စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်းသည့် “တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အပေါ် လေ့လာတင်ပြခြင်း

Type

 

သိမ့်သိမ့်ထွေး
 

စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်းသည့် “တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၁) ပါ လုပ်ငန်း တစ်ရပ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ 

 


ထို့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ၂၀၁၉ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် “တရားမမှုများတွင် တရား ရုံးက ဦးဆောင်သည့်  စေ့စပ်ဖြေရှင်းရေး   စမ်းသပ် အစီအစဉ်”   ကို    “တရားရုံးက   ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” အဖြစ်    နိုင်ငံတစ်ဝန်းရှိ တရားရုံးအားလုံးတွင်  ၂၀၂၂  ခုနှစ်မှ စတင်ကာ ပြောင်းလဲကျင့်သုံးတော့မည် ဖြစ်သည်။

 


သို့ဖြစ်၍ ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် ပြဋ္ဌာန်း ချက်များနှင့် စပ်လျဉ်း၍ အများပြည်သူ ရှင်းလင်းစွာ နားလည်နိုင်စေရန်အတွက်  ဥပဒေမူကြမ်းရေးဆွဲစဉ် က ဆွေးနွေးချက်များကို  ကိုးကားလျက် အောက်ပါ အတိုင်း ရေးသားတင်ပြလိုက်ရပါသည် - 


တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ


စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်းသည့် “တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ကို တရား မကျင့်ထုံးဥပဒေပုဒ်မ  ၈၉  ၏  နောက်တွင်  ပုဒ်မ ၈၉-က အဖြစ် ဖြည့်စွက်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ တရားမကျင့်ထုံးဥပဒေအခန်း (၅) သည် Special Proceedings နှင့် သက်ဆိုင်ပြီး ယခင်က ပုဒ်မ ၈၉ သည် Arbitration နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် ဖြစ်သည်။  မြန်မာနိုင်ငံတွင်  The Arbitration Act 1944   ပေါ်ထွက်လာပြီးနောက်တွင်    ယင်းပုဒ်မကို ပယ်ဖျက်ခဲ့သည်။ မြန်မာနိုင်ငံ၏ တရားမကျင့်ထုံး ဥပဒေကဲ့သို့  အလားတူတရားမကျင့်ထုံးဥပဒေကို ကျင့်သုံးသည့်   အခြားနိုင်ငံများတွင်လည်း   ADR (Alternative Dispute Resolution) စနစ် ကျင့်သုံး ရန်   တရားမကျင့်ထုံးဥပဒေကို   ပြင်ဆင်သည့်အခါ ပုဒ်မ ၈၉  နေရာတွင်  အစားထိုးခြင်း၊  ပုဒ်မ ၈၉-က အဖြစ် ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 

 


သို့ဖြစ်၍ မြန်မာနိုင်ငံတွင် စေ့စပ်ဖြေရှင်းရေး နှင့် စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေကို ပြင်ဆင် ရန်အကြောင်း ပေါ်ပေါက်လာသည့်အခါ အခြားနိုင်ငံ များ၏  ဆောင်ရွက်ချက်အပေါ် သာဓကယူ၍လည်း ကောင်း၊ မြန်မာနိုင်ငံတွင်  စေ့စပ်ဖြေရှင်းရေးအပြင် အခြား ADR နည်းလမ်းများ အကောင်အထည်ဖော်ရန် လိုအပ်လာသည့်အခါ တရားမကျင့်ထုံးဥပဒေတွင် အဆင်ပြေစွာ     ထည့်သွင်းနိုင်ရန်     ရည်မျှော်၍  လည်းကောင်း စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်ကို   တရားမကျင့်ထုံးဥပဒေတွင်  ပုဒ်မ ၈၉-က အဖြစ် ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။

 


ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် ပုဒ်မ ၈၉-က တွင် ပုဒ်မခွဲ ၅ ခု ပါရှိပါသည်။ ပုဒ်မခွဲ (၁) တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် -


(1) The Court may make mediation to a dispute in the  case  which  has  civil  nature pursuant to this section.  ယင်းပုဒ်မသည် တရားမကြောင်းဆိုင်ရာ  အငြင်းပွားမှုများကို တရား ရုံးက စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်နိုင်သည့်  အခွင့် အာဏာအပ်နှင်းသည့်    ပြဋ္ဌာန်းချက်ဖြစ်ပြီး  ယင်း ပြဋ္ဌာန်းချက်အရ   တရားရုံးတွင်    စွဲဆိုထားသော တရားမမှုများအား  တရားရုံးက   ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး   ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ 

 


စေ့စပ်ဖြေရှင်းရေးစနစ်ကို     အောင်မြင်စွာ အကောင်အထည်ဖော်လျက်ရှိသည့်   အခြားနိုင်ငံ များတွင် တရားရုံးတွင် စေ့စပ်ဖြေရှင်းခြင်း၊ တရားရုံး ပြင်ပစေ့စပ်ဖြေရှင်းရေးဌာနတွင် စေ့စပ်ဖြေရှင်းခြင်း၊ တရားရုံးတွင်စွဲဆိုပြီးဖြစ်သော အမှုများအား စေ့စပ် ဖြေရှင်းခြင်း၊ အမှုစွဲဆိုထားခြင်းမရှိဘဲ စေ့စပ်ဖြေရှင်း ပေးရန် တိုက်ရိုက်လျှောက်ထားလာသော အငြင်း ပွားမှုများအား  စေ့စပ်ဖြေရှင်းခြင်း   အစရှိသည်ဖြင့် စေ့စပ်ဖြေရှင်းရေး စနစ်အမျိုးမျိုးကို အသုံးပြုလျက်ရှိကြသည်။ 

 


စေ့စပ်ဖြေရှင်းပေးသည့် စနစ်ကိုဆောင်ရွက်


မြန်မာနိုင်ငံအနေဖြင့်   ယင်းသို့  ကျယ်ကျယ် ပြန့်ပြန့်   ဆောင်ရွက်နိုင်ရန်    ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်   လိုအပ်ချက်များ   ရှိနေပါသည်။ အဓိကအားဖြင့်   စေ့စပ်ဖြေရှင်းရေးနှင့်  စပ်လျဉ်း၍ လုပ်ငန်းကျွမ်းကျင်မှုရှိသော     စေ့စပ်ဖြေရှင်းရေး အရာရှိများ လုံလောက်စွာရှိရန် လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်၍  တရားရုံးတွင်စွဲဆိုပြီးဖြစ်သော တရားမမှု များအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လေ့ကျင့်သင်တန်းပေးပြီးဖြစ်သော    တရားရေး အရာရှိများကို  စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ် သီးခြားတာဝန်ပေးအပ်ပြီး  စေ့စပ်ဖြေရှင်းပေးသည့် စနစ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ 

 


ပုဒ်မ ၈၉-က ၏ ပုဒ်မခွဲ  (၂)  တွင်  အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် -


(2)     The Court may refer the following cases to mediation: 
    (a)     cases which are prescribed to be mediated by any law or by     any notification issued by the Supreme Court of the Union; and 
    (b)    cases which are voluntarily ref-erred to mediation by disputant parties.
ပုဒ်မခွဲ (၂) သည်  တရားရုံးက  စေ့စပ်ဖြေရှင်းရေး ဌာနသို့   လွှဲအပ်နိုင်သည့်အမှုများကို  သတ်မှတ် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။    ပုဒ်မခွဲငယ်(က) အရ ဥပဒေဖြင့်သော်လည်းကောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က    အမိန့်ကြော်ငြာစာဖြင့်သော် လည်းကောင်း သတ်မှတ်ထားသည့်  တရားမမှုများ ကို   အမှုမစစ်ဆေးမီ    စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲအပ်ရန်ဖြစ်ပြီး၊ ပုဒ်မခွဲငယ်(ခ) အရ  နှစ်ဖက်အမှု သည်များက    စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရန် ဆန္ဒရှိသော    တရားမမှုများကို အမှုမစစ်ဆေးမီ စေ့စပ်ဖြေရှင်းရေးဌာနသို့   လွှဲအပ်ရန်ဖြစ်သည်။  ယင်းသို့  ပြဋ္ဌာန်းထားခြင်းဖြင့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရန်   သတ်မှတ်ထားသော တရားမမှုမှ အမှုသည်များနှင့်   ယင်းသို့  သတ်မှတ်ထားခြင်းမရှိ သည့် တရားမမှုမှ အမှုသည်များသည် မိမိတို့အမှုများ အား   စေ့စပ်ဖြေရှင်းရေး    ဆောင်ရွက်နိုင်သည့် တန်းတူညီမျှသော  အခွင့်အရေးကို  ရရှိစေနိုင်မည် ဖြစ်သည်။ 

 


ပုဒ်မ ၈၉-က ၏ ပုဒ်မခွဲ (၃) တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် -
(3)    The proceeding of mediation shall be confidential. Any communication, statement and admission made during mediation pro-cess shall not be admissible in any subsequent hearing of the same suit or any other proc-eedings. 

 


သက်သေခံအဖြစ် အသုံးမပြုရ


ပုဒ်မခွဲ (၃) သည် စေ့စပ်ဖြေရှင်းရေး၏ အဓိက အခြေခံမူကို   ဖော်ပြထားသည်။   စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်ချက်များအား ပေါက်ကြားမှုမရှိစေ ရန်   လုံခြုံစွာ ထိန်းသိမ်းရမည်ဖြစ်ကြောင်းနှင့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်စဉ်အတွင်း ဆက် သွယ်ဆောင်ရွက်ချက်၊ ထုတ်ဖော်ပြောကြားချက်၊ ဝန်ခံချက်  တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍   အဆိုပါ အမှုကို ဆက်လက်ကြားနာစစ်ဆေးရာတွင်ဖြစ်စေ၊ အခြားမှုခင်းဆောင်ရွက်ရာတွင်ဖြစ်စေ  မည်သည့် နည်းနှင့်မျှ သက်သေခံအဖြစ် အသုံးမပြုရကြောင်း တားမြစ်ထားသည့် ပြဋ္ဌာန်းချက်ပင် ဖြစ်သည်။ 

 


နိုင်ငံတကာတွင်  လက်ခံကျင့်သုံးလျက်ရှိသော စေ့စပ်ဖြေရှင်းရေးစနစ်အသီးသီး၏     တူညီသော ဝိသေသလက္ခဏာတစ်ရပ်သည်   “လျှို့ဝှက်ထား ခြင်း” ပင်ဖြစ်သည်။ လျှို့ဝှက်သည်ဆိုရာ၌ အပိုင်း နှစ်ပိုင်း ပါဝင်သည်။ ပထမပိုင်းသည် စေ့စပ်ဖြေရှင်း ရေး ဆောင်ရွက်စဉ်အတွင်း အမှုနှင့် မသက်ဆိုင်သူ များ ပါဝင်၊ ကြည့်ရှု၊ နားထောင်ခွင့်မပြုဘဲ လုပ်ငန်း စဉ်တစ်ခုလုံးကို  လုံခြုံစွာဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယပိုင်းသည် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ် အတွင်း   အမှုသည်တို့၏   ပါဝင်ဆောင်ရွက်ချက် အားလုံးကို ၎င်းတို့၏ သဘောတူခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ  ထုတ်ဖော်ပြောကြားမှု   မပြုရခြင်းပင် ဖြစ်သည်။ 

 


စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရာတွင် အငြင်း ပွားမှုနှင့်  စပ်လျဉ်း၍   အမှုသည်တို့က   ပွင့်ပွင့် လင်းလင်း  ထုတ်ဖော်ဆွေးနွေးညှိနှိုင်းခြင်းသည် စေ့စပ်ဖြေရှင်းရေး အောင်မြင်ခြင်းအတွက် အရေးပါ သည့်အချက်တစ်ချက် ဖြစ်သော်လည်း၊ ယင်းအပေါ် အမှုသည်တစ်ဦးဦးက အခွင့်ကောင်းယူပြီး အလွဲ သုံးခြင်းကို တားဆီးရန် ရည်ရွယ်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ သက်သေခံဥပဒေပုဒ်မ ၂၃ အရ အမှုအား စေ့စပ်ဖြေရှင်းရာတွင် ပြုလုပ်ခဲ့သော ဝန်ခံချက်ကို သက်သေခံအဖြစ် အသုံးမပြုနိုင်သည်မှာ ထင်ရှား သော်လည်း၊ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်သည့် အမှုသည်များ၏ အကျိုးငှာ ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ထည့်သွင်းပြဋ္ဌာန်းထား ခြင်းပင်ဖြစ်သည်။ 

 


ပုဒ်မ ၈၉-က ၏  ပုဒ်မခွဲ  (၄)  တွင်  အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် -


(4)    Where the parties to mediation reach an agreement, the parties shall apply the Court to verify the agreement. The Court shall pass an order  or a decree, as it thinks fit, in accordance with the relevant provisions  of the Code of Civil Procedure. 
ပုဒ်မခွဲ (၄) သည်  စေ့စပ်ဖြေရှင်းရေးဆောင်ရွက် သည့်အမှုသည်များ       သဘောတူညီချက်ရရှိပြီး နောက် တရားရုံးတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို    သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ် သည်။  တရားရုံးက ဦးဆောင်သည့်   စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်သည့်အမှု၏ အစသည် တရားရုံးတွင် စွဲဆိုထားသည့်  တရားမကြီးမှုဖြစ်သည့်အတွက် အမှုသည်များသည်   စေ့စပ်ဖြေရှင်းရေးသဘော တူညီချက်    ရရှိပြီးနောက်တွင်   ယင်းသဘော တူညီချက်ကို   အခြေခံပြီး   သင့်လျော်သည့်အမိန့် တစ်ရပ်ရရှိရန် တရားရုံးတွင် တင်ပြလျှောက်ထားရ မည် ဖြစ်သည်။  ယင်းသို့ တင်ပြလျှောက်ထားလာ သည့်အခါ         တရားမကျင့်ထုံးဥပဒေနှင့်အညီ သင့်လျော်သည့်   အမိန့်တစ်ရပ်ကို  တရားရုံးက ချမှတ်ပေးခြင်းဖြင့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက် သည့် အမှုသည်များသည် ဥပဒေအရ စည်းနှောင်မှုရှိ သောရလဒ်ကို     ရရှိစေရန်    ပြဋ္ဌာန်းထားခြင်းပင်  ဖြစ်သည်။ 

 


ပုဒ်မ ၈၉-က ၏ ပုဒ်မခွဲ (၅) တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် -


(5)    The Supreme Court of the Union may issue notifications, orders,     directives, proce-dures and manuals relating to mediation under this section as may be necessary. 
ပုဒ်မခွဲ (၅) သည်    တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်    အကောင်အထည်ဖော် ရာတွင် လိုအပ်သည့်  အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်  လက်စွဲတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်နိုင် သည့်    အခွင့်အာဏာ    အပ်နှင်းခြင်းဖြစ်သည်။ တရားမကျင့်ထုံးဥပဒေတွင်     တရားရုံးများက လိုက်နာရန် နည်းဥပဒေပြုလုပ်ခွင့်  ပြဋ္ဌာန်းချက်များ ပါရှိပြီးဖြစ်သော်လည်း စေ့စပ်ဖြေရှင်းရေးလုပ်ငန်း စဉ်များ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများနှင့် သက်ဆိုင် သည့် ပြဋ္ဌာန်းချက်များကို  လိုအပ်သလို   ထုတ်ပြန် ပြဋ္ဌာန်းနိုင်ရေးအတွက် ထည့်သွင်းပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။

 


တရားမကျင့်ထုံးဥပဒေ   ပုဒ်မ   ၈၉-က  ၏ နောက်ဆုံးတွင် ဤပုဒ်မအရဆောင်ရွက်မည့် စေ့စပ် ဖြေရှင်းရေး၏ အဓိပ္ပာယ်ကို အများပြည်သူ တိကျ ရှင်းလင်းစွာ  သိရှိသဘောပေါက်  နားလည်စေရန် ရှင်းလင်းချက်အဖြစ်    အောက်ပါအတိုင်းဖော်ပြ ထားသည်- 
Explanation - Mediation in this section is a dispute resolution process involving a mediator assigned by the Court who faci-litates the parties to reach a mutually agreeable solution. 

 


စေ့စပ်ဖြေရှင်းရေး


ယင်းရှင်းလင်းချက်အရ    ဤပုဒ်မတွင်   ဖော်ပြ ထားသော  စေ့စပ်ဖြေရှင်းရေးသည်  အမှုသည်များ က  အငြင်းပွားမှုကို  ချစ်ကြည်စွာ  ညှိနှိုင်းဖြေရှင်း ရာတွင် တရားရုံးက  တာဝန်ပေးအပ်ထားသည့် စေ့စပ်ဖြေရှင်းရေးအရာရှိက ကူညီဆောင်ရွက်ပေး သော အငြင်းပွားမှုဖြေရှင်းရေး  လုပ်ငန်းစဉ်တစ်ခု ပင် ဖြစ်သည်။ သို့ဖြစ်၍ တရားရုံးက တာဝန်ပေးအပ် ထားခြင်းမရှိသော စေ့စပ်ဖြေရှင်းရေးအရာရှိက ဆောင်ရွက်သည့်  စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ချက် များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များတွင် အကျုံး ဝင်မည် မဟုတ်ပေ။ 

 


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စေ့စပ် ဖြေရှင်းရေးနှင့်စပ်လျဉ်းသည့်  ခိုင်မာသော  ဥပဒေ မူဘောင် ပေါ်ထွက်လာရေးအတွက် ကဏ္ဍအသီးသီး မှ အကျိုးသက်ဆိုင်သူများနှင့် အတူတကွ ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှ   ၂၀၂၁   ခုနှစ်အထိ  လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက်   “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ” နှင့် “တရားမ မှုများတွင်   တရားရုံးကဦးဆောင်သည့်   စေ့စပ် ဖြေရှင်းရေးဆိုင်ရာလုပ်ငန်းအဖွဲ့” တို့က အဓိက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး    “ဂျပန်အပြည်ပြည် ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ” က လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခဲ့ပါသည်။  

 


တစ်ဖက်တစ်လမ်းမှ  ကူညီပံ့ပိုးရာရောက်


တရားမကျင့်ထုံးဥပဒေတွင်   ဖြည့်စွက်ပြဋ္ဌာန်း ပြီးဖြစ်သော    ပြဋ္ဌာန်းချက်များကို   ပြည့်ပြည့်ဝဝ အသုံးချ၍  တရားမအငြင်းပွားမှုများအား   အောင် အောင်မြင်မြင်      ဖြေရှင်းပေးနိုင်မည်ဆိုလျှင် တရားရုံးတွင်   အမှုရင်ဆိုင်နေရဆဲ  အမှုသည်များ၊ အမှုသည်များအား ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီးများအတွက်    အကျိုးရှိစေရုံမျှမက၊  တရားမမှုများကို    လက်ခံစစ်ဆေးပေးနေသည့် တရားရုံးများအတွက်လည်း   တစ်ဖက်တစ်လမ်းမှ  ကူညီပံ့ပိုးရာရောက်မည် ဖြစ်ပေသည်။ သို့ဖြစ်၍  ၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က      နိုင်ငံတစ်ဝန်း    အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်သည့်      “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” အား  ဝမ်းပန်းတသာ လက်ကမ်းကြိုဆိုနိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။       ။