ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့ခြင်းသည် မင်္ဂလာမည်၏ ။

Type

 

ကျော်ကျော်လှိုင်

ဉာတကာနဉ္စသင်္ဂဟော- ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓဘုရားရှင်က ၃၈ ဖြာ မင်္ဂလာတရားတော်တွင် ဟောခဲ့ပါသည်။ ဆွေမျိုးဟုဆိုလျှင် လူအများစုသည် မိမိနှင့် အမျိုးတော်စပ်သူကိုသာ တွေးမိကြပါသည်။ မြန်မာစကားတွင် “ခင်ရာ ဆွေမျိုး မြိန်ရာဟင်းကောင်း” ဆိုသည့် စကားရှိပါသည်။ စားကောင်းသည့်အခါ ဟင်းကောင်းဖြစ်သလို၊ ခင်မင်မှုခိုင်မာလျှင် ဆွေမျိုးဟု အဓိပ္ပာယ်ရပါသည်။ “ရပ်ဆွေရပ်မျိုး” ဆိုသည့် မြန်မာစကားလည်း ရှိပါသည်။ မိမိနေသည့်အရပ်၊  မိမိနေခဲ့ဖူးသော အရပ်ဒေသများမှ ခင်မင်ရင်းနှီးသူများသည် ဆွေမျိုးပင် ဖြစ်ပါသည်။  မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည်လည်း ဆွေမျိုးများ ဖြစ်ပါသည်။ ရှင်းပြခဲ့သောဆွေမျိုး အမျိုးအစားများကိုလည်း ပေးကမ်းထောက်ပံ့ခြင်းပြုရန် မင်္ဂလာတရားတော်က လမ်းညွှန်ပါသည်။


ဆွေမျိုးများကို   သင်္ဂဟတရားနှင့် အညီ ကျင့်ကြံခြင်းသည်လည်း ပေးကမ်း ထောက်ပံ့ခြင်း မည်ပါသည်။
သင်္ဂဟတရားလေးပါး ဆိုသည်မှာ 
၁။    ဒါန - ပေးကမ်းစွန့်ကြဲခြင်း။ 
၂။     ပေယျဝဇ္ဇ - ချစ်ဖွယ်သော စကား ကိုဆိုခြင်း၊            တန်ဖိုးထား၍ ဆက်ဆံခြင်း။ 
၃။     အတ္ထစရိယ- ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေးတို့တွင်  အကျိုး ဖြစ်ထွန်းအောင် ကူညီခြင်း။
၄။ သမာနတ္တတာ -  မိမိနှင့် အတူ ပူးပေါင်း၍   စီးပွားဖြစ်ထွန်း အောင် ကူညီခြင်း။


မှန်ကန်သော ပေးကမ်းထောက်ပံ့နည်း


ပေးကမ်း       ထောက်ပံ့သည့်အခါ ငွေကြေးအပြင်  ငွေကြေးထက်တန်ဖိုးရှိ သည့်  အရာများလည်း ထောက်ပံ့သင့်ပါ သည်။  မိမိဆွေမျိုးများ၏ အသိပညာ များမြင့်မားလာစေရန်၊   အကျင့်စာရိတ္တ များ  ပိုကောင်းလာစေရန်၊ လူမှုဘဝများ ပိုမြင့်မားလာရန်  ကူညီထောက်ပံ့ပေးရပါ မည်။ ဆင်းရဲသည့်  ဆွေမျိုးကို အသိပညာ ပေးခြင်း၊     အတတ်ပညာတစ်ခု     တတ် အောင်    သင်ပေးခြင်းသည်      ငွေကြေး ထောက်ပံ့ခြင်းထက် ရေရှည်တွင် တန်ဖိုး ပိုရှိမည်ဖြစ်ပါသည်။   “ငါးတစ်ကောင် ပေးလျှင်   ယနေ့အတွက်ပဲ စားစရာ ရမည်။      ငါးဖမ်းနည်းသင်ပေးလျှင် တစ်ဘဝလုံးအတွက်    စားစရာရမည်” ဆိုသည့်   အဆိုအရလည်း   အသိပညာ၊ အတတ်ပညာ      သင်ပေးခြင်းသည် တစ်ဘဝလုံး   အဆင်ပြေရန် ကူညီခြင်း ဖြစ်ပါသည်။ အသိပညာတိုးတက်စေရန် စာအုပ်စာပေများ   ပေးကမ်းထောက်ပံ့ ခြင်း၊ စာဖတ်အောင်   လေ့ကျင့်ပျိုးထောင် ပေးခြင်းသည်လည်း အကျင့်စာရိတ္တများ ကောင်းလာအောင်     အထောက်အကူပြု ပါသည်။


ကျွန်တော်တို့နိုင်ငံ၏     ပြည်သူ အများစုသည်     အသိပညာနည်းပါး၍ ဆင်းရဲကြပါသည်။ ဆင်းရဲ၍  ပညာမသင် နိုင်သည့်အခါ      အသိပညာနည်းပြန်ပါ သည်။   ဤသို့ဖြင့်   ပြဿနာသည် ဘဲဥ အစရှာမရသကဲ့သို့ ဖြစ်ရပါသည်။ ယနေ့ သတင်းစာ၊ ဂျာနယ်များတွင်  လုယက်မှု၊ လူသတ်မှု၊    ကလေးသူငယ်မုဒိမ်းမှုများ နေရာအနှံ့ ဖြစ်ပွားနေသည်ကို စိတ်မချမ်း မြေ့ဖွယ်     တွေ့ရပါသည်။  ရန်ကုန်တွင် လည်း   စကားများရာမှ  ရိုက်နှက်မှုများ မကြာခဏ    ဖြစ်ပွားသည်ကို    မြင်တွေ့ ကြားသိနေရပါသည်။ ဤအရာအားလုံး ၏ ပြဿနာအရင်းအမြစ်သည် လူတော် တော်များများ    အတန်းပညာနည်းသည့် လူများ   တိုးပွားလာသည့်အတွက်  ဖြစ်ပါ သည်။ အတန်းပညာ  နည်းလာသည့်အခါ အသိပညာလည်း နည်းလာပါသည်။


၂၀၁၄ ခုနှစ်တွင်      မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း  ကောက် ခဲ့ပါသည်။ သန်းခေါင်စာရင်းအရ လူဦးရေ အများဆုံး    အသက်အပိုင်းအခြားသည် ၁၀ နှစ်နှင့်     ၁၄ နှစ်အတွင်းဖြစ်ပြီး  ကလေးသူငယ်   ဦးရေ  ၅ ဒသမ ၁ သန်း ရှိပါသည်။      အလယ်တန်းကျောင်းသား အရွယ် ဖြစ်ပါသည်။      မြန်မာပြည်တွင် ဒုတိယလူဦးရေအများဆုံး     အသက် အပိုင်းအခြားသည်    ၄ နှစ်နှင့် ၉ နှစ် အတွင်း ဖြစ်ပါသည်။       မူလတန်း ကျောင်းသားအရွယ်ဖြစ်ပြီး ကလေးဦးရေ ၄ ဒသမ ၈ သန်း  ရှိပါသည်။ စာရင်းဇယား ထုတ်ပြန်ချက်များအရ    ကျွန်တော်တို့ နိုင်ငံတွင် အသက် ၄ နှစ်မှ ၉ နှစ်အတွင်း ရှိသည့်    ကလေး  ၄ ဒသမ ၈  သန်းသည် မူလတန်းကျောင်း     တက်နိုင်သည့် ကလေးများ ဖြစ်ပါသည်။ ၈၄ ဒသမ ၉ ရာခိုင်နှုန်း ကျောင်းတက်သဖြင့်မူလတန်း ပညာသင်ကြားသော  ကလေး  ၄ ဒသမ ၃ သန်း  ရှိပါသည်။       ဝမ်းနည်းစရာ ကောင်းသည်မှာ        အလယ်တန်းသို့ ရောက်သောအခါ     ပညာသင်ကြားသော ကလေးသူငယ်ဦးရေမှာ ၂ ဒသမ ၅ သန်း သာ  ကျန်ပါသည်။ ကလေး ၁ ဒသမ ၈ သန်း  ပျောက်သွားပါသည်။    မူလတန်း ပညာသင်ကြားပြီး        အလယ်တန်းသို့     ရောက်မလာသည့်   ကလေး ၁ ဒသမ ၈  သန်း     ရှိပါသည်။   ဤကလေးများ     မည်သည့်နေရာသို့ ရောက်သွားသနည်း။


မြန်မာနိုင်ငံအနှံ့အပြားရှိ လုပ်ငန်းခွင် များထဲသို့    ကလေးအလုပ်သမားများ အဖြစ်   ရောက်သွားပါသည်။  မည်သည့် အတွက်ကြောင့်   ကလေးအလုပ်သမား များ ဖြစ်သွားရသနည်း။  ပထမအချက် သည်   မိဘများ  ဆင်းရဲ၍ ဖြစ်ပါသည်။ သားသမီးက ဆယ်နှစ်၊  ဆယ့်လေးနှစ် ရောက်လာသည့်အခါ ဆင်းရဲသည့် မိဘ က   ငွေကြေးလိုအပ်၍    သားသမီးကို အလုပ်လုပ်ခိုင်းပါသည်။  ဒုတိယအချက် မှာ        ရွာတော်တော်များများတွင် အလယ်တန်းကျောင်း မရှိ၍ ဖြစ်ပါသည်။ ကလေးအများစုသည်    အလယ်တန်း ကျောင်းတက်ရန်   မိမိရွာမှ ၂ မိုင်၊ ၃ မိုင် လမ်းလျှောက်တက်ရပါသည်။   မြစ်ကူး ချောင်းဖျားတက်ရသူများလည်း      ရှိပါ သည်။  အချိန်ကုန်ပါသည်။  ပင်ပန်းပါ သည်။ မိုးရွာသည့်အခါ  ပိုခက်ခဲပါသည်။ ရေရှည်တက်ရသည့်အခါ ကလေးများက ငြီးငွေ့ပင်ပန်း၍     ကျောင်းကထွက်ပါ သည်။   မိဘအများစုကလည်း ကျောင်း ထွက်ရန် အားပေးပါသည်။
အတန်းပညာလည်း မရှိ၊ အသိပညာ လည်းနည်း၊   စိတ်ဒဏ်ရာများလည်း ရထားသည့်လူငယ်များ    လူ့အဖွဲ့အစည်း တွင်  တိုးပွားမလာအောင် ကျွန်တော်တို့ ကြိုးစားရပါမည်။


လုပ်ငန်းခွင်သို့   ရောက်သွားသည့် အသက် ၁၀ နှစ်မှ  ၁၄ နှစ်  ကလေးသူငယ် များသည် အသက် ၁၅ နှစ်ကျော် ၁၆ နှစ် လူပျိုပေါက်          ဖြစ်လာသောအခါ ခိုင်းရခက်လာသည့်    အတွက်ကြောင့် လည်းကောင်း၊   အုပ်ချုပ်ရန်    ခက်လာ သည့်အတွက်လည်းကောင်း၊  လုပ်အားခ ပိုပေးရမည်ကိုစိုးရိမ်၍   လည်းကောင်း၊ အလုပ်ရှင်များက   လုပ်ငန်းခွင်မှ ဖယ်ရှား လိုက်ပါသည်။  ဖယ်ရှားခံရသည့် ကလေး အများစုသည်   လမ်းပေါ်ရောက်သွားပြီး ကြုံရာကျပန်း  အလုပ်လုပ်ကြပါသည်။ အတန်းပညာအားဖြင့်  မူလတန်းသာရှိပြီး လမ်းပေါ်ရောက်လာသော     လူငယ်များ သည်   အသက် ၁၀ နှစ်မှစ၍  မိဘနှင့် ခွဲနေရသူများဖြစ်သည်ကို     သတိချပ်ရပါ မည်။ မိဘရင်ခွင်တွင်နေ၍ မိဘ၏  ယုယ မှုကို ခံရမည့် ၁ဝ နှစ်သားအရွယ်ကတည်း က    လုပ်ငန်းခွင်တွင်    အုပ်ချုပ်သူများ၏      အောက်တွင်     စည်းကမ်းတင်းကျပ်စွာ နေခဲ့ရပါသည်။   အုပ်ချုပ်သူများ၏   ဆူပူ ကြိမ်းမောင်းမှုများကို နေ့စဉ်လိုလို   ကြုံ တွေ့ခဲ့ရပါမည်။     ဤအချက်များကြောင့် အုပ်ချုပ်သူလူတန်းစားကို  မုန်းတီးသည့် စိတ်ဒဏ်ရာလည်း        ရထားပါသည်။ အုပ်ချုပ်သူလူတန်းစားကို    ဆန့်ကျင်လို စိတ်  အမြဲရှိနေပါသည်။    အတန်းပညာ လည်း မရှိ၊ အသိပညာလည်းနည်း၊ စိတ် ဒဏ်ရာများလည်း    ရထားသည့်  လူငယ် များ လူ့အဖွဲ့အစည်းတွင် တိုးပွားမလာ အောင် ကျွန်တော်တို့ ကြိုးစားရပါမည်။ သို့မှသာ           ရာဇဝတ်မှုခင်းများလည်း ကျဆင်းလာပြီး  အေးချမ်းသာယာသည့် လူ့အဖွဲ့အစည်းကို      ကျွန်တော်တို့ တည်ဆောက်နိုင်ပါမည်။        ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိသည့်  ဆွေမျိုးများမှစ၍ လူအများကို အသိပညာ၊  အတတ်ပညာ တိုးလာအောင် ကူညီထောက်ပံ့ရပါမည်။


ပညာရေးသာလျှင်   ဆင်းရဲတွင်းက လွတ်မြောက်နိုင်ပါသည်။   ထို့အတွက် ကြောင့်    နိုင်ငံတော်တော်များများတွင် အလယ်တန်းပညာရေးအထိကို မသင် မနေရ   ပညာရေးအဖြစ်   သတ်မှတ်ထား ပါသည်။      ကျွန်တော်တို့နိုင်ငံတွင် အလယ်တန်းကျောင်းများသည်    အခမဲ့ ပညာရေး ဖြစ်ပါသည်။ အခမဲ့ပေးခြင်း သည် ကောင်းပါသည်။   အခမဲ့သင်ပေး သော်လည်း    ကျောင်းသားများသည် ကျောင်းမလာဘဲ    အလုပ်ခွင်ထဲရောက် နေလျှင်     ရည်ရွယ်ချက်ကောင်းသော် လည်း အဖြေမကောင်းနိုင်ပါ။ ကလေး လူငယ်တိုင်း       အလယ်တန်းပညာ သင် ကြားခွင့်ရရန်     ကလေးသူငယ်ခိုင်းစေ ခြင်းကို     ဥပဒေများဖြင့်   တားဆီးပြီး ချိုးဖောက်သူများကို   တင်းတင်းကျပ်ကျပ် အရေးယူရပါမည်။    မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိ၍ ရွာတိုင်းတွင် အလယ်တန်းကျောင်းရှိရန် မဖြစ်နိုင်ပါ။   အလယ်တန်းကျောင်းနှင့် ဝေးသည့်   ကျေးလက်တောရွာတွင်  နေ သည့် ကျောင်းသားများအတွက် မြို့ပေါ်ရှိ အလယ်တန်းကျောင်းများတွင်  ကျောင်း အိပ်ကျောင်းစား  အခမဲ့တက်ခွင့်ရအောင် နိုင်ငံတော်အစိုးရက     စီစဉ်ပေးသင့်ပါ သည်။ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်းရှိ သော သားသမီးကို ကျောင်းသို့  လွှတ် သည့် အမေမုဆိုးမကို နိုင်ငံတော်အစိုးရ က ကရုဏာကြေး ထုတ်ပေးသင့်ပါသည်။ ဤကဲ့သို့ အစီအစဉ်များကိုစီမံကိန်းချပြီး ဆောင်ရွက်မှသာ  ကျွန်တော်တို့နိုင်ငံတွင် ကလေးအလုပ်သမားများ ပပျောက်ပြီး ပညာတတ်သည့် လူ့အဖွဲ့အစည်း၊ အသိ ပညာ    ပြည့်ဝသည့်   လူ့အဖွဲ့အစည်း၊ ယဉ်ကျေးပြီး ကျင့်ဝတ်များကို လိုက်နာ သည့်  လူ့အဖွဲ့အစည်း၊ တစ်ယောက်အပေါ် တစ်ယောက်စာနာသည့် လူ့အဖွဲ့အစည်း၊   ရာဇဝတ်မှုလုပ်ရမှာကို    ရှက်ကြောက် သည့် လူ့အဖွဲ့အစည်း ဖြစ်လာမည်။


နိဂုံးချုပ်အနေဖြင့် ဆွေမျိုးများ ဖြစ် သော တိုင်းရင်းသားညီအစ်ကို အချင်း ချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် တစ်ဦးနှင့် တစ်ဦးပေးကမ်းထောက်ပံ့ခြင်းများ ပြုလုပ် မှသာ  ချမ်းသာကြွယ်ဝပြီး  သာယာငြိမ်း ချမ်းသော    နိုင်ငံတော်ကို တည်ဆောက် နိုင်ပါမည်။   ပြည်သူတစ်ဦးချင်း အနေဖြင့် လည်း “ဉာတကာနဉ္စသင်္ဂဟော” ကို လိုက် နာကျင့်ကြံမှသာ မင်္ဂလာတရားတော်နှင့် အညီ   ချမ်းသာအောင်မြင်ပါမည်။
 

“မှတ်သားစရာ”
 

မိမိနေထိုင်သည့်အရပ်၊    နိုင်ငံတွင် ရှိသောသူများသည် ဆွေမျိုးများ  ဖြစ်ပါ သည်။
နည်းလမ်းမှန်စွာ         ထောက်ပံ့ ပေးကမ်းမှသာလျှင်  ရေရှည်အကျိုးများ ပါမည်။