ်းကို အခုလို ပိတ်ပင်တားမြစ်တာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။
အယုံလွယ်လာတာကို အခွင့်ကောင်းယူနေ
“ CDM လှုပ်ရှားမှုမဟုတ်ဘူး။ နိုင်ငံရေးစိတ်ဝင်စားလို့ ဘယ်လိုပဲ ဖြစ်ဖြစ် ပါဝင်တာကို မပြောလို၊ မဝေဖန်လိုပါဘူး။ ဒါပေမယ့် အဲဒီလို ဆန္ဒထုတ်ဖော်တာတွေကို မြှောက်ပင့်ပေးသူတွေက သူတို့က ဦးဆောင်မလုပ်ဘူး။ နောက်ကွယ်ကနေ လက်ခုပ်တီးအားပေးသလိုလို၊ အအေးဘူးလေး တိုက်သလိုလို၊ ထမင်းဘူးပေးသလိုလိုနဲ့။ ကြည့်လေ အခုသက်ဆိုင်ရာက လိုက်လံဖမ်းတဲ့ထဲမှာ သူတို့တွေ မပါသလောက် ရှားတယ်။ တကယ်ရင်နာဖို့ကောင်းတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့လူတွေ သူများမြှောက်ပေးတိုင်း ဒီ CDM လှုပ်ရှားမှု နောက်ကွယ်က အဖျက်အမှောင့်လုပ်ရပ်တွေကို ရပ်သင့်ပြီလို့ထင်တယ်။ မြန်မာလူမျိုးတွေ အယုံလွယ် လာတာကို အခွင့်ကောင်းယူနေတယ်ဆိုတာ သတိချပ်ဖို့တော့ လိုနေပြီလို့ မြင်ပါတယ်” ဟု ရန်ကုန်မြို့တွင်း အဖျက် အမှောင့်လုပ်ရပ်များနှင့် ပတ်သက်၍ သူမ၏အမြင်ကို ဖွင့်ဟသည်။
အဖျက်အမှောင့် လုပ်ရပ်တွေက
“ ဒီလမ်းတွေပိတ်တာတွေ၊ ရပ်ကွက်လမ်းတွေ လုံခြုံရေးအကြောင်း ပြပြီး လူတစ်စုက အမျိုးမျိုးခြယ်လှယ်နေတာတွေကို ကျွန်တော် မနှစ်မြို့တော့ဘူး။ ကျွန်တော်တို့လို တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ သူတွေက အတော်လေးကို အကျပ်ရိုက်နေပြီ။ တကယ်ဆို ကျွန်တော်တို့ ရုံးဖွင့်ရက်ကလေးတွေကို ဦးစားပေး ငွေရှာရတာ။ ကိုဗစ်- ၁၉ ကပ်ရောဂါက တစ်မျိုး၊ ဒီ CDM လှုပ်ရှားမှုက တစ်ဖုံနဲ့ အလုပ်လုပ်ရ တယ်ကို မရှိတော့ဘူး။ အခုဆိုရင် CDM လှုပ်ရှားမှု နည်းနည်းငြိမ်တော့ လမ်းပိတ်တဲ့ အဖျက်အမှောင့် လုပ်ရပ်တွေက ဆက်လုပ်လာပြန်ရော၊ မနေ့ကဆို ခရီးသည်လေးနှစ်ယောက်ရလို့ တာမွေကနေ ကျောက် မြောင်းထဲ လိုက်ပို့ပေးပါတယ်၊ ခရီးသည်တွေကို လမ်းထိပ်အထိပဲ ချပေးခဲ့ရတယ်”
တမင်ရည်ရွယ်လုပ်နေသလိုပဲ
“ ဒီနေ့လည်း တာမွေဈေးဘက်ကို ခရီးသည်ရလို့ သွားအပို့ လမ်းမှာ လူတစ်ယောက်နဲ့ စကားများရတယ်။ သွားလို့မရဘူး၊ ဟိုဘက်လမ်းဘက်ကပြန်ကွေ့သွားဆိုတော့ ကျွန်တော်တို့လို အနှေးယာဉ်လုပ်သား တွေက ခရီးသည်စိတ်ပျက်လို့ လမ်းပဲလျှောက်တော့မယ်ဆိုရင် ပိုက်ဆံ က လုံးဝရလိုက်တော့မှာ မဟုတ်ဘူး။ ကျွန်တော်စိတ်တိုပြီး ဖြစ်ချင် တာဖြစ် ကိုင်းတွေဆင်းဖယ်ပြီး ခရီးသည်ကို သွားပို့ရတယ်။ အတော် ဆိုးတဲ့လူတွေ၊ ကိုယ်ချင်းစာတရား တကယ်မရှိတော့တာ။ အခုလို လမ်းတွေ လိုက်ပိတ်တော့လည်း သူတို့အတွက် ဘာရမှာလဲ။ ပြည်သူ တွေကို အမျိုးမျိုးဒုက္ခရောက်အောင် တမင်ရည်ရွယ်လုပ်နေသလိုပဲ။ အဲဒါတွေကို သက်ဆိုင်ရာအနေနဲ့ ဥပဒေနဲ့အညီ အမှန်တကယ် ဖြေရှင်း ကိုင်တွယ် ပေးသင့်နေပြီ” ဟု ရန်ကုန်မြို့ အနှေးယာဉ်မောင်းတစ်ဦး ဖြစ်သည့် ဦးမိုးထွန်း (အမည်လွှဲ) က လမ်းများပိတ်ဆို့နေမှုများနှင့် ပတ်သက်၍ ကြုံတွေ့ခံစားခဲ့ရသမျှကို ရင်ဖွင့်ခဲ့သည်။
ယခုအခါ နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုမှ ဆင့်ပွားလာသော အဖျက်အမှောင့်လုပ်ရပ်များသည် ပြည်သူများ လိုလားတောင့်တ နေသော ဒီမိုကရေစီလမ်းကြောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့ လူဦးရေထူထပ်များပြားသော မြို့ကြီး၏ လမ်းမများပေါ် ယခုကဲ့သို့ တားဆီးပိတ်ပင်မှုလုပ်ရပ်များသည် သူတို့ ထိခိုက်စေချင်သူများကို မထိခိုက်စေဘဲ ခရီးသွား ပြည်သူအများစုကိုသာ ကြီးမားသော ဂယက်ရိုက်ခတ်မှုဖြစ်ပေါ်စေကြောင်း ရေးသားလိုက် ရပါသည်။
- Log in to post comments