
နေပြည်တော် မေ ၅
(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ ကို မေ ၆ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လက်ရှိ ချန်ပီယံ ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုဒုတိယနေ့တွင် အုပ်စု လေးပွဲကျင်းပမည်ဖြစ်ပြီး ဆီမီး ဖိုင်နယ် တက်ရောက်နိုင်သည့်အသင်းများ၊ တက်ရောက်ခွင့်ရရန် အခြေအနေ ကောင်းမည့် အသင်းများလည်း ထွက်ပေါ်လာနိုင်သည်။ ယနေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် မြန်မာနှင့် ဗီယက်နမ်၊ လာအိုအသင်းနှင့် ထိုင်းအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ဖိလစ်ပိုင်နှင့် မလေးရှား၊ အိမ်ရှင်ကမ္ဘောဒီးယားနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက် ရေး အဓိကပြိုင်ဘက် နှစ်သင်းဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် စတင်ကစားရခြင်းဖြစ်ပြီး ဖိလစ်ပိုင်ကို အနိုင်ယူပြီးဖြစ်ရာ ဗီယက်နမ် ထံမှ အမှတ်ထပ်မံရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာအသင်း သည် နောက်ဆုံးပွဲအဖြစ် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်ရာ ဗီယက်နမ်နှင့်ပွဲတွင် အမှတ်ရယူနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။
အုပ်စုပထမပွဲ ကစားအပြီးတွင် အုပ်စု (က)၌ ဗီယက်နမ်နှင့် မြန်မာ အသင်းက သုံးမှတ်စီရရှိထားပြီး ဖိလစ်ပိုင်နှင့် မလေးရှားအသင်းက အမှတ်မရသေးပေ။ အုပ်စု(ခ)၌ ထိုင်းနှင့် ကမ္ဘောဒီးယားအသင်းက သုံးမှတ်စီ ရထားပြီး လာအိုနှင့် စင်ကာပူအသင်းက အမှတ်မရ သေးပေ။
ရဲရင့်လွင်