
ရန်ကုန် မေ ၁၁
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ကို မေ ၁၁ ရက်က ဆက်လက်ကျင်းပခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရ သည့်အသင်းများ စုံလင်စွာ ထွက်ပေါ်လာပြီဖြစ်သည်။
အုပ်စု (ခ) နောက်ဆုံးနေ့တွင် မလေးရှားအသင်းက စင်ကာပူ အသင်းကို ခုနစ်ဂိုးပြတ်အနိုင်ရပြီး ထိုင်းနှင့် ဗီယက်နမ်အသင်း တစ်ဂိုးစီသရေကျခဲ့သည်။ အုပ်စု (ခ) တွင် ဆီမီးဖိုင်နယ် တက်ရောက် မည့် နှစ်သင်းမှာ စတုတ္ထနေ့ပွဲပြီး ကတည်းက ထွက်ပေါ်ခဲ့ပြီး ထိုင်း နှင့် ဗီယက်နမ်အသင်းမှာ အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ရ ခြင်း ဖြစ်သည်။ တစ်ဂိုးစီသရေကျခဲ့ သဖြင့် နှစ်သင်းစလုံး သုံးပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ် ၁၀ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြား ချက်ဖြင့် ထိုင်းအသင်းက အုပ်စု ပထမ၊ ဗီယက်နမ်အသင်းက အုပ်စုဒုတိယနေရာရရှိကာ ဆီမီး ဖိုင်နယ် တက်ရောက်ခဲ့သည်။ အုပ်စု (က)ပွဲစဉ်များမှာ မေ ၁၀ ရက် က ပြီးဆုံးခဲ့ပြီး ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမည့် အသင်းများထွက်ပေါ် လာပြီဖြစ်ကာ မြန်မာအသင်း သည်နာမည်ကြီး ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၃ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်သည်။ ညီမြတ်သော်တာ