Type

ဆူးငှက်
“မြိုင်ခြေငယ် သင်းပါလို့
အင်ကြင်းငယ် ရွှေဖီ
ဝတ်မှုန်ငယ်စီသည် ...
မြစ်နဒီ သောင်တခိုက
မောင်မယ်ညို မြူးပြန်တော့တယ်လေး ...”
ဒက္ခိဏယဉ်စွန်းတန်းဆီသို့
နေသည် ဒက္ခိဏယဉ်စွန်းတန်းဆီသို့ တိမ်းညွတ်ယိမ်း ယိုင်နေရာမှ ခေါင်းထောင်ထူမတ်လာ၏။ ထိုအခါ တောင် လေက ဩဘာပေးသည်။ နည်းနည်းလေး ထူမတ်လာ သည်နှင့် အပူစွမ်းက သိသိသာသာပြသည်။
သစ်ပင် သစ်တောတချို့ ရွက်ကြွေခါချ ပူပန်ကြ၏။ သစ်ပင် သစ်တော တချို့ကမူ ရွက်သစ်စိမ်းစို၊ ပုရစ်ဖူးနုသစ်တို့ဖြင့် အန်တုပြန်သည်။ ထိုအခါမှ အားငယ်ရွက်ကြွေသစ်တောတို့ အားသစ်လောင်းသည်။ ရွက်သစ်ဖူးတို့ စို့တက်ကြကုန်၏။ မြောက်လေသွေးသွေး ဟိမဝန္တာ အအေးက မဆုတ်ခွာ ချင် ဆုတ်ခွာချင်။ ဒါပေမယ့် သူ့ရာသီက ကုန်ချေပြီ။ ပြန်ပေဦးတော့ “နှင်းရေ”။
၁၂ လရာသီမစွန်းမီ ပြန်လာဦးမည့် “နှင်း”ကို အကဲပိုစွာ တမ်းတနေဆဲ သင့်ခနဲ မွှေးလာသည့် မြတ်နိုးဖွယ်ရနံ့လေး က “နှင်း”ကို ရုတ်ခြည်း မေ့ပျောက်စေ၍ ဝေဒနာတစ်ခု အား နိုးထစေပြန်၏။ ဪ အပြောင်းအလဲ မြန်လှချည့် ရယ်လေ။ ရနံ့လေးက ဝေးဝေးမှလာပေမယ့် မှတ်မိလွယ် လောက်အောင် အလုံးအဖန် အားကောင်းနေပြန်၏။ တောင်လေအဖော်က အပြေးကလေး လက်ဆွဲခေါ်လာတာ နေမှာပေါ့။ အနားရောက်ပါမှ မှတ်မိသွားသည်။ ဟော သရဖီ။
သရဖီပန်းတွေ စပွင့်တဲ့နေ့
သဲနုန်းမြေရောစပ်ထားသော ရေဓာတ်ပါသည့် တလင်း မြေပြောင်ပြောင်မှာ ဟောတစ်ပွင့်ဟောတစ်ပွင့်နှင့် လုကောက်ခဲ့ရသည့် သရဖီ။ အလိုရမ္မက်ကြီးပြီး လောဘ မသတ်နိုင်သူတို့ကမူ အပင်ပေါ်က သရဖီကို ဝါးစိမ်းလုံး ရှည်ဖြင့် အလန့်တကြား ခုန်ဆင်းစေ၏။ ထိုအခါ အပျိုဖော်မဝင်သေးသော သရဖီငုံတို့လည်း ကြွေလွင့်ရရှာ ၏။ လက်ခုပ်နှစ်ဖက်ဖြင့် အပြည့်အမောက်ရလာတော့ ဝါးနံ့မပြယ်သေးသည့် ဆန်ခါခုံးလေးထဲ ထည့်ကာ ညဉ့်သိပ်ရေအေးအေးလေးနှင့် ဆေးလိုက်တော့ သရဖီတို့ မျက်စိကျယ် လန်းဆန်းကုန်ကြသည်။ လှလှထွားထွား အပွင့်ကြီးတွေကို ကြွေပန်းကန်ပြား သန့်သန့်လေးထဲ ထည့်ကာ ဘုရားတင်မည်။
ကျန်သရဖီပွင့်လေးတွေကို ဆန်ခါခုံးလေးထဲမှာပဲ အပ်ချည်ကြိုးလေးနှင့် သီကာ ပန်းကုံးထွားထွားတစ်ကုံး ကုံးမည်။ ပြီးတော့ ဆန်ခါခုံးလေးထဲ ခွေထည့်ပြီး ရေဆွတ် ထားသည့် အဝတ်သန့်လေးနှင့် အသာအယာဖုံးအုပ်ကာ စိမ့်နေအောင်အေးသည့် ရေအိုးစင်လေးအောက်ထား သည်။
ဆွမ်းကပ်၊ ဆွမ်းလောင်း၊ အိမ်ဝေယျာဝစ္စလုပ်ဖွယ် ရာ ကိစ္စများပြီးစီးမှ ရေမိုးချိုး၊ ခေါင်းလျှော်၊ သနပ်ခါးတွေ မှုန်နေအောင် လိမ်းကာ အဝတ်အစား အသစ်ဝတ်ပြီး တင်ပါးနားဆီထိ ရှည်လျားဖြောင့်စင်းသော ခေါင်းလျှော် ပြီးစ ဖားလျားချဆံပင်ကို စိတ်ရှည်စွာ ဖြီးသင်ပြီး နဖူးဆံစ ဆီမှာ သရဖီပန်းကုံးကို ဝေနေအောင် ပန်တော့သည်။ အဲသည်နေ့က ကနဦးပထမဦးဆုံး သရဖီပန်းတွေ စပွင့်တဲ့ နေ့။
ဆောင်းကားခွာလေပြီ
“....စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး
လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာ ထွေ...
ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ခါခွေ
ရွက်ဝါကြွေ...နွေမူးမူး
မိန်ရာသီ၊ ခါမှီလသာခေါင်
မြလွှာမှောင်.... တောင်ခိုးမြူး....”
မန္တလေးမှာက ဆောင်းအကုန်နွေအကူး အခုလိုကာလ လေးက လွမ်းစရာ့ ရသတစ်မျိုးကိုပေးသည်။ မြဝတီ မင်းကြီးဦးစက ဒီရာသီကို “ဘုံပျံနေနန်း” ပတ်ပျိုးကြီး၌ “ဆောင်းယွန်းယိုင်နွေ” ဟူသော စကားလုံးဖြင့်သုံးနှုန်း ခဲ့၏။ ဆောင်းကားခွာလေပြီ...။ နွေဘက်သို့ ယိုင်လုလု။ မနက်လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြ အအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီတော့။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင် လေညင်းတွင် ဥဩငှက်အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုးသိမ်းဆည်းပြီးလောက်ပြီ။ ထို့ကြောင့် လည်း နေထွက်ပြူပြီးမကြာမီမှာပင် “လေဝန်းရစ်ကာခွေ” လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ၏ ပွင့်လင်းမှုနှင့်အတူ ဆောင်းငွေ့ ၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင်မရှိလှသေး....။ ကြည့်လေရာရာ ရီဝေမှုန်မှိုင်းနေဆဲဖြစ်သည်။
ဆောင်းယွန်းယိုင်နွေ
ကနဖော့၊ မှိုနားတို၊ ကန်စွန်းနွယ်လေးတွေရေသောက် ဆင်းနေကြသည့် ကျုံးနံဘေးရေစပ်စပ် ထနောင်းပင်ရိပ်က မျှော်ကြည့်လိုက်တော့ မြူထဲကမြို့ရိုးနှင့်ပြာသာဒ်များက မိုနိုတုန်းဖြင့်ရေးဆွဲထားသော ရေမင်းသားဆရာဆောင် ၏ ပန်းချီကားတစ်ချပ်လို အရသာရှိလှသည်။ အကယ် တန်တု ကျုံးမြို့ရိုး၊ ပြာသာဒ်နှင့် မန္တလေးတောင်၏အလှကို ဘယ်ရာသီ၌ အနှစ်သက်ဆုံးလဲဟု မေးလာလျှင် “ဆောင်း ယွန်းယိုင်နွေ...” ရာသီ၏ မြင်ကွင်းကိုပဲ ခြွင်းချက်မရှိရွေး ချယ်ရပေမည်။ နှင်းဖွေ့ဖွေ့ကြွေနေသော ဆောင်းရာသီ ဇာပိတ်ကားနောက်က ကျုံးမြို့ရိုးလည်း လှမှာပေါ့။ “မြူမှောင်ဝေကင်း”သည့် နွေပီပီရာသီက ကလနားသတ် မျဉ်းတွေပြက်ပြက်ထင်သည့် ပြာသာဒ်ကလည်းလှမှာပေါ့။ အညာမိုးမို့ သည်းသည်းရဲ သည့် မိုးကန့်လန့်ကာအောက်က မပီဝိုးတဝါးကျုံးပန်းချီကားလည်း လှမှာပေါ့။ သို့သော် “မြလွှာမှောင်၊ တောင်ခိုးမြူး” သည့် “မိန်ရာသီ” ၏ ကျုံးမြို့ရိုးပြာသာဒ်အလှကို မီနိုင်ဖွယ်အံ့မထင်။
တကယ်တော့ မိန်ရာသီ၏ ပကတိမြင်တွေ့နေရသည့် ရုပ်ဝတ္ထုများထက် သည်ရုပ်ဝတ္ထုများနှင့်ယှက်နွှယ်ပြီး အစဉ်တစိုက်ဖြစ်တည် ဖွဲ့စည်းလာခဲ့သည့် ခံစားမှုများ ကြောင့်သည်သာ ရင်၌ လှိုက်လှိုက် စွဲမက်ခင်တွယ်ခဲ့ခြင်း ဖြစ်တန်ရာသည်။
ပြောင်းလဲခြင်း၏ အမှတ်လက္ခဏာ
ဟော....တပေါင်းလဆန်းတော့မည်။ တပေါင်းလက ပြက္ခဒိန်မှာ အများဆုံး အကျုံးဝင်နေတာက မတ်လ ဖြစ် သည်။ ခရစ်နှစ်၏ တတိယမြောက်လ ဖြစ်၏။ မတ်လတဲ့၊ လာချေပြီ။ ဖေဖော်ဝါရီလဆန်းပိုင်း၊ တပို့တွဲလပြည့် နား မှာတော့ အအေးဓာတ်က ဆောင့်တက်လာပြီးနောက် တဖြည်းဖြည်း အားလျော့သွား၏။ သစ်ပင်များ၏ ကလ နားသတ် သစ်ရွက်တချို့ ရင့်ရော်ခြောက်သွေ့လာကြပြီ၊ နုပျိုခြင်း၊ လန်းဆန်းခြင်းက နိဂုံးချုပ်တော့မည်။ ဇရာ၏ အရေးအကြောင်းများအဖြစ် ရွက်ဝါရွက်များက ကျဲပြောက် နေရာယူလာပေသလော။ မတ်လကား ရုန်းကန်ကာ ပြောင်းလဲခြင်း၏ အမှတ်လက္ခဏာလည်းဖြစ်၏။ သည်ရာသီမှာပင် ဖက်ဆစ်တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ သည် မဟုတ်လော။ ပြည်သူ၏ ဦးဆောင်မှု အခန်းကဏ္ဍကို ထင်ဟပ်စေသည် မဟုတ်လော။ မတ်လသည် ကျူးကျော် မှု၊ မတရားမှု ဖက်ဆစ်ဝါဒအပေါ် တိုင်းရင်းသား တစ်ရပ်လုံး လက်တွဲ တွန်းလှန်လိုက်နိုင်သည့် ပြယုဂ်ပင် မဟုတ်လော။
လေရူးက တစ်ချက် ဝှေ့လိုက်သည်။ တောလမ်းဖုန်ဖုန် ပေါ်မှ ရွက်ကြွေများသည် ငိုက်မျဉ်းနေရာမှ အလူးအလဲ ပြေးလွှားကာ ကညင်ပင်ကြီး၏ အမြစ်ဆုံကြီးအခြေ၌ အမိအရ တွယ်ကပ်နေလိုက်ကြ၏။ ပင်စည်နောက်ကွယ် တွင် အနီထဲမှ ကြယ်ဖြူပွင့် လက်ပတ်ကို လှစ်ခနဲ မြင် လိုက်ရသေးသည်။ ကျွန်တော်တို့ကား မမီလိုက်ရသော လွန်ခဲ့သည့် ၇၅ နှစ်က မြင်ကွင်းကို ပုံဖော်ကြည့်နေရ၏။
လွန်ခဲ့သည့် ၇၅နှစ်က
ထိုသမိုင်းကား ယနေ့ထက်တိုင် တဖွဖွ ပြောနေကြရ သေးသည့် သမိုင်းဖြစ်၏။ အမှတ်ရ၊ သတိရနေဆဲ သမိုင်း ဖြစ်၏။ မေ့ဖျောက် ပြောင်းလဲကောင်းသည့် သမိုင်းလည်း မဟုတ်ပေ။ ညီညွတ်မှု၊ ပေါင်းစည်းမှု၊ အားမာန်များ ဖြစ် သည်။ စက်မှုနည်းပညာများ တိုးတက်ထွန်းကားနေသည့် ယနေ့လို ကာလမျိုးတွင် လွန်ခဲ့သည့် ၇၅ နှစ်က ဖက်ဆစ် တော်လှန်ရေးသမိုင်းကို ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင် ကားကြီး တစ်ကားတော့ ရိုက်ကူးစေချင်သေးသည်။ တကယ့်သက်ရှိလူပုဂ္ဂိုလ်တို့၏ သမိုင်းဖြစ်ရပ်မှန်နှင့် သူတို့၏ တကယ်ပါဝင်မှု အခန်းကဏ္ဍများလည်း ပါစေချင် သည်။
မည်သို့ပင် အယူအဆကွဲ၊ အဖွဲ့အစည်း ကွဲစေကာမူ တကယ့် တိုင်းပြည်အရေးဆိုလျှင်ဖြင့် သွေးစည်း လက်တွဲကြ . . .။ အယူအဆ ညှိနှိုင်းကြ၊ ဆွေးနွေးကြ။ ပူးပေါင်းကြလျှင်ဖြင့် မည်သို့သော အခက်အခဲမျိုးကို မဆို တွန်းလှန်ကျော်လွှားနိုင်သည့် အသိတရားလေးကို ကျွန်တော်တို့ အမှတ်ရနေချင်ပါသည်။
ထိုအမျိုးသား ရုပ်ရှင်ကားကြီး၏ အဖွင့်ကိုတော့ အခုလို စိတ်ကူးယဉ်နေမိသေးတော့၏။
“အို မိုးကုပ်ကုပ်ဝယ်
မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ
ဟ,ဟလာပြီး
မိုးပြာကိုဖြတ်
ပတ္တမြားရည်
စီးလည်အဟုန်
နီမြန်းကုန်ပြီ
အရုဏ်ပေါ်စ . . .
ဝိုးတဝါး . . .။” ဟူလို . . .။
- Log in to post comments