ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးတို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလျှော့ချရေး လှုပ်ရှားမှုများဆောင်ရွက်ရန် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” (ကမ္ဘာ့ ဆေးရွက်ကြီးမသုံးစွဲသောနေ့)အဖြစ် ၁၉၈၉ ခုနှစ် ကမ္ဘာ့ကျန်းမာ ရေးညီလာခံတွင် သတ်မှတ်ခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေရုံသာမက ရောဂါ အမျိုးမျိုးခံစားကြရပြီး အသက်ဆုံးရှုံးစေနိုင်သည်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အများပြည်သူတို့အား သတိပေးနှိုးဆော် လိုခြင်းကြောင့်လည်း ဖြစ်သည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးခြင်း သည် မကူးစက်နိုင်သောရောဂါများ (Non- Communicable Diseases)ဖြစ်သည့် နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ သွေးချို/ ဆီးချို၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောင်ရောဂါများကို ဖြစ်ပေါ် စေသည့်အကြောင်းရင်းများတွင် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်။ အဆိုပါရောဂါများကြောင့် နှစ်စဉ်ကမ္ဘာတစ်ဝန်း၌ လူဦးရေသန်း ၄၀ ကျော် သေဆုံးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထုအများစုအတွင်း ကပ်ရောဂါများ အသွင်ကျရောက် တတ်သည့် ကူးစက်မြန်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါ များ၊ ကိုယ်ဝန်ဆောင်နှင့် မီးတွင်းမိခင်သေဆုံးမှုအခြေအနေ၊ (၅) နှစ်အောက်ကလေးများ သေဆုံးမှုနှုန်း စသည့်အချက်များအရ ကုလသမဂ္ဂက ချမှတ်ထားသည့် ၂၀၃၀ ပြည့်နှစ်အတွက် စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များပါ “ရည်မှန်းချက် (၃) လူတိုင်းကျန်းမာ ရေးအဆင့် မြင့်မားတိုးတက်ရေး” ကို ဖြည့်ဆည်းနိုင်ရန် ကြိုးစား ရုန်းကန်ရဦးမည်ဖြစ်ရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေးအတွက် အားသွန်ခွန်စိုက် လုံးပန်းကြရ ဦးမည်ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့၏ အထိမ်းအမှတ် ဆောင်ပုဒ်မှာ ''Protecting Children From Tobacco Industry Interference'' ၊ မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ်၊ သတိပြုကာကွယ်တို့လူငယ်” ဟူ၍ ဖြစ် သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေး အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ဥပဒေများပြဋ္ဌာန်းဆောင်ရွက် မှုပြုလာချိန်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီကြီးများက အဆိုပါဥပဒေ များကို လက်တစ်လုံးခြား ရှောင်တိမ်းနိုင်ရန် ကြိုးပမ်းလာကြပြီး ဆေးလိပ်/ဆေးရွက်ကြီး ထုတ်ကုန်များကိုလည်း ပုံစံသစ်၊ နည်း လမ်းသစ်များဖြင့် ထုတ်လုပ်ကာ အင်တာနက်၊ လူမှုကွန်ရက်မီဒီ ယာများမှတစ်ဆင့် ကြော်ငြာထိုးဖောက်မှုများပြုလုပ်၍ အရောင်း မြှင့်တင်မှုများ ပြုလုပ်နေကြသည်။ ၎င်းတို့၏ အဓိက ဦးတည် သည့်ပစ်မှတ်မှာ လူငယ်များနှင့် ကလေးများဖြစ်ပြီး အီလက် ထရောနစ်အငွေ့ရှူကိရိယာများ၊ ၎င်းနှင့်တွဲဖက်အသုံးပြုရသည့် အနံ့အရသာမျိုးစုံထည့်သွင်းထားသော E-Liquid အရည်များ စသည်တို့ကို လူငယ်များ၊ အမျိုးသမီးများအကြိုက်၊ ကလေးများ အကြိုက် ပုံစံမျိုးစုံ၊ အရောင်အသွေးမျိုးစုံ လှပစွာထုတ်လုပ် ရောင်းချနေကြခြင်းဖြစ်သည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု အန္တရာယ်များနှင့်စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူလူငယ် များအတွင်း အသိပညာပေးမှုများ မြှင့်တင်ဆောင်ရွက်ရာတွင် အင်တာနက်လူမှုကွန်ရက်များကို အသုံးချ၍ လူငယ်ထုအတွင်း ထိုးဖောက်ရန်ကြိုးပမ်းနေသည့် အီးစီးကရက်အန္တရာယ်ကို မီးမောင်းထိုးဖော်ပြတားဆီးကြရမည် ဖြစ်သည်။ ထို့အပြင် အသက် ၁၅ နှစ်အောက်လူငယ်များအတွင်း ဆေးရွက်ကြီးထွက် ပစ္စည်းပါဝင်သည့် ကွမ်းယာစားသုံးမှု မြင့်တက်လျက်ရှိခြင်းသည် လည်း မိမိတို့နိုင်ငံအဖို့ အဓိကတိုက်ဖျက်ရမည့် လုပ်ငန်းတစ်ရပ် အဖြစ် အသိပညာပေးမှုနှင့် ထိန်းချုပ်မှုတို့ကို အလေးအနက် ဆက်လက်ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။